နိုင်ဂျီးရီးယားနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတိုးတက်စေရေးအတွက် ပြင်သစ်နိုင်ငံမှ ယူရို(၁.၂)သန်း ထောက်ပံ့ကူညီရန် သဘောတူလက်မှတ်ရေးထိုး
- Thu, 9 February 2023
နိုင်ဂျီးရီးယားနိုင်ငံရှိ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာစျေးကွက် ဖွံ့ဖြိုးတိုးတက်ရေး မဟာ ဗျူဟာ တစ်ရပ် ဖော်ဆောင်ရန်အတွက် ပြင်သစ်နိုင်ငံမှ ယူရို (၁.၂)သန်း ထောက်ပံ့ကူညီရန် သဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပါသည်။
အဆိုပါသဘောတူညီချက်အား နိုင်ဂျီးရီးယားအစိုးရကို ကိုယ်စားပြုသည့် ဘဏ္ဍာရေး ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး (FMoF)၊ စိုက်ပျိုးရေး နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ပြည်ထောင်စုဝန်ကြီး (FMARD)၊ နိုင်ဂျီးရီးယားနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်၊ ပြင်သစ်ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ (AFD) ၏ ဌာနေညွှန်ကြားရေးမှူး နှင့် ပြင်သစ်ကုမ္ပဏီဖြစ်သည့် Semmaris ကုမ္ပဏီမှ နိုင်ငံတကာ ဆက်ဆံရေးဒါရိုက်တာတို့က ကြာသပတေးနေ့တွင် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပါသည်။
နိုင်ဂျီးရီးယားနိုင်ငံရှိ ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်အရ AFD ထောက်ပံ့ကြေးသည် အမျိုးသား လယ်ယာစားသောက်ကုန်စျေးကွက် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ရေးဆွဲ ရာတွင် FMARD အား ကူညီရန်အတွက် တစ်နှစ်ကြာ နည်းပညာဆိုင်ရာ အကူအညီပေးမည့် အစီအစဉ်ကို ငွေကြေးထောက်ပံ့ပေးမည်ဖြစ်ပါသည်။ ယင်း တစ်နှစ်ကြာလေ့လာမှုသည် ၂၀၂၃ ခုနှစ်၊ ပထမ (၃)လပတ်မှ ၂၀၂၄ ခုနှစ်၊ ပထမ (၃)လပတ်အထိ ကြာမြင့်မည်ဖြစ်ပြီး နိုင်ဂျီး ရီးယား နိုင်ငံရှိ အကြီးဆုံး မြို့ပြစားသုံးမှုဧရိယာ (၃)ခုဖြစ်သည့် Lagos-Ibadan၊ Kano -Kaduna နှင့် Owerri-Port-Harcourtတို့အပေါ် အထူးအာရုံစိုက်ကာ ကျေးလက်ဒေသမှ မြို့ပြ ဒေသအထိ တန်ဖိုးကွင်းဆက် စျေးကွက်ဂေဟစနစ်ကို လေ့လာနိုင်မည်ဖြစ်ပါသည်။
အဆိုပါထုတ်ပြန်ချက်အရ ထိုသို့လေ့လာသည့်စနစ်သည် လက်ရှိ စိုက်ပျိုးရေးဆိုင်ရာ ဈေးကွက်များစာရင်း၊ လက်ရှိ ဖြန့်ဖြူးရေးလမ်းကြောင်းများ နှင့် လယ်ယာစားသောက်ကုန် သယ်ယူပို့ဆောင်ရေး ဆိုင်ရာများအား စေ့စပ်နက်နဲစွာ ခွဲခြမ်းစိတ်ဖြာမှု၊ စျေးကွက်ဖွံ့ဖြိုး တိုးတက်မှုအတွက် လိုက်လျောညီထွေဖြစ်စေမည့် ဥပဒေနှင့် စည်းမျဉ်းမူဘောင်များ၊ အချက် အချာကျသည့် ဈေးကွက် (၃)ခုအား တည်ဆောက်ရန် (သို့) ပြန်လည်ထူထောင်ရန် နည်းပညာ ဆိုင်ရာ အကြံပြုချက်များ စသည့် ရလဒ်ကောင်းများ ရရှိလာမည်ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားပါသည်။
အဆိုပါအစီအစဉ်ကို FMARD အတွင်းရှိ ကျေးလက်အခွင့်အလမ်း နှင့် စိုက်ပျိုးရေး စျေးကွက်စီမံကိန်း (RAAMP) ၏ Federal Project Management Unit (FPMU) ၏ ပံ့ပိုးမှုဖြင့် ပြင်သစ်ကုမ္ပဏီဖြစ်သည့် Semmaris ကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။ Semmaris ကုမ္ပဏီသည် ပြင်သစ်နိုင်ငံ၊ Rungis ဒေသ၌ ကမ္ဘာတစ်ဝှမ်းရှိ လတ်ဆတ်သည့် စားသောက်ကုန်များ အကြီးမားဆုံး လက္ကားစျေးကွက်အဖြစ် နှစ်ပေါင်း (၅၀) ကျော် ရပ်တည်လျက်ရှိပါသည်။
အဆိုပါထုတ်ပြန်ချက်အရ Rungis Market သည် စားသောက်ကုန်တန်ဖိုးကွင်းဆက် များ၏ ကဏ္ဍအသီးသီးမှ ကုမ္ပဏီပေါင်း (၁၂၀၀)ကျော်ကို စုစည်းထားခြင်း ဖြစ်ပါသည်။ ဤ ပဏာမ ခြေလှမ်းသည် (၂၀၂၁) ခုနှစ်တွင် ရရှိခဲ့သော "Rural Access and Mobility Project" (RAMP) မှတဆင့် နိုင်ဂျီးရီးယားရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍတွင် ကမ္ဘာ့ဘဏ်နှင့် AFD တို့၏ (၁၀)နှစ်ကြာ ပတ်သက်ဆက်နွယ်ဆောင်ရွက်မှုတို့အပေါ်တွင် အခြေခံ၍ ဆက်လက် ဆောင်ရွက်သွားမည့် “ကျေးလက်အခွင့်အလမ်း နှင့် စိုက်ပျိုးရေးစျေးကွက် စီမံကိန်း”(RAAMP) (၂၀၂၀-၂၀၂၈) ကို AFD နှင့် World Bank ၏ ပူးပေါင်းရန်ပုံငွေဖြင့် AFD မှ အမေရိကန်ဒေါ်လာ (၂၉၆)သန်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယူရို သန်း (၇၀၀) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အဆိုပါ စီမံကိန်းများမှ ရာသီမရွေး အသုံးပြုလျက်ရှိသော (၂၀၀၀) ကီလိုမီတာကျော် ရှည်လျားသည့် ရာသီကုန်ကျေးလက်လမ်းကို ပြန်လည်မွမ်းမံပေးခြင်း နှင့် နိုင်ငံတစ်ဝှမ်းရှိ ပြည်နယ် (၁၉)ခုမှ တစ်စုတစ်စည်းတည်းရှိသည့် ဈေးကွက်ပေါင်း (၆၅)ခုအား စိုက်ပျိုးရေး ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးအချက်အချာနေရာများအဖြစ် အဆင့်မြှင့်တင်ပေးခြင်းမှတဆင့် ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုများကို လျှော့ချနိုင်စေရန်အတွက် အထောက်အကူပြုမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
နိုင်ဂျီးရီးယားနိုင်ငံ၌ စိုက်ပျိုးရေးလုပ်ငန်းသည် (၂၀၂၀) ခုနှစ်တွင် GDP ၏ (၂၂%) ရှိပြီး တရားဝင် နှင့် တရားဝင်မဟုတ်သော အလုပ်လုပ်ကိုင်သူဦးရေ၏ (၇၀%) ကို အလုပ်အကိုင် ပေးထားနိုင်ခဲ့သည်။ နိုင်ဂျီးရီးယားနိုင်ငံသည် သစ်ဥသစ်ဖုများ (ကမ္ဘာ့ထိပ်တန်း ပီလောပီနံ၊ ပိန်းဥနှင့် မျောက်ဥ)၊ နှံစားသီးနှံများ (ပြောင်း၊ ဆန်၊ နှံစားပြောင်း)၊ ကိုကိုး နှင့် စားအုန်းဆီ စသည်တို့ကို အဓိကထုတ်လုပ်သည့်နိုင်ငံ ဖြစ်ပါသည်။ နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းသည်
ထုတ်လုပ်မှု နည်းပါးသော မိသားစုတပိုင်တနိုင်ပုံစံဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွင် စက် ယန္တရား သုံးစွဲမှုအားနည်းပြီး မိုးရေကိုသာ အဓိကထား အားကိုးနေရပါသည်။ ၎င်းဒေသတွင် လုပ်ကိုင်နေသော တောင်သူများ၏ (၈၀%)သည် လုပ်ကွက်ငယ်တောင်သူများ ဖြစ်ကြပြီး နိုင်ငံမှ စိုက်ပျိုးထုတ်လုပ်မှု စုစုပေါင်း၏ (၉၀%)ကို ၎င်းတောင်သူများမှ ထုတ်လုပ်ပေးခြင်း ဖြစ်ပါသည်။ ကုန်သွယ်လမ်းများမရှိခြင်း နှင့် ဈေးကွက်မရှိခြင်းတို့ကြောင့် သီးနှံများ၏ (၃၀%) မှ (၄၀%) အထိ ဆုံးရှုံးနေရသဖြင့် လယ်ယာထွက်ကုန်များ စိုက်ပျိုးထုတ်လုပ်လျက် ရှိသော်လည်း လယ်ယာထွက်ကုန်များ တင်သွင်းမှုအခြေအနေ ဆက်လက်မြင့်မားနေရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ထိုသို့လေ့လာခြင်းသည် အစားအစာတန်ဖိုးကွင်းဆက်တစ်ခု တည်ဆောက်ခြင်းနှင့် ခိုင်မာ ကောင်းမွန်သည့် စိုက်ပျိုးရေးစားနပ်ရိက္ခာစနစ်များကို အထောက်အပံ့ ဖြစ်စေပါသည်။ ၎င်းအပြင် AFD နှင့် World Bank၏ ဆောင်ရွက်ပြီးလုပ်ငန်းများ နှင့် ဆက်လက်ဆောင်ရွက်ဆဲ လုပ်ငန်းများအား အကျိုးဖြစ်ထွန်းစေသည့် နိုင်ဂျီးရီးယားနိုင်ငံ၏ မြို့ပြစားသုံးမှုဧရိယာများ နှင့် ကျေးလက်ဒေသအား အချိတ်အဆက်တစ်ခု ဖြစ်စေနိုင်သော အချက်အချာကျသည့် ဈေးကွက်တစ်ခုအား မြို့ဆင်ခြေဖုံး၌ အသစ်တည်ဆောက်၍ဖြစ်စေ၊ ပြန်လည်မွမ်းမံ တည် ထောင်၍ဖြစ်စေ ဖော်ဆောင်ရာ၌ အကူအညီဖြစ်စေပါသည်။ ဤနည်းဖြင့် လက်ကားစျေးကွက် များအား လက်ရှိတိုးတက်နေသော အခြေခံအဆောက်အဦများ (ကျေးလက်လမ်းများ၊ စား သောက်ကုန်ပစ္စည်းဈေးကွက်များ)ပေါ်တွင် ကျေးလက်အခွင့်အလမ်း နှင့် စိုက်ပျိုးရေးစျေးကွက် စီမံကိန်း(RAAMP)မှ ကောင်းမွန်သည့် ထိန်းသိမ်းမှုဆိုင်ရာ အလေ့အကျင့်ကောင်းများ နှင့်အညီ ဆက်လက်တည်ထောင်သွားမည်ဖြစ်ပါသည်။ ဤလေ့လာမှုသည် လျှင်မြန်စွာ တိုးတက် ပွားများလျက်ရှိသည့် လူဦးရေတိုးပွားနှုန်း နှင့် မြို့ပြအသွင်ဆောင်လာမှုတို့၏ နောက်ဆက်တွဲ ဆိုးကျိုးများကို တားဆီးပေးမည့် မြို့ပြများ၏ စားနပ်ရိက္ခာထောက်ပံ့မှု အခြေအနေအား ခိုင်မာအားကောင်းလာစေနိုင်ကြောင်းကို (၃.၂.၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်သည့် www.arise သတင်းဆောင်းပါးအရ သိရှိရပါသည်။
Source https://www.arise.tv/nigeria-france-sign-e1-2m-agreement-to-improve-agriculture/
တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန