ဒေသအသီးသီးမှ အာလူးများဝင်ရောက်လာမှုကြောင့် ရန်ကုန်ဈေးကွက်တွင် အာလူးဈေးနှုန်းကျဆင်းခဲ့
- Wed, 1 March 2023
ပြည်ပ နှင့် ဒေသတွင်း မြို့နယ်အသီးသီးတို့မှ အာလူးမျိုးကွဲမျိုးစုံ ဝင်ရောက်မှုကြောင့် ရန်ကုန် ဈေးကွက်တွင် ဈေးနှုန်းကျဆင်းခဲ့ကြောင်း၊ အထူးသဖြင့် အာလူးအလုံးကြီးများ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း အာလူးကုန်သည် တစ်ဦးဖြစ်သူ ကိုသိန်းမြင့်က Global New Light of Myanmar (GNLM) သို့ ပြောခဲ့ပါသည်။
ယခုရက်ပိုင်းတွင် ဆင်ဖြူကျွန်းနှင့် ဗန်းမော်ဒေသမှ အာလူးများ၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများမှ အာလူးများအပြင် ရှမ်းပြည်နယ်မှ အာလူးများလည်း ဈေးကွက်သို့ ဝင်ရောက်လာ ကြသည်။ ဆင်ဖြူကျွန်းဒေသမှ အာလူးအများအပြား ဝင်ရောက်လာသဖြင့် အာလူး အလုံး ကြီးများ ဈေးနှုန်းကျဆင်းလာခဲ့ပါသည်။ ရှမ်းအာလူးများ ဈေးကွက်သို့ ဝင်ရောက်လာချိန်တွင် အာလူးအကြီးများဖြစ်သော S1 နှင့် S2 အာလူးလက်ကားဈေးသည် တစ်ပိဿာလျှင် (၁,၈၅၀) ကျပ် နှင့် (၂,၁၀၀) ကျပ် အသီးသီးရှိကြပါသည်။ ဆင်ဖြူကျွန်းမှ အာလူးများ ဈေးကွက်သို့ ဝင်ရောက်လာချိန်တွင် S1 နှင့် S2 အမျိုးအစားအပါအဝင် S3 အမျိုးအစားများ၏ လက်ကားဈေးသည် ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် တစ်ပိဿာလျှင် (၁,၄၀၀)ကျပ်သာ ရှိခဲ့ပါသည်။
ပုံမှန်အာလူးအရွယ်အစားဖြစ်သော A1 ၊ OK ၊ S1 နှင့် S2 အမျိုးစားတို့သည် တစ်ပိဿာလျှင် (၁,၆၀၀) ကျပ်၊ (၁,၇၀၀) ကျပ်၊ (၁,၇၀၀) ကျပ် နှင့် (၁,၄၀၀) ကျပ် အသီးသီး ရှိကြပါသည်။ အလားတူပင် ဗန်းမော်အာလူးနှင့် တရုတ်အာလူး ပေါက်ဈေးမှာလည်း ယခု ရက်ပိုင်းတွင် တစ်ပိဿာလျှင် (၂,၀၀၀) ကျပ် နှင့် (၂,၁၅၀) ကျပ်သာ ရှိပါသည်။
ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် ဒေသအသီးသီးမှ အာလူးပိဿာချိန်စုစုပေါင်း (၉၆,၀၀၀) ဈေးကွက်သို့ ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ပိဿာချိန်ပေါင်း (၆၆,၀၀၀) ထပ်မံဝင်ရောက်လာခဲ့ပါသည်။ ရန်ကုန်မြို့ရှိ ကုန်စည်ဒိုင်များတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ အရွယ်အစားအမျိုးမျိုးသော အာလူးများကို ရောင်းချလျက်ရှိပြီး အလတ်စားအရွယ် အာလူးများ၏ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် (၁,၅၀၀) ဝန်းကျင်သာရှိပါသည်။ ဈေးကွက်အတွင်း၌ အလုံးကြီးအာလူးများအား ဝယ်လိုအားနည်းပါးခြင်းကြောင့် ဈေးနှုန်း ကျဆင်းခဲ့ပါသည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းတွင် ကြက်သွန်တစ်ပိဿာလျှင် (၄,၀၀၀) ကျပ်နှုန်း ရှိခဲ့သော်လည်း အာလူးပေါက်ဈေးမှာ ကြက်သွန်နီပေါက်ဈေး၏ ထက်ဝက်သာရှိခဲ့ပါသည်။
လက်ရှိအချိန်တွင် အာလူးဈေးနှုန်း နှင့် ကြက်သွန်နီဈေးနှုန်းမှာ သိသိသာသာကွာခြားမှု မရှိကြောင်း သိရှိရပါသည်။
ကြက်သွန်နီသည် နေ့စဉ်လိုအပ်ချက်ဖြစ်သည့်အတွက် ဈေးနှုန်းကြီးမြင့်လာသော အခါတွင် စားသုံးမှုနည်းပါးပါသည်။ အာလူးကို အရံဟင်းအဖြစ် စားသုံးသည့်အတွက် အာလူး ဈေးနှုန်းမြင့်မားလာပါက စားသုံးသူများသည် အခြားဟင်းသီးဟင်းရွက်များကို အာလူး အစားထိုး အသုံးပြုကြကြောင်း (၂၃.၂.၂၀၂၃)ရက်နေ့တွင် ထုတ်ဝေခဲ့သော Global New Light of Myanmar ကွန်ရက်ဆောင်းပါးအရသိရှိရပါသည်။
Source https://www.gnlm.com.mm/potato-arrivals-from-various-regions-cause-price-to-fall-in-yangon-market/#article-title
တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန