ဆန်တင်သွင်းမှုစာချုပ်ကို တစ်ဖက်သတ်ဖျက်သိမ်း၍မရကြောင်း စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ဒုတိယဝန်ကြီးမှပြောကြား
- Thu, 23 March 2023
Padiberas Nasional Berhad (Bernas)က အကောင်အထည်ဖော်ရန် သဘောတူ ထားသည့် လူမှုရေးဆိုင်ရာတာဝန်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်သောကြောင့် နိုင်ငံ တွင်းသို့ ဆန်တင်သွင်းရန်စာချုပ်ကို အစိုးရက တစ်ဖက်သတ်ဖျက်သိမ်း၍မရနိုင်ဟု Dewan Rakyat က မတ်လ(၁၅)ရက်နေ့၌ ထုတ်ပြန်ပြောကြားခဲ့ပါသည်။
စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာဖူလုံရေး ဒုတိယဝန်ကြီးဖြစ်သူ Chan Foong Hin က မလေးရှားနိုင်ငံ၏ အဓိကဆန်တင်သွင်းသူဖြစ်သည့် Bernas ကုမ္ပဏီအနေဖြင့် အစိုးရထံမှ ထောက်ပံ့ကြေးတစ်စုံတစ်ရာမယူဘဲ လူမှုရေးဆိုင်ရာ တာဝန်(၁၀)ချက်ကို ဖြည့်ဆည်းရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါတာဝန်များတွင် နိုင်ငံ၏ ဆန်စပါးလက်ကျန်ကို စီမံခန့်ခွဲခြင်း၊ ဈေးနှုန်းနိမ့်ကျ နေချိန်အထိ ဝယ်ယူပေးခြင်း၊ ဆန်စက်များ၏ အစီအစဉ်ကဲ့သို့သော ထောက်ပံ့ငွေများ ပြန်ဆပ် ရာတွင် စပါးဈေးနှုန်းကို ထိန်းညှိပေးခြင်း၊ Bumiputera လက်ကားရောင်းချသူများနှင့် တောင်သူ များ၏ သမဝါယမစနစ်များကို စီမံခန့်ခွဲခြင်းတို့ ပါဝင်ပါသည်။
ထို့အပြင် Bernas သည် စက်ယန္တရားများထောက်ပံ့ရေး၊ အကြီးစားလယ်ကွက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပါးမျိုးစေ့သိုလှောင်ခြင်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး၊ စပါးစိုက်ပျိုးရေး ဆိုင်ရာ သဘာဝဘေးအန္တရာယ်အတွက် ရန်ပုံငွေအကူအညီနှင့် သတင်းအချက်အလက်စနစ်များ အပါအဝင် အစီအစဉ်များစွာအတွက် ခွဲဝေတာဝန်ယူပေးရန်လည်း လိုအပ်ပါသည်။
တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဤတာဝန်များအားလုံး အကောင်အထည် ဖော်ရန်အတွက် Bernas မှ တာဝန်ယူရန်လိုအပ်ပြီး ကုန်ကျစရိတ်မှာ ရင်းဂစ်(၃.၂၂)ဘီလီယံ ဖြစ်ပါသည်။ ၎င်းအနက် ရင်းဂစ်(၁.၈၅)ဘီလီယံသည် တောင်သူများအတွက်ဆောင်ရွက်ရန် ဖြစ်ပြီး ရင်းဂစ်(၁.၃၇)ဘီလီယံသည် စက်မှုလုပ်ငန်းများ နှင့် စားသုံးသူများအတွက် ဆောင် ရွက်ရန် ဖြစ်ပါသည်။
ထို့အပြင် Bernas မှ ယခုအခါ ရင်းဂစ်(၆၀)မီလီယံကို ငွေသားထည့်ဝင်ပြီးဖြစ်ရာ ယခုနှစ် ဆန်တင်သွင်းမှုမှ ရရှိမည့် အသားတင်အမြတ်၏(၃၀%)ကို တောင်သူများထံ မျှဝေပေးမည်ဖြစ်ကြောင်း ဝန်ကြီးဌာနကိုယ်စား ကော်မတီအဆင့် ဆွေးနွေးမှုအပြီးတွင် ၎င်းက ပြောကြားခဲ့ ပါသည်။
အစောပိုင်းတွင် ပါတီအများအပြားသည် နိုင်ငံ၏ တစ်ဦးတည်းဆန်တင်သွင်းသူအဖြစ် Bernas ၏ အခွင့်ထူးခံကာလကို သက်တမ်းတိုးခြင်းအပေါ် မေးခွန်းထုတ်ခဲ့ကြသော်လည်း ကုန်စည်တည်ငြိမ်မှုနှင့် ထိန်းချုပ်မှုအောက်တွင် ရှိနေစေရန်လိုအပ်ကြောင်း အစိုးရက အလေး ပေး ပြောကြားခဲ့ပါသည်။
(၂၀၂၃)ဘတ်ဂျက်အရ ဝန်ကြီးဌာနအတွက် ရင်းဂစ်(၃.၇)ဘီလီယံ ခွဲဝေသတ်မှတ်မှုကို အစိုးရနှင့် အတိုက်အခံအမတ် (၂၁)ဦးတို့က အခြေအတင်ဆွေးနွေးပြီးနောက် ကော်မတီ အဆင့်တွင် မဲအများစုဖြင့် အတည်ပြုခဲ့ကြောင်း (၁၅.၃.၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော The Star သတင်းဆောင်းပါး အရ သိရှိရပါသည်။
Source https://www.thestar.com.my/news/nation/2023/03/15/rice-import-contract-cannot-be-cancelled-unilaterally-agriculture-and-food-security-deputy-minister
တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ မတ်လ(၂၂) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန