တရုတ်နိုင်ငံ၏ ပြန်လည်တင်ပို့ခွင့်ပြုခြင်းသည် ဗီယက်နမ် ပို့ကုန်လုပ်ငန်းရှင်များအတွက် သတင်းကောင်းဖြစ်
- Thu, 16 March 2023
တရုတ်နိုင်ငံ၏ COVID-19 ကန့်သတ်ချက်များအား ရုတ်သိမ်းကာ ပြန်လည်ဖွင့်လှစ် ပေးသည့်အတွက် ဗီယက်နမ်နိုင်ငံသည် စိုက်ပျိုးရေး နှင့် ရေထွက်ကုန်ပစ္စည်းများအား များစွာ တိုးမြှင့် တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း စိုက်ပျိုးရေး နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Tran Thanh Nam က ပြောကြားခဲ့ပါသည်။
မကြာသေးမီကပြုလုပ်သည့် ကုန်သွယ်မှုမြှင့်တင်ရေးဖိုရမ်၌ တရုတ်နိုင်ငံမှ ၎င်းတို့၏ COVID-19 ပိတ်ဆို့မှုများကို ဖျက်သိမ်းလိုက်ခြင်းသည် နှစ်နိုင်ငံကုန်သွယ်မှုအတွက် ကြီးမားသည့် တွန်းအား တစ်ရပ်ဖြစ်စေသည့်အတွက် ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံသို့ ဗီယက်နမ်နိုင်ငံ၏ တင်ပို့မှုသည် လစဉ်တင်ပို့မှုထက်(၃၃%)မြင့်တက်လာခဲ့ကြောင်း၊ ပိတ်ဆို့မှုအား ပြန်လည်ဖွင့်လှစ်သည့် သတင်း ကောင်းကိုကြားသိရပြီးနောက် Mong Cai-Dongxing နယ်စပ်ဂိတ်ကို ချက်ချင်းပြန်လည် ဖွင့်လှစ်ခဲ့သဖြင့် ကုန်သည်အများအပြားသည် တရုတ်ကုန်သွယ်ဖက်များကို ရှာဖွေရန် အတွက် နယ်စပ်ဂိတ်ဝသို့ ရောက်ရှိလာခဲ့ကြကြောင်း၊ ၎င်းဂိတ်သည် ဗီယက်နမ်နိုင်ငံရှိ Quang Ninh ပြည်နယ် နှင့် တရုတ်နိုင်ငံရှိ Guangxi ပြည်နယ်တို့ ကူးသန်းရောင်းဝယ်ရေးအတွက် ချိတ်ဆက်ထားသဖြင့် နှစ်နိုင်ငံကုန်သွယ်မှုအတွက် ထင်ရှားသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ တရုတ်နိုင်ငံသည် တတိယမြောက်အကြီးဆုံး ဗီယက်နမ်ပင်လယ်စာတင်သွင်းသူ ဖြစ်သည့်အပြင် နှစ်စဉ်ငါးစားသုံးမှု၏ (၇၅%)ကို တင်သွင်းလျက်ရှိကြောင်း၊ တာရှည်ခံရန် ပြုပြင်စီစဉ်ထားသော လယ်ယာထွက်ကုန်များနှင့်စပ်လျဉ်း၍ တရုတ်ဈေးကွက်သို့ ဝင်ရောက်လိုသော ဗီယက်နမ်တင်ပို့သူ များသည် စာရွက်စာတမ်း(၂)စောင် လိုအပ်ကြောင်း နှင့် တစ်စောင်အား ဗီယက်နမ်အေဂျင်စီသို့ လွှဲပြောင်းပေးအပ်ရမည်ဖြစ်ပြီး အခြားတစ်စောင်အား တရုတ်အေဂျင်စီသို့ လွှဲပြောင်းပေးရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
သို့သော်လည်း အချို့သော ပို့ကုန်လုပ်ငန်းရှင်များသည် စာရွက်စာတမ်းများကို တရုတ်အေဂျင်စီ ဘက်သို့သာ တင်ပြသောကြောင့် လုပ်ငန်းစဉ်အဆင့်များကို ကျော်သွားသဖြင့် တရုတ်ဘက်မှ တောင်းဆိုလာသည့် တင်ပြချက်စာရွက်စာတမ်းများအား ဗီယက်နမ်ဘက်မှ အတည်ပြုနိုင်ခြင်း မရှိသည့် အခြေအနေသို့ပင် ဦးတည်လာခဲ့ပါသည်။
ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းစဉ်ကို ပြန်လည်လုပ်ဆောင်ရခြင်းမှ ကင်းဝေးစေရန် လုပ်ထုံးလုပ်နည်းများကို တင်းတင်းကျပ်ကျပ် လိုက်နာရန် ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါသည်။ တရုတ်ဈေးကွက်အကြောင်းများကို စိုက်ပျိုးထုတ်လုပ်သူများ ကောင်းစွာသိရှိနားလည်စေရန် အတွက် တာဝန်ပေးအပ်ထားသည့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန်လည်း ၎င်းက အကြံပြုခဲ့ပါသည်။
စိုက်ပျိုးရေး နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန လက်အောက်ရှိ အရည်အသွေး စီမံခန့်ခွဲရေး၊ ပြုပြင်စီမံဆောင်ရွက်ရေး နှင့် စျေးကွက်ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ကိုယ်စားလှယ် တစ်ဦးသည် Quang Ninh အား တရုတ်ကုန်သည်များအတွက် အာရှဈေးကွက်သို့ ဝင်ရောက် နိုင်မည့် ကူးသန်းရောင်းဝယ်ရေးဝင်ပေါက်တစ်ခုအဖြစ် ဖော်ပြခဲ့ပါသည်။
Guangxi ပြည်နယ်သည် ဗီယက်နမ် စိုက်ပျိုးရေး နှင့် ရေထွက်ပစ္စည်းဆိုင်ရာ တင်သွင်းမှုများ၏ အဓိကတင်သွင်းသည့်နေရာတစ်ခုဖြစ်ပြီး ၎င်းဒေသတစ်ခုတည်းသည်ပင် ဗီယက်နမ်နိုင်ငံ ထွက်ကုန်များအား တရုတ်မှတင်သွင်းသည့် တင်သွင်းမှုစုစုပေါင်း၏ (၄၇.၅%)ခန့်ရှိကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုအခြေအနေများကို အပြည့်အဝဆောင်ရွက်နိုင်ရန်အတွက် ကုန်သွယ် မှုမြှင့်တင်ရေးတွင် ဗီယက်နမ်ကုန်ထုတ်လုပ်သူများအပေါ် ပိုမိုအာရုံစိုက်သင့်ကြောင်း ကိုယ်စား လှယ်က တိုက်တွန်းပြောကြားခဲ့ပါသည်။
Guangxi ရှိ ဗီယက်နမ်-တရုတ်စီးပွားရေးအသင်း၏ ဒုတိယဥက္ကဌဖြစ်သူ Van Quang က ၎င်း၏ DongDang စက်မှုရင်းနှီးမြှုပ်နှံမှုကုမ္ပဏီရှိ ဝန်ထမ်းများအား Fangchenggang မြို့ရှိ ဗီယက်နမ် ပင်လယ်စာ ရောင်းဝယ်ရေးစင်တာအတွက် အပြင်းအထန်ကြိုးစားကြရန် တွန်းအားပေး ပြောကြားခဲ့ပါသည်။
စည်ပင်အာဏာပိုင်များက တန်ချိန်(၆ဝဝ,၀၀၀)တန် အအေးခန်းဂိုဒေါင်ကို ဆောက်လုပ်နေခြင်း ကြောင့် ၎င်း၏ကြိုးပမ်းအားထုတ်မှုမှာ ပြီးမြောက်အောင်မြင်သွားပြီဖြစ်ကြောင်း နှင့် ထိုဂိုဒေါင်အား ဆောက်လုပ်ပြီးသည်နှင့်တပြိုင်နက် တရုတ်နိုင်ငံသို့ ဝင်ရောက်မည့် ဗီယက်နမ်ပင်လယ်စာများအား အချိန်တိုအတွင်း ပမာဏများစွာ ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း၊ ဒူးရင်း တန်ချိန်(၃၅,၀၀၀)၊ ခရမ်းရောင်ကန်စွန်းဥ တန်ချိန်(၁၂၀,၀၀၀) နှင့် ပင်လယ်စာအချို့ကို ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ တင်သွင်းရန် ကုမ္ပဏီကစီစဉ်နေကြောင်း ၎င်းက ပြောကြားခဲ့ ပါသည်။
ဗီယက်နမ်နိုင်ငံ၏ လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်များ တရုတ်နိုင်ငံသို့တင်ပို့မှုမှာ တစ်နှစ်ထက် တစ်နှစ် (၆၀%) တိုးလာသည်ဟု Mong Cai အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်စီမံခန့်ခွဲမှုဘုတ်အဖွဲ့၏ အကြီးအကဲဖြစ်သူ Tran Thi Bich Ngoc က ခန့်မှန်းထားကြောင်းကို မတ်လ(၁၀) ရက်နေ့က ဖတ်ရှုခဲ့ရသည့် en.vietnam plus.vn ကွန်ရက်၏ သတင်းဆောင်းပါးမှတစ်ဆင့် သိရှိခဲ့ရပါသည်။
Source https://en.vietnamplus.vn/chinas-reopening-good-news-for-vietnamese-exporters/249631.vnp
တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ၂၀၂၃ ခုနှစ်၊ မတ်လ(၁၅) ရက်စစ်ဆေးသူ
ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန