သင်္ကြန်အကြို ရုံးပိတ်ရက်များတွင် မန္တလေးဈေးကွက်၌ နေကြာစေ့ ဝင်ရောက်မှုမြင့်တက်
- Wed, 5 April 2023
မြန်မာနှစ်သစ်ကူး သင်္ကြန်ပိတ်ရက်ရှည်များမတိုင်မီ မတ်လနှောင်းပိုင်းတွင် မန္တလေး ဈေးကွက်သို့ နေကြာစေ့ဝင်ရောက်မှုများ မြင့်တက်လာသည်ဟု ကုန်သည်များက ပြောကြား ပါသည်။
နေကြာစေ့များသည် မန္တလေး နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အဓိကထွက်ရှိ ပါသည်။ ယခုနှစ်တွင် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် (၆၀,၀၀၀)မှ ငွေကျပ် (၁၀၀,၀၀၀) အထိ စျေးတက်ခဲ့ကြောင်း မန္တလေးမြို့ရှိ စိုးဝင်းမြင့်အရောင်းဆိုင်ပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြော ကြားပါသည်။
ယခင်က နေကြာကို သီးညှပ်စိုက်ပျိုးကြပါသည်။ ယခုအခါ နေကြာခင်း ဧကများစွာ ကို တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင်တွေ့လာရပြီး စိုက်ပျိုးစရိတ် သက်သာသောကြောင့် စိုက်ပျိုး သူများအနေဖြင့်လည်း ဝန်ထုပ်ဝန်ပိုးမရှိပါ။ စားအုန်းဆီတင်သွင်းမှုမှ ကုန်ကျသော နိုင်ငံခြား ငွေများကို လျှော့ချနိုင်မည်ဖြစ်သောကြောင့် စိုက်ပျိုးသူများအား နေကြာသီးနှံ ပြောင်းလဲ စိုက်ပျိုးရန် နိုင်ငံတော်က တိုက်တွန်းထားပါသည်။
ယခုနှစ်တွင် ကချင်ပြည်နယ်မှ နေကြာများသည် ဈေးကွက်သို့ အံ့အားသင့်ဖွယ် ဝင်ရောက်လာကြောင်း၊ နေကြာဆီသည် ကျန်းမာရေးအတွက် ကောင်းမွန်ကြောင်း၊ ပြည်တွင်း တွင် ထုတ်လုပ်ထားခြင်းဖြစ်သည့်အတွက် ဈေးနှုန်းလည်းသက်သာကြောင်း၊ နေကြာစေ့ကို အစားအစာအဖြစ် အသုံးပြုနိုင်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် နေကြာကို ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုးပါက စားသုံးဆီ ဖူလုံရန်အတွက် အထောက်အကူဖြစ်စေနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားပါသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးသည့် နေကြာအမျိုးအစား နှစ်မျိုးရှိပြီး ဆီနေကြာများကို ဧရာဝတီမြစ်ကမ်းတစ်လျှောက် အများဆုံးစိုက်ပျိုးကြပြီး တောင်ကြီးနှင့် အောင်ပန်းဒေသ များတွင် နေကြာစေ့လှော်သော နေကြာမျိုးများ အများဆုံးစိုက်ပျိုးပြီး ၎င်းနေကြာစေ့လှော် များကို နိုင်ငံတစ်ဝှမ်းတွင် တွေ့ရှိရကြောင်း (၁. ၄. ၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်သည့် Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်။
Source https://www.gnlm.com.mm/sunflower-seeds-flooding-mandalay-market-in-pre-thingyan-holidays/
တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဧပြီလ(၅) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန