ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေးသည် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုမှတစ်ဆင့် အရှိန်အဟုန်အသစ်ရရှိလာ
- Wed, 8 March 2023
ဘင်္ဂလားဒေ့ရှ် ပို့ကုန်ဖွံ့ဖြိုးတိုးတက်မှုဗျူရို၏ ပြောကြားချက်အရ အဓိကလယ်ယာ ထွက်ကုန်များမှာ ဟင်းသီးဟင်းရွက်၊ လက်ဖက်၊ ပန်း၊ သစ်သီးဝလံ၊ ဟင်းခတ်အမွှေးအကြိုင် မျိုးစုံ၊ ဆေးရွက်ကြီး၊ အစားအစာခြောက်များ စသည်တို့ဖြစ်ကြောင်း သိရှိရပါသည်။ သို့သော် လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကုန်စည်ခြောက်တင်ပို့မှုတွင် သိသာထင်ရှားစွာ တိုးတက်မှု ရရှိခဲ့သည်။ ဤကုန်ခြောက် စားသောက်ကုန်များတွင် ဘီစကွတ်များ၊ သရေစာများ၊ ကိတ်မုန့် များ၊ အာလူးကြော်နှင့် အခွံမာသီးများ ကဲ့သို့သော ထုတ်ကုန်အမျိုးမျိုး ပါဝင်ပါသည်။
ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တင်ပို့သည့် စိုက်ပျိုးရေး ထွက်ကုန်များမှ ဝင်ငွေရရှိသည့် အမေရိကန်ဒေါ်လာသန်း (၁၀၀)အနက်တွင် ပြုပြင်ထုတ်လုပ် ထားသော စားသောက်ကုန် တင်ပို့မှုမှ ရရှိသည့်ပမာဏမှာ အများဆုံးဖြစ်ပြီး စိုက်ပျိုးရေးဆိုင်ရာ စားသောက်ကုန် ထုတ်လုပ်သည့် ကုမ္ပဏီပေါင်း (၅၀၀)ကျော်ရှိကြောင်း သိရှိရပါသည်။
ထိုကုမ္ပဏီများထဲတွင် အကြီးစား နှင့် အလတ်စား လုပ်ငန်းပေါင်း (၂၀)ရှိပြီး ကုမ္ပဏီ ပေါင်း (၁၀၀)ကျော်သည် စားသောက်ကုန်များ တင်ပို့လျက်ရှိပါသည်။ လယ်ယာထွက်ကုန်များ တင်ပို့ခြင်း နှင့် ပြုပြင်ထားသော စားသောက်ကုန်များ တင်ပို့ခြင်းမှ ရရှိသော အခွန်ငွေ (၂၀%) သည် နိုင်ငံဘဏ္ဍာအတွက် ပံ့ပိုးပေးလျက်ရှိပါသည်။ ရလဒ်အနေဖြင့် ဤစိုက်ပျိုးရေးဆိုင်ရာ တင်ပို့မှုကဏ္ဍမှရရှိသည့် ပို့ကုန်ဝင်ငွေသည် ပြီးခဲ့သည့် (၄)နှစ်အတွင်း တိုးတက်လာခဲ့ပါသည်။ ဤကဏ္ဍရှိ စွန့်ဦးတီထွင်သူများသည် ကမ္ဘာ့ဈေးကွက်၏ ဝယ်လိုအားကို စောင့်ကြည့်ပြီး ထုတ်ကုန်သစ်များ စတင်တင်ပို့နေပြီဖြစ်သည့်အပြင် ထိုအခြေအနေသည် ကောင်းမွန်သော အကျိုးသက်ရောက်မှုကို ပြသလျက် ရှိပါသည်။
ကိုရိုနာကပ်ရောဂါကြောင့် ကမ္ဘာ့ဈေးကွက်တွင် စိုက်ပျိုးရေးထုတ်ကုန်များနှင့် ပြုပြင် ထားသော အဆင့်မြင့်ထုတ်ကုန်များ၏ ဝယ်လိုအားများ တိုးတက်လာပါသည်။ အစိုးရသည် ထို အခွင့်အရေးအား အသုံးချနိုင်မည့်လုပ်ငန်းရှင်များ အလိုရှိနေပြီး လိုအပ်သည့် အထောက်အပံ့များ ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ စိုက်ပျိုးရေးဆိုင်ရာ ပြုပြင်ထုတ်လုပ်ထားသော အဆင့်မြင့် ထုတ်ကုန်များထဲတွင် အဓိကတင်ပို့သည့် အစားအစာများမှာ ပေါင်မုန့်၊ ဘီစကွတ်နှင့် သရေစာ၊ စားသုံးဆီများနှင့် အလားတူ ထုတ်ကုန်များ၊ သစ်သီးဖျော်ရည်များ၊ ဟင်းခတ် အမွှေး
အကြိုင်မျိုးစုံ၊ အဖျော်ယမကာများ၊ ယို နှင့်ဂျယ်လီကဲ့သို့ သကြားပါဝင်သော မုန့်မျိုးစုံတို့ဖြစ် ပါသည်။
ဥပမာအားဖြင့် လက်ရှိဘဏ္ဍာရေးနှစ်၏ (၅)လတာအတွင်းတွင် ပြည်တွင်းကုမ္ပဏီများမှ ဘီစကွတ် နှင့် ပေါင်မုန့်ကဲ့သို့သော စားသောက်ကုန်ခြောက်များကို တင်ပို့ခြင်းဖြင့် ဒေါ်လာ (၈၈.၆)သန်း ရရှိခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်၏ လယ်ယာထွက်ကုန်များ အဓိကတင်ပို့သည့် နိုင်ငံ များမှာ ဥရောပသမဂ္ဂ၊ အရှေ့အလယ်ပိုင်း နှင့် ပင်လယ်ကွေ့ဒေသတို့ဖြစ်ပြီး အဓိကစားသုံးသူ တို့မှာ အဆိုပါ နိုင်ငံများတွင် နေထိုင်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများနှင့် အခြား တောင်အာရှ နိုင်ငံခြားသား များဖြစ်ပါသည်။ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြုပြင်ထုတ်လုပ်ထားသော စားသောက်ကုန်များကို ကမ္ဘာ့နိုင်ငံပေါင်း (၁၄၅) နိုင်ငံသို့ တင်ပို့လျက်ရှိသည်။
Pran Groupသည် စိုက်ပျိုးရေးထွက်ကုန်များတင်ပို့မှုအများဆုံးဖြစ်ပြီး လွန်ခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် ၎င်းတို့၏ ပို့ကုန်ပမာဏသည် ဒေါ်လာ သန်း (၃၄၀) ဖြစ်ပါသည်။ ထို Pran Group သည် (၁၉၉၇) ခုနှစ်မှစ၍ ပြင်သစ်နိုင်ငံသို့ စားသောက်ကုန်များ စတင်တင်ပို့ခဲ့ပြီး ယခုအခါ နိုင်ငံပေါင်း (၁၄၅)နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီဖြစ်ပါသည်။ ထိုကုမ္ပဏီသည် သစ်သီးဖျော်ရည် များ၊ အဖျော်ယမကာများ၊ ဘီစကွတ်များ၊ ဆော့စ်များ၊ ခေါက်ဆွဲများ၊ ဂျယ်လီ၊ ဟင်းခတ်အမွှေး အကြိုင်များ၊ ဆန်မွှေး၊ အာလူးကြော်များနှင့် သရေစာများ တင်ပို့လျက်ရှိပါသည်။
ကမ္ဘာတစ်ဝှမ်းရှိ လူအများအပြားသည် ကိုရိုနာကပ်ရောဂါကြောင့် ၎င်းတို့၏ စားသောက်မှု ပုံစံကို ပြောင်းလဲခဲ့ကြပါသည်။ စရိတ်စကများ လျှော့ချရန်အတွက် ဈေးနှုန်း သင့်တင့်မျှတသော အစားအစာများဖြစ်သည့် ကုန်စည်ခြောက်များကို စားသုံးလာကြပါသည်။ ထို့ကြောင့် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် လယ်ယာထွက်ကုန်တင်ပို့မှုတွင် ဒေါ်လာ(၁)ဘီလီယံ တင်ပို့နိုင်ခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ခေတ်မီနည်းပညာများနှင့် အရည်အသွေး ကောင်းမွန်သော ထုတ်ကုန် များ ထုတ်လုပ်နိုင်မှုတို့ကြောင့် တင်ပို့မှုမှာ အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိပါသည်။ ထို့အပြင် အခွန်ဖြေလျော့မှုနှင့် ငွေသားအကူအညီများပေးခြင်းကဲ့သို့ အစိုးရ၏ မူဝါဒပံ့ပိုးမှုသည်လည်း လယ်ယာထွက်ကုန် တင်ပို့မှုတိုးတက်ခြင်းအတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက် ရှိပါသည်။
ယခုအခါ လူတို့စားသုံးမှုအတွက် ကျန်းမာရေးနှင့်သင့်လျော်သည်ဟူသောလက်မှတ်သည် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရာတွင် အဓိကအတားအဆီးတစ်ခု ဖြစ်လာပါသည်။ နိုင်ငံ အတွင်းတွင် နိုင်ငံတကာအရည်အသွေးမီ ဓာတ်ခွဲခန်းတစ်ခု တည်ထောင်ပြီး ယင်းသို့ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်လျှင် ပို့ကုန် တင်ပို့ရာတွင် (၁၀)ဆ တိုးလာနိုင်ပြီး နှစ်စဉ် နိုင်ငံခြားငွေ ဒေါ်လာ (၁၃)ဘီလီယံ ရရှိနိုင်ပါသည်။ သို့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ထိုသို့လက်မှတ်ထုတ်ပေးသည့် အဖွဲ့အစည်းမရှိသေးပါ။ လယ်ယာထွက်ကုန်များသည် သွင်းကုန်-ပို့ကုန် ထုတ်ကုန် အမျိုးအစား အများအပြားအတွက် ကြီးမားသော အလားအလာရှိပါသည်။ ပြည်ပတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လယ်ယာထွက်ကုန် ၀ယ်လိုအားမှာ ကြီးမားလျက်ရှိပါသည်။ သို့သော် လူတို့စားသုံးမှုအတွက် ကျန်းမာရေးနှင့် သင့်လျော်သည် ဟူသော လက်မှတ်သည် ကုန်စည်တင်ပို့ရန်အတွက် အဓိကအတားအဆီးတစ်ခု အဖြစ် ရှိနေဆဲဖြစ်ကြောင်း (၂၆.၂.၂၀၂၃)ရက်နေ့တွင် ထုတ်ဝေခဲ့သော Fresh Angle ကွန်ရက် ဆောင်းပါးအရ သိရှိရပါသည်။
Source https://freshangleng.com/28037/bangladesh-s-economy-gets-new-momentum-through-export-of-agricultural-products
တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ခုနှစ်၊ မတ်လ (၈) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန