ပြည်ပသို့တင်ပို့မည့်မျောက်ဥများ လတ်ဆတ်ရန်လိုအပ်
- Thu, 16 March 2023
မျောက်ဥများ ပြည်ပသို့တင်ပို့ရာတွင် နိုင်ငံတကာဈေးကွက်၌ ဈေးကွက်ဝင်ရောင်းပန်းလှစေရန် အတွက် လတ်ဆတ်ပြီး ကောင်းစွာရင့်မှည့်သင့်ကြောင်း Abuja ရှိ Nigeria Agricultural Quarantine Service (NAQS) က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါသည်။
ပြည်ပပို့ကုန် သီးနှံများအတွက် သတ်မှတ်စံနှုန်းများကို တိကျစွာ လိုက်နာစောင့်ထိန်းရန် လိုအပ်ကြောင်းကိုလည်း NAQS မှ ထည့်သွင်းပြောကြားခဲ့ပါသည်။
NAQS မှ ပိုးမွှားထိန်းချုပ်ဌာန၏ လက်ထောက်စာရင်းစစ်ချုပ်မှူးဖြစ်သူ Shakiru Kazeem ကမူ မျောက်ဥအား ပို့ကုန်သီးနှံအဖြစ် ပြန်လည်သတ်မှတ်ပေးခြင်းနှင့်စပ်လျဉ်း၍ Abuja ရှိ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု၌ တင်ပြခဲ့ပါသည်။
၎င်း၏အဆိုအရ ရွေးချယ်ထားသော လတ်ဆတ်သည့်မျောက်ဥများသည် အမြစ်မွှေးများ၊ အဖု အပိန့်/အစက်အပြောက်များ၊ ပိုးသတ်ဆေးအကြွင်းအကျန်များ စသည်တို့မရှိစေပဲ သန့်သန့် ရှင်းရှင်းရှိရမည့်အပြင် အရောင်အဆင်းလှကာ အတန်အသင့်ဖြောင့်စင်းပြီး အလယ်အလတ် အရွယ်အစား (၁.၅-၂ ကီလိုဂရမ်) ရှိရမည်ဖြစ်ကြောင်း၊ ပြည်ပသို့တင်ပို့သော မျောက်ဥ၏ အရည်အသွေးအား နိုင်ငံတကာမှ လက်ခံနိုင်စေရန် မျောက်ဥအပါအဝင် ပြည်ပပို့ကုန်သီးနှံများ အတွက် သတ်မှတ်စံနှုန်းများကို သက်ဆိုင်သူများ အနေဖြင့် လိုက်နာရန် လိုအပ်ကြောင်း၊ မျောက်ဥလုပ်ငန်းတိုးတက်စေရန်အတွက် နိုင်ဂျီးရီးယားတွင် မျောက်ဥစိုက်ပျိုးထုတ်လုပ်ရန် မြေဧရိယာ နှင့် လုပ်သားအင်အားရရှိရန် လိုအပ်သည့်အပြင် လယ်ယာထွက်ကုန်များ ပြည်ပသို့ တင်ပို့နိုင်ရေးအတွက် အစိုးရ၏ ပံ့ပိုးကူညီမှုများရှိသင့်ကြောင်း၊ မျောက်ဥတင်ပို့ခြင်း၊ မျောက်ဥ ရောင်းချသူများနှင့် မျောက်ဥစိုက်တောင်သူများအတွက် စျေးကွက်ရှိသင့်ကြောင်း Kazeem မှ ပြောကြားခဲ့ပါသည်။
ဂါနာနိုင်ငံ၏ မျောက်ဥထုတ်လုပ်မှုတွင် တူညီမှုရှိခြင်း (အမျိုးအစားတူညီခြင်းအရွယ်အစားတူညီခြင်း)၊ မာကျောပြီး သိသာထင်ရှားသော အပြစ်အနာအဆာကင်းခြင်း၊ အခြားထုတ်ကုန်များကြားတွင် ချောမွေ့ပြီး သင့်တင့်သောဖြောင့်စင်းမှုပုံစံရှိရန်လိုကြောင်း ရှင်းပြခဲ့ပါသည်။ မျောက်ဥကို ပြုပြင်ပြီးနှင့် မပြုပြင်ရသေးသော (tuber) ပုံစံနှစ်မျိုးဖြင့် တင်ပို့နိုင်ကြောင်း Kazeem မှ ပြောကြားခဲ့ပါသည်။ သက်ဆိုင်သူများအား သမဝါယမအဖွဲ့များဖွဲ့ကာ ညီတူညီမျှ လက်တွဲလုပ်ဆောင်ရန် တိုက်တွန်းခဲ့ပါသည်။
Kazeem က မျောက်ဥကို ပို့ကုန်သီးနှံအဖြစ် ပြန်လည်သတ်မှတ်ရာတွင် သက်ဆိုင်သူများသည် ပြည်ပတင်ပို့နိုင်သော မျောက်ဥထုတ်လုပ်မှုအတွက် အလားအလာရှိသော တောင်သူများနှင့် ရောင်းချသူများကို ဖော်ထုတ်သင့်ကြောင်း ပြောကြားခဲ့ပါသည်။
စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများကို အခကြေးငွေဖြင့် ပြုပြင်ထုတ်လုပ်သည့် အများပိုင် စက်ရုံကို တည်ထောင်ရန်လည်း ၎င်းကတိုက်တွန်းခဲ့ပါသည်။ “လယ်ယာလုပ်ငန်းသည် စီးပွားရေးဖြစ်သည်”ဟုဆိုသည့် ပိုးမွှားထိမ်းချုပ်အရာရှိက မျောက်ဥတန်ဖိုးကွင်းဆက်ရှိ သက်ဆိုင်သူများအား ပို့ကုန်နှင့်ပတ်သက်သည့် စည်းမျဉ်း များကို နားလည် လိုက်နာရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့ကြောင့် Kazeem သည် စိုက်ပျိုးရေးဆိုင်ရာ ပို့ကုန်ပြဿနာများနှင့်ပတ်သက်၍ NAQS သို့ ဆက်သွယ်ချဉ်းကပ်ရန် မျောက်ဥထုတ်လုပ်မှုနှင့် သက်ဆိုင်သူများအား တောင်းဆိုထား ပါသည်။
မျောက်ဥ သို့မဟုတ် အခြားကုန်စည်များ မတင်ပို့မီတွင် လုပ်ထုံးလုပ်နည်းများနှင့် လိုအပ်ချက် အချို့ရှိနေကြောင်း ၎င်းက ပြောပါသည်။
ဝန်ဆောင်မှုသည် နိုင်ဂျီးရီးယားရှိ နိုင်ငံနေရာအနှံ့တွင်ရှိနေပြီး မည်သည့် စိုက်ပျိုးရေး ကုန်စည်မဆို NAQS လုပ်ထုံးလုပ်နည်းများကို ဖြတ်သန်းရပါမည်။
လတ်ဆတ်သည့်မျောက်ဥများသည် အပြည့်အဝရင့်မှည့်ရန်လိုကြောင်း၊ ၎င်းကို သေချာဂရုစိုက်စောင့်ကြည့်သင့်ကြောင်း၊ ဒေသန္တရနည်းများဖြင့် စနစ်တကျသိုလှောင်ထားသင့် ကြောင်း၊ မပျက်စီးပဲ ကြာရှည်ခံဖို့လိုအပ်ကြောင်း နှင့် သေချာထုတ်ပိုးသင့်ကြောင်း (၉.၃.၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Bussiness Day သတင်းဆောင်းပါးအရ သိရှိရပါသည်။
Source https://businessday.ng/news/article/why-yam-tubers-for-export-should-be-fresh-quarantine-service/
တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ မတ်လ(၁၁) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန