အင်တာနက်အသုံးပြု၍ အရောင်းအဝယ်ကဏ္ဍတိုးချဲ့လာ
- Thu, 23 February 2023
ဂျပန်နိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းထွက်ကုန်ပစ္စည်းများ နှင့် စားသောက် ကုန်များ တင်ပို့မှုသည် တဖြည်းဖြည်း တိုးတက်လာခဲ့ပါသည်။ ပို့ကုန်လုပ်ငန်းအား တိုးချဲ့လာ သည်နှင့်အမျှ ဝင်ငွေလည်း ပိုမိုရရှိလာမည်ဖြစ်ကာ စိုက်ပျိုးရေးကဏ္ဍ၊ သစ်တောကဏ္ဍ နှင့် ငါးဖမ်းလုပ်ငန်းကဏ္ဍများကို အကျိုးဖြစ်ထွန်းလာစေမည်ဟု မျှော်လင့်မိပါသည်။
(၂၀၂၂) ခုနှစ်တွင် ၎င်းထုတ်ကုန်များတင်ပို့မှုမှ ယန်း (၁.၄၁၄၈) ထရီလီယံအထိ ဝင်ငွေရရှိစေ ခဲ့ပြီး ယခင်နှစ်ကထက် (၁၄.၃%) မြင့်တက်လာကာ (၁၀)နှစ်ဆက်တိုက် အမြင့်ဆုံးအဖြစ် စံချိန်တင် ရောက်ရှိခဲ့ပါသည်။
နိုင်ငံအများအပြား နှင့် ဒေသအများအပြား၌ နိုဗယ်ကိုရိုနာဗိုင်းရပ်ကပ်ရောဂါကြောင့် အပြင်ထွက်စားသောက်ခြင်းများ လျော့ကျသွားသကဲ့သို့ အိမ်တွင်း၌ နေထိုင်သူများ၏ အွန်လိုင်း ဝယ်လိုအားလည်း များပြားလာပါသည်။ တန်ဘိုးလျော့ကျနေသည့် ယမ်းငွေသည် ဂျပန် ထုတ်ကုန်များကို ဈေးသက်သာစွာ ရရှိနိုင်စေသည်ဟု ခံစားမိကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းထုတ်ကုန်ပစ္စည်းများ ဝန်ကြီးဌာန၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။
ထုတ်ကုန်အားဖြင့်ဆိုရလျှင် ဂုံးကောင်တင်ပို့မှုသည် (၄၂.၄%)အထိ မြင့်တက်လာခဲ့ပြီး ၎င်းအား အမေရိကန် နှင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိပါသည်။ ပြည်ပနိုင်ငံများ၌ လူကြိုက် များကာ ကျော်ကြားလျက်ရှိသော ဂျပန်နိုင်ငံထုတ် ဝီစကီတင်ပို့မှုမှာ (၂၁.၅)% အထိ မြင့်တက် လာသည့်အပြင် ပန်းသီး နှင့် စတော်ဘယ်ရီကဲ့သို့သော သစ်သီးဝလံများ နှင့် ဟင်းသီး ဟင်းရွက်များ တင်ပို့မှုမှာလည်း (၂၄.၃%) အထိ တိုးလာခဲ့ပါသည်။
ဂျပန်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အစိုးရသည် (၂၀၂၅)ခုနှစ်တွင် ထိုကဲ့သို့သောပို့ကုန်များအား ယန်းပေါင်း (၂)ထရီလီယံအထိ တိုးမြှင့်တင်ပို့နိုင်ရန်အတွက် ရည်မှန်းထားရှိပြီး ယင်းရည်မှန်းချက်အား သတ်မှတ်ထားသည် ထက်စော၍ ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည့် လမ်းကြောင်းပေါ်တွင်လည်း ရှိနေပါသည်။ အစိုးရအနေဖြင့် ထိုအခွင့်အရေးအား လက်လွတ်ဆုံးရှုံးမှု မဖြစ်ရစေရေးအတွက် ပို့ကုန် တိုးမြှင့်ရေးကဏ္ဍအား ပိုမိုအာရုံစိုက်လာမည့် အလားအလာရှိပါသည်။
နိုင်ငံရပ်ခြားရှိ ဂျပန်စားသောက်ဆိုင်များသည် အစဉ်အလာအားဖြင့် အဓိကအရောင်းရဆုံး ကဏ္ဍဖြစ်သော်လည်း မကြာသေးမီကာလက လူတစ်ဦးချင်းစီအတွက် ဝယ်ယူရောင်းချရေးကဏ္ဍ
များအား အွန်လိုင်းစနစ်ဖြင့်ဝယ်ယူရောင်းချခြင်းအပြင် အခြားနည်းလမ်းများဖြင့်ပါ နယ်ပယ် ချဲ့ထွင်လာခဲ့ကြကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
အမေရိကန်ဝက်(ဘ်)ဆိုဒ်ဖြစ်သည့် Amazon.com တွင် Japan External Trade Organization (JETRO)၏ ပံ့ပိုးကူညီမှုဖြင့် ဂျပန်ကုမ္ပဏီများအတွက် အထူးအွန်လိုင်းရပ်ဝန်း တစ်ခု ရှိပါသည်။ ဂျပန်အမှတ်တံဆိပ် စားသောက်ကုန်များနှင့် အခြားထုတ်ကုန်များကို ထိုပလက်ဖောင်း မှတဆင့် ကမ္ဘာအနှံ့သို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။
JETRO သည် ဂျပန်ကုမ္ပဏီများအား ၎င်းတို့၏ စားသောက်ကုန်များကို အာရှတဝှမ်းရှိ အွန်လိုင်း စျေးအရောင်းအဝယ်ကဏ္ဍများတွင် ဝယ်ယူရရှိနိုင်စေရန် ကူညီပေးလျက်ရှိပါသည်။ ဂျပန် စားသောက်ကုန်များအား ပြည်ပအိမ်ထောင်စုများ၌ အင်တာနက်မှတဆင့် လူကြိုက်များကာ ရေပန်းစားလာပါက ပို့ကုန်ကဏ္ဍပိုမိုတိုးတက်လာနိုင်ဖွယ် အလားအလာရှိပါသည်။ ဂျပန်အစိုးရ၊ JETRO နှင့် ထုတ်လုပ်သူအဖွဲ့အစည်းများမှလည်း နိုင်ငံနှင့်ဒေသအသီးသီး၏ နှစ်သက်မှုများနှင့် အခြားအချက်အလက်များပေါ်မူတည်၍ သတင်းအချက်အလက်များ စုဆောင်းကာ ထိရောက်စွာ ရောင်းအားမြှင့်တင်နိုင်မည်ဖြစ်ပါသည်။
အခြားအားရကျေနပ်ဖွယ်တခုမှာ ကိုရိုနာဗိုင်းရပ်ကူးစက်မှု ထိန်းချုပ်ရေးအစီအမံများ ဖြေလျှော့မှုကြောင့် ဂျပန်နိုင်ငံသို့ နိုင်ငံခြားဧည့်သည်များ ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်သည်။ ထိုသို့ လာရောက်လည်ပတ်စဉ်အတွင်း နိုင်ငံခြားသားအများစုသည် ဂျပန်အစားအစာကို ဦးစားပေး စားသောက်ကြသည်။ ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်သူများအကြား ရေပန်း စားသော ဂျပန်အစားအစာများကို ပြည်ပဈေးကွက်များသို့ စျေးကွက်ရှာဖွေခြင်းဖြင့် ခရီးသွား လုပ်ငန်းနှင့်အတူ ပေါင်းစပ်အကျိုးရရှိစေရေးကဲ့သို့သော အခွင့်ရေးကောင်းမျိုး ရယူနိုင်ရန် အရေးကြီး ပါသည်။
(၂၀၁၉) ခုနှစ်စာရင်းအရ ဂျပန်နိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တော၊ ငါးဖမ်းလုပ်ငန်း နှင့် စားသောက်ကုန်လုပ်ငန်း ထုတ်လုပ်မှုစုစုပေါင်း၏ (၂%)ခန့် တင်ပို့မှုသည် အခြား ဖွံ့ဖြိုးပြီးနိုင်ငံ များနှင့် နှိုင်းယှဉ်ပါကနည်းပါးသော်လည်း မွေးဖွားနှုန်းကျဆင်းမှုကြောင့် ပြည်တွင်း ဈေးကွက် ကျဆင်းနိုင်ဖွယ်ရှိသဖြင့် ပို့ကုန်များ တိုးချဲ့တင်ပို့နိုင်သည့်အခြေအနေ များစွာရှိပါသည်။
ပြည်တွင်းရှိ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးဖမ်းလုပ်ငန်းများ၌ အသက်အရွယ်ကြီးရင့် သော လုပ်သားအင်အားများ ရှိသော်လည်း အွန်လိုင်းအသုံးပြု၍ စျေးရောင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း နှင့် ၎င်းတို့၏ထုတ်ကုန်များကို နိုင်ငံရပ်ခြားတွင် ရောင်းချရန်အတွက် အခြား နည်းလမ်းများကို အသုံးပြုခြင်း စသည်ဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်နေကြသည့် လူငယ် ခေါင်းဆောင် အချို့လည်း ရှိပါသည်။
ပို့ကုန်ကဏ္ဍမှ ဝင်ငွေများပြားလာပါက ယင်းကဲ့သို့ အင်တာနက်အသုံးပြု၍ အရောင်း အဝယ်ပြုလုပ်သည့်နယ်ပယ်၌ ပို၍ပင် တက်ကြွလှုပ်ရှားစွာ ပါဝင်ဆောင်ရွက်လာကြမည်ဖြစ် သဖြင့် စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးဖမ်းလုပ်ငန်းများအား ပိုမိုဆွဲဆောင်မှုရှိလာစေရန်အတွက် ထိုနယ်ပယ်သည် အရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်ကြောင်း (၁၆. ၂. ၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်သည့် The Japan News သတင်းအရ သိရှိရပါသည်။
Source https://japannews.yomiuri.co.jp/editorial/yomiuri-editorial/20230216-91430/
တင်ပြသူ ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန