အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ဝယ်လိုအား မြင့်မားမှုကြောင့် မတ်ပဲ၊ ပဲစင်းငုံဈေးနှုန်းများ မြင့်တက်

  • Wed, 22 March 2023

အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ဝယ်လိုအား မြင့်မားမှုကြောင့်  မတ်ပဲ၊ ပဲစင်းငုံဈေးနှုန်းများ မြင့်တက်


မတ်ပဲ နှင့် ပဲစင်းငုံဈေးနှုန်းများ ဆက်တိုက်မြင့်တက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်) မှ သိရှိရပါသည်။

မတ်လ (၁)ရက်နေ့တွင် ပဲစင်းငုံ (၁)တန်ဈေးနှုန်း (၂,၁၆၀,၀၀၀)ကျပ်နှင့် မတ်ပဲ (၁)တန်ဈေးနှုန်း (၁,၈၅၈,၅၀၀)ကျပ် ပေါက်ဈေးရှိခဲ့ပြီး ပြည်တွင်းဈေးကွက်တွင် (၃)ပတ် အတွင်း ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။ လက်ရှိပေါက်ဈေးများမှာ ပဲစင်းငုံ (၁)တန်လျှင် ငွေကျပ်(၂,၂၅၇,၅၀၀) နှင့် မတ်ပဲ (၁)တန်လျှင် ငွေကျပ်(၁,၉၈၅,၀၀၀) ဖြစ်သည်။ (၂)ပတ် အတွင်း ပဲစင်းငုံ (၁)တန်လျှင် (၉၇၅၀၀)ကျပ်နှင့် မတ်ပဲ (၁)တန်လျှင် (၁၂၆,၅၀၀)ကျပ် တိုးလာကြောင်း ကိန်းဂဏန်းများအရ သိရသည်။

စျေးနှုန်းမြင့်တက်လာမှုသည် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့၏ ဝယ်လိုအား မြင့်မားမှု ကြောင့်ဖြစ်သည်ဟု  ယူဆရကြောင်း၊ ထို့အပြင် ကုန်သည်များကလည်း သိုလှောင်လက် ဖြစ်သော မတ်ပဲကို ဈေးနှုန်းမြှင့်လိုက်ပြီး ပဲစင်းငုံမှာလည်း လက်ကျန်နည်းနေသဖြင့် ဈေးနှုန်းကို မြှင့်၍ရောင်းချခဲ့ကြောင်း သိရှိရပါသည်၊၊ လက်ရှိ ဘဏ္ဍာရေးနှစ်တွင် ပြီးခဲ့သည့် (၁၁)လတာကာလအတွင်း ပဲမျိုးစုံတင်ပို့မှု တန်ချိန် (၁.၆)သန်းကျော်မှ အမေရိကန်ဒေါ်လာ (၁.၂)ဘီလီယံကျော် ရရှိခဲ့ကြောင်း၊ ၎င်းတို့အနက် မတ်ပဲတင်ပို့မှု (၆၀၈,၆၇၃.၈၁၉)ကီလိုဂရမ်မှ အမေရိကန်ဒေါ်လာ (၄၉၉.၄၉)သန်းရရှိခဲ့ပြီး ပဲစင်းငုံ (၂၀၂,၅၅၇.၃၅)ကီလိုဂရမ် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁၅၇.၉၀၉)သန်း ရရှိခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရှိရသည်။

မြန်မာနိုင်ငံအနေဖြင့် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့ကို အဓိကတင်ပို့ခဲ့သည့်အနက် မတ်ပဲ နှင့် ပဲစင်းငုံကို အိန္ဒိယသို့ အဓိကတင်ပို့လျက်ရှိပြီး ပဲတီစိမ်းကို တရုတ် နှင့် ဥရောပသို့ တင်ပို့လျက်ရှိပါသည်။

အိန္ဒိယတွင် မတ်ပဲနှင့်ပဲစင်းငုံအတွက် စားသုံးမှုလိုအပ်ချက် မြင့်မားလျက်ရှိပြီး ဝယ်လို အားလည်း တိုးတက်လာနေပါသည်၊၊ (၂၀၂၂)ခုနှစ်၊ ဇွန်လ (၁၈)ရက်နေ့တွင် လက်မှတ်ရေးထိုး ခဲ့သည့် မြန်မာနှင့်အိန္ဒိယ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာအရ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ မှ မတ်ပဲတန်ချိန် (၂၅၀,၀၀၀)နှင့် ပဲစင်းငုံတန်ချိန် (၁)သိန်းကို (၂၀၂၁-၂၀၂၂) မှ (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်အထိ (၅)နှစ်ဆက်တိုက် တင်သွင်းသွားမည်ဖြစ်သည်။  ဤ(G-to-G)စာချုပ်သည် အိန္ဒိယမှ သတ်မှတ်ထားသော ပဲမျိုးစုံ၏ နှစ်စဉ်ခွဲတမ်းအပေါ် သက်ရောက်မှု ရှိမည်မဟုတ်ပါ။ မြန်မာနိုင်ငံမှ ပဲမျိုးစုံ တင်ပို့သူများအနေဖြင့် အဆိုပါနှစ်စဉ်ခွဲတမ်းအရ အိန္ဒိယနိုင်ငံသို့ ပဲမျိုးစုံ တင်ပို့ခွင့် ရရှိမည်ဖြစ်သည်၊၊

မြန်မာနိုင်ငံသည် နှစ်စဉ်မတ်ပဲတန်ချိန် (၄၀၀,၀၀၀)ခန့်နှင့် ပဲစင်းငုံတန်ချိန် (၅၀,၀၀၀) ခန့် ထုတ်လုပ်လျက်ရှိသည်။ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အဓိက ဝယ်လိုအားဖြစ်သော မတ်ပဲကို ထိပ်တန်းထုတ်လုပ်လျက်ရှိသည့် နိုင်ငံဖြစ်ကြောင်း၊ ပဲစင်းငုံ၊ ပဲတီစိမ်း နှင့် ကုလားပဲကို မြန်မာနိုင်ငံအပြင် သြစတြေးလျနှင့် အာဖရိကနိုင်ငံများတွင် စိုက်ပျိုးလျက်ရှိကြောင်း (၁၇.၃.၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global New Light of Myanmar သတင်း ဆောင်းပါးအရ သိရှိရပါသည်၊၊

Source    https://www.gnlm.com.mm/prices-of-black-gram-pigeon-pea-on-upward-trajectory-amid-high-demand-from-india-china/#article-title
တင်ပြသူ    ဒေါ်ဥမ္မာထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ခုနှစ်၊ မတ်လ (၂၂)ရက်
စစ်ဆေးသူ    ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု- ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ