ပြည်တွင်းဈေးကွက်အတွင်း မြေပဲဈေးနှုန်း မြင့်တက်
- Wed, 22 February 2023
မြေပဲလုံးဆန် တစ်ပိဿာလျှင်(၁ပိဿာ=၁.၆ကီလိုဂရမ်)လျှင် (၇၉၀၀)ကျပ်အထိ ဈေးနှုန်း မြင့်တက်လျက်ရှိကြောင်း မန္တလေး လက်ကားကုန်စည်ဒိုင်မှသိရှိရပါသည်။ ဆီစက်များနှင့် ပြည်ပ ဝယ်လက်များ ၀ယ်လိုအားနည်းပါးမှုကြောင့် (၂၀၂၂) ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း မြေပဲဈေးကွက်မှာ တည်ငြိမ်ခဲ့ပြီး၊ မြေပဲဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄၇၀၀-၅၇၅၀) ကျပ်အထိ ကျဆင်းခဲ့ကြောင်း၊ လက်ရှိကာလပေါက်ဈေးမှာမူ တစ်ပိဿာလျှင် ငွေကျပ်(၆,၀၀၀-၇,၉၀၀) အထိ မြင့်တက်ခဲ့ကြောင်း၊ ပြည်တွင်း ပြည်ပ ဈေးကွက်ဝယ်လိုအား ကောင်းလာခြင်းကြောင့် ယခုကဲ့သို့ ဈေးနှုန်းများ မြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရှိရပါသည်။
ဒေသအသီးသီးမှ မြေပဲများ မန္တလေးကုန်စည်ဒိုင်များသို့ ဝင်ရောက်လျက်ရှိကြောင်း၊ မန္တလေး ဈေးကွက်ရှိ မြေပဲလုံးဆန်များကို တရုတ်ကုန်သည်များနှင့်ပြည်တွင်းဆီစက်များမှ အပြိုင်အဆိုင် ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများသို့ ဆီထွက်သီးနှံများဖြစ်သည့် နှမ်းနှင့်မြေပဲကို တင်ပို့ လျက်ရှိကြောင်း၊ ပြီးခဲ့သည့် (၂၀၂၂)ခုနှစ်၊ ဧပြီလတွင် မြန်မာနိုင်ငံသို့ အဓိက ဆီတင်သွင်းလျက် ရှိသည့် ကမ္ဘာ့ထိပ်တန်း စားအုန်းဆီတင်ပို့သည့် အင်ဒိုနီးရှားနိုင်ငံသည် ပြည်တွင်း စားသုံးဆီ ပြတ်လပ်မှုကို လျှော့ချရန်အတွက် စားသုံးဆီတင်ပို့ခြင်းအား ပိတ်ပင်လိုက်ကြောင်း ကြေညာခဲ့ပြီး နောက်ပိုင်း ပြည်တွင်းဆီဖူလုံမှုရရှိစေရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ကုန်သွယ်မှုဦးစီးဌာနမှ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲနှင့်နှမ်း တင်ပို့မှုအား (၂၀၂၂) ခုနှစ်၊ မေလ (၉)ရက်နေ့မှ စတင်၍ ယာယီရပ်ဆိုင်းခဲ့သည်။ ကမ္ဘာ့ထိပ်တန်း စားအုန်းဆီ တင်ပို့ရောင်းချသူများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီးနောက် မြန်မာ့ဆီထွက်သီးနှံများ ပြန်လည် တင်ပို့နိုင်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ (၂၀၂၂)ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် အကြောင်းကြားချက်အရ သိရသည်။
(၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အတွင်း (၂၀၂၂ ခုနှစ်၊ ဧပြီလမှ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့အထိ) အမေရိကန်ဒေါ်လာ (၂၁.၀၉၆)သန်း တန်ဖိုးရှိ မြေပဲလုံးဆန် ကီလိုဂရမ် (၁၈၀၀၀)ကျော်ကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ခဲ့ ကြောင်းကို
(၁၇.၂.၂၀၂၃)ရက်နေ့ထုတ် Global new light of myanmar သတင်းအရ သိရှိရ ပါသည်။
Source https://www.gnlm.com.mm/peanut-prices-stay-high-in-domestic-market/#article-title
တင်ပြသူ ဒေါ်အေးအေးခိုင်၊စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၂) ရက်
စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန