ရန်ကုန်ဈေးကွက်သို့အသစ်ဝင်ရောက်လာသော ငရုတ်သီး လက်ကားဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်ရှိ
- Wed, 5 April 2023
မကြာသေးမီကာလအတွင်း မြစ်ဝကျွန်းပေါ်ဒေသမှ ငရုတ်ရှည်သီးအသစ်များ ရန်ကုန် ဈေးကွက်သို့ ဝင်ရောက်လာပြီး၊ လက်ကားဈေးနှုန်း တစ်ပိဿာလျှင် ငွေကျပ် (၁၀၀၀၀) နှုန်းဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
မြစ်ဝကျွန်းပေါ်ဒေသမှ ငရုတ်ပွသီးအသစ်များအပြင် ဝါးခယ်မ၊ ရွှေလောင်း၊ ပန်းတ နော် နှင့် အိမ်မဲဒေသများမှ ငရုတ်ရှည်သီးများနှင့် ရွှေလောင်း၊ ချောင်းဖျား၊ လေးအိမ်စုနှင့် မအူပင်ဒေသတို့မှ မိုးထောင်ငရုတ်သီးအသစ်များ ဒေသတွင်း ဈေးကွက်များအပြင် ရန်ကုန် ဈေးကွက်သို့လည်း ဝင်ရောက်လာကြောင်း သိရှိရပါသည်။
အအေးခန်းသိုလှောင်မှု မရှိသောကာလများတွင် ငရုတ်သီးများကို အိုးများ နှင့် စည် များတွင် သိမ်းဆည်းထားခြင်းဖြင့် ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချချိန်တွင် အရည်အသွေး ထိခိုက်မှု မရှိစေရကြောင်း သိရှိရပါသည်။
ရန်ကုန်စက်မှုဇုန်များတွင် အအေးခန်းသိုလှောင်ရုံများ ပေါ်ပေါက်လာသည့်အခါ ရေထွက်ကုန်စည်များသာမက သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ငရုတ်သီးများကိုပါ အဆိုပါ အအေးခန်းသိုလှောင်ရုံများ၌ သိုလှောင်ထားကြပါသည်။ ငရုတ်သီးအအေးခန်း သိုလှောင်ရုံ အချို့သည် ငရုတ်သီး (၂၀) ပိဿာဝင် အိတ်သောင်းပေါင်းများစွာကို သိမ်းဆည်းထား နိုင်ပါ သည်။ ငရုတ်သီး အအေးခန်းသိုလှောင်ခနှုန်းထားမှာ တစ်ပိဿာလျှင် (၇၅)ကျပ်ဝန်းကျင် ဖြစ်ပြီး၊ မြစ်ဝကျွန်းပေါ် ငရုတ်ရှည်သီးအသစ်များ ထွက်ရှိလာသည့်ရာသီချိန်မှာ ရန်ကုန်မြို့ရှိ ငရုတ်သီးသိုလှောင်သည့် အအေးအခန်းအများစုသည်လည်း ငရုတ်သီးများဖြင့် ပြည့်လုနီးပါး ဖြစ်နေကြောင်း ဘုရင့်နောင်ဈေးကွက်ရှိ ငရုတ်သီးကုန်စည်ဒိုင် အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားထားပါသည်။
အအေးခန်းတွင် သိုလှောင်ရန်အတွက် ငရုတ်သီးဝယ်စျေးမှာ ငရုတ်အအေးခန်း သိုလှောင်စ ရောင်းဈေးနှုန်း၏ သုံးပုံတစ်ပုံ (၃၀%) သာရှိပြီး၊ (၂၀၂၂)ခုနှစ်တွင် ငရုတ်သီး အအေးခန်းသိုလှောင်မှုမှ ရရှိသောအမြတ်ငွေသည် စံချိန်သစ်တင် လာခဲ့ပါသည်။
ငရုတ်သီးများသာမက ဆန်၊ စားအုန်းဆီ၊ မြေပဲဆီ၊ ကြက်သွန်နီနှင့် သကြား ဈေးနှုန်းများသည် ရန်ကုန်ကုန်စည်ဈေးကွက် သက်တမ်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ မြင့်တက်ခဲ့သောကြောင့် (၂၀၂၂) တွင်၎င်းကုန်စည်များကိုသိုလှောင်ထားသူများသည် မကြုံ စဖူးသော အမြတ်အစွန်းများဖြင့် ရိတ်သိမ်းနိုင်ခဲ့ကြောင်းကို (၃၁-၃-၂၀၂၃) ရက်နေ့ထုတ် Global New Light Of Myanmar သတင်းအရ သိရှိရပါသည်။
Source https://cdn.myanmarseo.com/file/client-cdn/gnlm/wp-content/uploads/2023/03/31_March_23_gnlm.pdf
တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ဧပြီလ (၅) ရက်
စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန