ရုရှားနိုင်ငံမှ ဓာတ်မြေသြဇာတင်ပို့မှုအား ပိတ်ဆို့အရေးယူမှုများကြောင့် ပီရူးနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ထိခိုက်နစ်နာ
- Wed, 1 March 2023
ယမန်နှစ်က ကမ္ဘာတဝှမ်းရှိ ဓာတ်မြေသြဇာထုတ်လုပ်မှုကဏ္ဍ၌ ဖြစ်ပွားခဲ့ရသည့် အဆင်မပြေမှုများစွာဖြင့် ဆုတ်ယုတ်ခဲ့ရခြင်း၏ အကျိုးဆက်အနေဖြင့် ပီရူးနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍသည် စိုက်ပျိုးထုတ်လုပ်နိုင်စွမ်း နှေးကွေးမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေ ရပါသည်။
ဖေဖော်ဝါရီလ (၁၉) ရက်နေ့က ထုတ်ပြန်ခဲ့သည့် Bloomberg ဆောင်းပါး၌ “ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးတွင် ရုရှားနှင့်တရုတ်နိုင်ငံတို့ ပါဝင်ပတ်သက်မှု အခန်းကဏ္ဍ ကြောင့် အကြပ်အတည်းဖြစ်နေကြပြီ” ခေါင်းစဉ်ဖြင့် ဖော်ပြထားပြီး ယင်းဆောင်းပါး၌ လွန်ခဲ့သည့်တစ်နှစ်က ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်လာပုံနှင့် နောက်ဆက်တွဲ ကုန်သွယ်ရေးပိတ်ဆို့မှုများက ဓာတ်မြေသြဇာဖြန့်ဖြူး ရောင်းချမှုအားအနှောင့်အယှက်ဖြစ်စေ ကြောင်း၊ ထိခိုက်ဆုံးရှုံးမှု အများဆုံးမှာ အာဖရိကတိုက်၏ စိုက်ပျိုးရေးထွက်ကုန်များပင် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
“ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုစနစ်သည် ကုန်သွယ်မှုကို အတိုင်းအတာတစ်ခု အထိ ထိရောက်စွာ ပိတ်ဆို့နိုင်စေခဲ့ပြီး ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် တစ်နှစ်ပြည့်ခဲ့သည့် စစ်ပွဲ၏ရလဒ်အဖြစ် ဓာတ်မြေသြဇာတင်ပို့မှု တန်ချိန်စုစုပေါင်း (၁၃) သန်းခန့်အထိ လျော့ကျ သွားခဲ့ရကြောင်း၊ EuroChem Group AG တည်ထောင်သူ ရုရှားဓာတ်မြေသြဇာ ဘီလီယံနာ Andrey Melnichenko အနေဖြင့်လည်း ၎င်းကိုယ်တိုင်ပင် ပိတ်ဆို့အရေးယူမှု၏ ဒဏ်ကို ခံနေရသည်ဟု ဖွင့်ဟပြောကြားခဲ့ကြောင်း” Bloomberg သတင်းထောက်များက ရေးသား ဖော်ပြခဲ့ပါသည်။
လက်တင်အမေရိက၊ အရှေ့ဥရောပနှင့် အာရှတိုက်အလယ်ပိုင်းရှိ အဓိက တင်သွင်းသူ မြောက်မြားစွာတို့သည် အဓိကအရေးအကြီးဆုံး ဓာတ်မြေသြဇာ ပါဝင်ပစ္စည်း (၃) မျိုးလုံး၏ (၃၀%) ကျော်အတွက် ရုရှားအပေါ်တွင်သာ မှီခိုနေရကြောင်းပြသနေသည့် ကုန်သွယ်မှု ခြေရာခံတစ်ခုကို ကုလသမဂ္ဂစားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့မှ ပြီးခဲ့သည့်နှစ်က တည်ထောင်ခဲ့ကြောင်း Bloomberg က ရေးသားဖော်ပြထားပါသည်။
ယူကရိန်းစိုက်ပျိုးရေးဝန်ကြီး Mykola Solskyi ကမူ ဓာတ်မြေဩဇာ ဝယ်ယူသုံးစွဲမှု နည်းပါးခြင်းကြောင့် ဥရောပ၏ ကောက်ပဲသီးနှံရိက္ခာများ နွေရာသီရိတ်သိမ်းရာတွင် အထွက်နှုန်း လျော့နည်းသွားနိုင်ကြောင်း ဇန်နဝါရီလက သတိပေးပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံ၏ ဓာတ်မြေသြဇာထုတ်လုပ်မှုတိုးမြှင့်လာစေရန် သမ္မတဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့က ထောက်ပံ့ငွေ ဒေါ်လာသန်း (၅၀၀) ကို ကြေညာခဲ့ကြောင်း Bloomberg က
ထပ်လောင်းဖော်ပြခဲ့ပါသည်။ အမေရိကန်သည် ဓာတ်မြေသြဇာ ထုတ်လုပ်သည့်နိုင်ငံ ဖြစ်သည့်အပြင် ဓာတ်မြေဩဇာ အဓိကတင်သွင်းသည့် နိုင်ငံလည်းဖြစ်ကြောင်း၊ ယခုကာလ အထိ အမေရိကန်တောင်သူများအနေဖြင့် ဓာတ်မြေဩဇာ လုံလုံလောက်လောက် သုံးစွဲရန် အတွက် လက်လှမ်းမှီဆဲဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံအချို့အတွက်ကိုမူ ခိုင်ခိုင်မာမာ ပြောကြား၍ မရနိုင်သေးကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါသည်။ လက်တင်အမေရိကတွင် အသုံးပြုသည့် ဓာတ်မြေသြဇာများအနက် (၈၃%) ကို အများအားဖြင့် ရုရှား၊ တရုတ်နှင့် ဘီလာရုနိုင်ငံတို့မှ တင်သွင်းမှုအပေါ်တွင်သာ မူတည်နေရကြောင်း ဝါရှင်တန်အခြေစိုက် နိုင်ငံတကာ စားနပ် ရိက္ခာမူဝါဒ သုတေသနဌာန၏ အချက်အလက်များအရ သိရှိရပါသည်။
“ယင်းအခြေအနေသည် ဖူးသစ်စသဖွယ် ဖွံ့ဖြိုးလာသည့် ပီရူးနိုင်ငံ စိုက်ပျိုးရေးလုပ်ငန်း အတွက် ဝန်ထုပ်ဝန်ပိုးတစ်ရပ်ကဲ့သို့ ဖြစ်စေပါသည်။ နိုင်ငံရေးအုံကြွမှုများကြောင့် နှစ်ရှည် လများ မငြိမ်မသက်ဖြစ်နေသော Andean ဒေသသည် မကြာသေးမီနှစ်များအတွင်း ၎င်း၏ သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက်ကဏ္ဍ၌ ရှားပါးသော အောင်မြင်မှုကို မှတ်တမ်းတင် နိုင်ခဲ့ပါသည်။ ယခုအခါ ၎င်းသည် ကမ္ဘာ့နံပါတ် (၁) ဘလူးဘယ်ရီတင်ပို့ရောင်းချသူ ဖြစ်သည့် အပြင် ယခုနှစ်တွင် နိုင်ငံအတွက် ခန့်မှန်းတန်ဖိုး ဒေါ်လာ (၁၀) ဘီလီယံခန့်ဝင်ငေွရှိသည့် ထောပတ်သီး၊ ကညွှတ်၊ artichokes နှင့် သရက်သီးများကို စက်မှုလုပ်ငန်းတစ်ခုသို့ အဓိက ဖြန့်ဖြူးရောင်းချနေသူလည်း ဖြစ်သည်။ သို့သော် ပီရူးနိုင်ငံသည် ဓာတ်မြေသြဇာ ရရှိရေး အတွက် ရုန်းကန်နေရသောကြောင့် အသေးစားလုပ်ငန်းရှင်များကို ခေတ်မီစက်မှုလုပ်ငန်း အလေ့အထများအဖြစ် ပေါင်းစပ်ဆောင် ရွက်ရေးအတွက် ကြိုးပမ်းနိုင်ရန် နှင့် ဆက်လက် ဖွံ့ဖြိုးလာစေရန်တို့အပေါ် ယုံမှားသံသယ ဖြစ်စေဖွယ် ဖြစ်ခဲ့ရပါသည်။ ယခင်အစိုးရသည် လုပ်ကွက်ငယ်တောင်သူများအတွက် ထောက်ပံ့ကြေးများကို ကြေညာခဲ့သော်လည်း အကောင် အထည်ဖော်နိုင်မှုမှာ တပြေးညီတည်း မဟုတ်ပဲ လစ်ဟာမှုများစွာရှိနေကြောင်း IFPRI မှ လက်တင်အမေရိက၏ ယာယီအကြီးအကဲ ဖြစ်သူ Valeria Pineiro က ပြောကြားခဲ့ပါသည်။
ပီရူးအစိုးရသည် သွင်းကုန်များ အာမခံချက်ရှိပြီးခိုင်မာစေရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့ သော်လည်း မအောင်မြင်ခဲ့ပေ။ အခြားရွေးချယ်ရန်နည်းလမ်းမရှိတော့သဖြင့် guano ဟု လူသိ များသော ပင်လယ်ငှက်ချေးမှ အော်ဂဲနစ်မြေသြဇာအဖြစ် တိုးမြှင့်အသုံးပြုရန် အစီအစဉ်ကို စတင် အကောင်အထည်ဖော်ကာ ပံ့ပိုးပေးခဲ့ပါသည်။ သို့သော် ၎င်းသည် လိုအပ်ချက်ကိုများကို အစားမထိုးနိုင်ကြောင်း ပီရူး စိုက်ပျိုးရေးပို့ကုန်အသင်း AGAP ၏ အကြီးအကဲဖြစ်သူ Gabriel Amaro က ပြောကြားခဲ့ပါသည်။ လုပ်ကွက်ငယ်တောင်သူများအနေဖြင့် ဓာတ်မြေသြဇာကို လုံးဝမသုံးစွဲနိုင်ခြင်း (သို့မဟုတ်) နည်းပါးစွာ သုံးစွဲခြင်းသည် ကုန်ထုတ်လုပ်မှု စွမ်းအား
လျော့နည်းနိုင်သည့်အပြင် အပင်များအား ထိခိုက်ပျက်စီးသည်အထိ ဖြစ်စေနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
ပီရူးသည် ပြင်းထန်စွာထိခိုက်ဆုံးရှုံးနေရကြောင်း၊ ပြဿနာကြီးကြီးမားမားအချို့နှင့် ရင်ဆိုင်နေရပြီး အားလုံးသည် နိုင်ငံရေးကြောင့်ပင်ဖြစ်ကြောင်း Pineiro ကပြောကြား ခဲ့ပါသည်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund) က ယူကရိန်းသို့ ရုရှား၏ ကျူးကျော်မှုကြောင့် စားနပ်ရိက္ခာနှင့် ဓာတ်မြေသြဇာ ကုန်ကျစရိတ်များ ထိတ်လန့်ဖွယ် ဆုံးရှံးနေရသည့် အာဖရိက၊ အာရှနှင့် လက်တင်အမေရိကရှိ နိုင်ငံပေါင်း (၄၈) နိုင်ငံကို အန္တရာယ်အရှိဆုံးဒေသများအဖြစ် သတ်မှတ်ထားကြောင်း Bloomberg က ဖော်ပြ ထားပါသည်။ တစ်နှစ်ပြီးတစ်နှစ် ကမ္ဘာ့မြေသြဇာဈေးကွက်အား ကသောင်းကနင်း ဖြစ်စေခြင်းသည် (၂၀၂၃) ခုနှစ်၌ စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိကပြဿနာတစ်ရပ်အဖြစ် ကုလသမဂ္ဂက ရှုမြင်သုံးသပ် ခဲ့ပါသည်။
“လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများနှင့်အတူ၊ ကမ္ဘာ့နိုင်ငံ အများစုသည် ဓာတ်မြေသြဇာရရှိရေးအတွက် အထူးသဖြင့် ရုရှားနိုင်ငံ နှင့်အတူ ၎င်း၏ မဟာမိတ်နိုင်ငံများဖြစ်သော ဘီလာရုစ် နှင့် တရုတ်နိုင်ငံတို့ကဲ့သို့ နိုင်ငံအနည်းငယ် ကိုသာ မှီခိုနေရသဖြင့် ယင်းသည် ကမ္ဘာ့မြို့တော်များ၌ အချက်ပေးခေါင်းလောင်းသံများ သဖွယ် ပျံ့လွင့်နေခြင်းဖြစ်သည်ကို သိရှိလာကြပါသည်။ semiconductorများသည် ပထဝီ နိုင်ငံရေးအရ ပဋိပက္ခများအတွက် အလင်းတန်းတစ်ခုဖြစ်လာသကဲ့သို့ ဓာတ်မြေသြဇာ ပြိုင်ဆိုင်ထုတ်လုပ်မှုသည်လည်း စားနပ်ရိက္ခာဖူလုံမှု၏ အဓိကအဆုံးအဖြတ်ဖြစ်သည့် စိုက်ပျိုးရေးသွင်းအားစုအတွက် ဗျူဟာမြောက်မှီခိုနေရကြောင်း အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များကို အချက်ပြသတိပေးသကဲ့သို့ ဖြစ်နေပါသည်။
ထို့ကြောင့်ပင် ၎င်းသည် ဓာတ်မြေသြဇာများနှင့် ဓာတ်မြေသြဇာထိန်းချုပ်ထားသူ များကို ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံရေးလုပ်ငန်းစဉ်များ၏ ရှေ့တန်းသို့ တွန်းပို့ခဲ့သည်ဟု Bloomberg က မှတ်ချက်ချကာ ဖော်ပြခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စု၏ အစိုးရ အမှုဆောင်ဌာန အနေဖြင့်လည်း ဓာတ်မြေသြဇာဆိုင်ရာ ကျွမ်းကျင်မှုကို မြှင့်တင်နေကြပြီး သမ္မတများအနေဖြင့်လည်း ယင်းအကြောင်းအရာများကို တွစ်တာမှတဆင့် လွှင့်တင်ကာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ ဆောင်ရွက်နေကြသည့်အပြင် နိုင်ငံများကြား သံတမန်ရေးအရ မလိုလားအပ်သော ငွေကြေးဆိုင်ရာ တင်းမာမှုများနှင့် အာရုံစိုက်မှု ဖြစ်လာခဲ့ပါသည်။ ယင်းတို့သည် ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်စစ်ပွဲကြောင့် မည်သူ့အပေါ်
အပြစ်တင်သင့်သည်ဟူသော အပြိုင်အဆိုင် ဇာတ်လမ်းများအကြား ဆွဲသွင်းခံရခြင်းမျှသာ ဖြစ်ပါသည်။
ကမ္ဘာ့မြေသြဇာလုပ်ငန်းတွင် ပြီးခဲ့သည့်နှစ်က ဒေါ်လာ (၂၅၀) ဘီလီယံတန်ဖိုး တိုးတက် တင်ပို့နိုင်ခဲ့ခြင်းသည် သီးနှံအားလုံးအတွက် ကမ္ဘာတဝှမ်းရှိ ဓာတ်မြေဩဇာ၏ လေးပုံတစ်ပုံ နီးပါးကို တင်ပို့ခဲ့ကြသော ရုရှားနှင့် ဘီလာရုစ်တို့၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြသကဲ့သို့ပင် ဖြစ်နေပါသည်။ ပိုတက်ရှ်၊ ဖော့စဖိတ် နှင့် နိုက်ထရိုဂျင် ကဲ့သို့သော အဓိကဓာတ်မြေဩဇာ (၃)မျိုးအပါအဝင် ရုရှား၏ စိုက်ပျိုးရေးဆိုင်ရာထုတ်ကုန်များကို ပိတ်ဆို့အရေးယူမှုတွင် ပစ်မှတ်ထားကာ ရည်ရွယ်ထားခြင်းမရှိသော်လည်း ဆိပ်ကမ်းများ၊ ပို့ဆောင်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းတို့၌ အဟန့်အတားများ ရှိနေဆဲဖြစ်သဖြင့် ပို့ကုန်များ တင်ပို့မှုကို ရပ်တန့်ထားဆဲဖြစ်ကြောင်း (၂၃.၂.၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်သည့် www.freshfruitportal.com မှ သတင်းဆောင်းပါးအရ သိရှိရပါသည်။
Source https://www.freshfruitportal.com/news/2023/02/23/peru-agriculture-amongst-those-hurt-in-russia-fertilizer-export-sanctions/
တင်ပြသူ ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ခုနှစ်၊ မတ်လ (၁) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန