ပါကစ္စတန်-တရုတ် ငရုတ်သီးနီ စီမံကိန်းသည် ပါကစ္စတန်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ရာတွင် အကူအညီတစ်ရပ်ဖြစ်

  • Fri, 3 February 2023

ပါကစ္စတန်-တရုတ် ငရုတ်သီးနီ စီမံကိန်းသည် ပါကစ္စတန်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ရာတွင် အကူအညီတစ်ရပ်ဖြစ်


ဇန်နဝါရီလ၏ သာယာသောနံနက်ခင်းတစ်ခု၌ မိုဟာမက်ဆာဂျဒ်သည် ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း Multanမြို့၏ ဝေးလံခေါင်သီသော လယ်ယာစိုက်ခင်းတစ်ခုရှိ  တရုတ်ငရုတ်ချို ပျိုးခင်း၏ ပျိုးပင်လေးများ ဝေဝေဆာဆာ ကြီးထွားသန်စွမ်းနေသည်ကို တွေ့မြင်ရ၍ စိတ် ချမ်းမြေ့ခဲ့ရပါသည်။

ယခုပျိုးပင်လေးများသည် ပါကစ္စတန်ပြည်သူတို့အတွက် မျှော်လင့်ချက်များဖြစ်စေပြီး ယင်းပျိုးပင်လေးများအား တရုတ်ခေတ်မီနည်းပညာများ အသုံးချကာ မြေတောင်မြှောက်ပေး လိုက်ပါက ပျိုးပင်လေးများ ပွင့်လန်းဝေဆာလာသကဲ့သို့ပင် မျှော်လင့်ထားသည့်အတိုင်း စည်ပင်ဖွံ့ဖြိုးလာမည့် ပါကစ္စတန်နိုင်ငံ၊ စိုက်ပျိုးရေးကဏ္ဍ၏ အနာဂတ်ကို မြင်တွေ့နေရပြီ ဖြစ်ကြောင်း မိုဟာမက်ဆာဂျဒ်က သူ၏နောက်ဘက်ရှိ အာရုဏ်ဦးချိန်၌ တစတစပိုမို ထွန်းလင်းလာသည့် နေမင်းကြီးကဲ့သို့ပင် မျှော်လင့်ချက်ရောင်ခြည်တောက်ပစွာဖြင့် ပြောကြား ခဲ့ပါသည်။

(၂၀၂၃)ခုနှစ်တွင် စတင်ခဲ့သော တရုတ်-ပါကစ္စတန် စီးပွားရေး‌ဆက်သွယ်မှုလမ်းကြောင်း (CPEC) သည် ပါကစ္စတန်နိုင်ငံရှိ Gwadar ဆိပ်ကမ်း နှင့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ Xinjiang Uygur ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Kashgar မြို့တို့အား ချိတ်ဆက်ထားရှိပြီး ပထမအဆင့်အနေဖြင့် စွမ်းအင်ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ နှင့် စက်မှုကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုတို့အား အဓိကထားကာ စိုက်ပျိုးရေးကဏ္ဍ နှင့် လူမှုဘဝ စားဝတ်နေရေးဆိုင်ရာ တို့အတွက်လည်း အသစ်ထပ်မံတိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

စိုက်ပျိုးရေးကဏ္ဍတွင် CPEC ၏ ပူးပေါင်းဆောင်ရွက်မှုကို စံနမူနာထားပြီး China Machinery Engineering Corporation နှင့် Sichuan Litong Food Group တို့ပူးပေါင်း၍ ကုမ္ပဏီတစ်ခုတည်ထောင်ပြီး (၂၀၂၁) ခုနှစ်တွင် ငရုတ်နီအကျိုးတူစိုက်ပျိုးရေးစီမံကိန်းတစ်ခု ဖော်ဆောင်ထားပြီး Multan ရှိ စီမံကိန်းသည်လည်း ၎င်းစီမံကိန်း၏ ခေတ်မီစံပြစိုက်ခင်း (၆)ခု အနက်မှ (၁)ခုအပါအဝင် ဖြစ်ပါသည်။

Sajjad ၏ ပျိုးခင်းသည် တရုတ်ငရုတ်မျိုးများကို ကန်ထရိုက်စိုက်ပျိုးရန်အတွက် ကုမ္ပဏီနှင့်ဒေသခံများပူးပေါင်းကာ ဆောင်ရွက်ထားသည့် ဧကထောင်ပေါင်းများစွာသော စံပြ စိုက်ခင်းများထဲမှ တစ်ခုဖြစ်ပြီး သီးနှံများခူးဆွတ်ပြီးပါက တရုတ်သို့ ပြန်လည်တင်ပို့ခြင်းဖြင့် ပါကစ္စတန်နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေများရရှိစေရန် ရည်ရွယ်ပါသည်။

ကုမ္ပဏီ၏ အမှုဆောင်မန်နေဂျာဖြစ်သူ Muhammad Adnan က တရုတ်ငရုတ်မျိုး များသည် အထွက်နှုန်း ကောင်းမွန်သည့်အပြင် ရောဂါဒဏ်ခံနိုင်ရည်လည်းရှိသဖြင့် ၎င်းအား စိုက်ပျိုးရန် ဒေသခံတောင်သူများ၏ စိတ်ဝင်စားမှု တိုးလာကြောင်း ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

ဒေသငရုတ်မျိုးမှာ ပိုးမွှားရောဂါကျရောက်လွယ်သောကြောင့် တောင်သူများအနေဖြင့် ငရုတ်စိုက်ပျိုးရန်တွန့်ဆုတ်နေကြသော်လည်း တရုတ်ငရုတ်မျိုးများမှာ သန်စွမ်းပြီး ခူးဆွတ်ရ လွယ်ကူသည့်အပြင် စိုက်ခင်းများမှ တရုတ်ကုမ္ပဏီများသို့ ပွဲစားမလိုပဲ တိုက်ရိုက် ရောင်းချ နိုင်သဖြင့် ဈေးကောင်းရရှိခြင်းကြောင့် ဒေသခံတောင်သူများကြား ရေပန်းစားကာ လူကြိုက် များလျက်ရှိကြောင်း၊ မကြာမီကာလတွင် သီးနှံတန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် အတွက် အဓိကကျသည့် ပိုမိုကောင်းမွန်သော လုပ်ငန်းစဉ်များအား ပါကစ္စတန်နိုင်ငံ၌ အခြေချ တည်ထောင်သွားမည်ဖြစ်ပြီး ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ နှင့် ဝင်ငွေ ပိုမိုရရှိစေမည်ဖြစ်ကြောင်း  ဆက်လက်ပြောကြားခဲ့ပါသည်။

သီးနှံ၏ အရေးကြီးဆုံးအချိန်သည် ဇန်နဝါရီလတွင်ဖြစ်ပြီး ပျိုးထောင်ခြင်းလုပ်ငန်းကို ပျိုးရုံအတွင်း၌သာ ဆောင်ရွက်ရသဖြင့် ရောဂါ (သို့) အပူချိန်တို့ကြောင့် ပျိုးပင်များ အလွယ် တကူ ပုပ်သွားနိုင်သော်လည်း စီမံကိန်းရှိ ဒေသခံ စိုက်ပျိုးရေးပညာရှင်များက တရုတ် ကျွမ်းကျင် ပညာရှင်များ၏ အကြံပြုချက်နှင့်အညီ မျိုးစေ့ချပျိုးထောင်ခြင်းလုပ်ငန်းစဉ်ကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်တွင် ငရုတ်စိုက်ပျိုးရေးအတွေ့အကြုံ (၂၇)နှစ် ရှိသည့် တရုတ်စိုက်ပျိုးရေးပညာရှင် Zhao Jianhua က ယခင်နှစ်များက ၎င်းလေ့ကျင့် သင်ကြားပေးထားပြီးဖြစ်သည့် ပါကစ္စတန် စိုက်ပျိုးရေးပညာရှင်ဦးရေ (၂၀)ကျော်တို့သည် စိုက်ခင်းများတွင် အမှီအခို ကင်းကာ ခိုင်ခိုင်မာမာ ကူညီပေးနိုင်ပြီဖြစ်ကြောင်း၊ ၎င်းတို့သည် ဒေသခံတောင်သူများထံ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို ဖြန့်ဝေရုံသာမက တရုတ်ငရုတ်

မျိုးကွဲများ နှင့် ပါကစ္စတန်ငရုတ်မျိုးကွဲများ၏ အားသာချက်များ နှင့် နည်းပညာများကို ပေါင်းစပ်ကာ ငရုတ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုမြှင့်တင်နိုင်စေရန်အတွက် ပါကစ္စတန် စိုက်ပျိုးရေးပညာရှင်များနှင့်လည်း အတူတကွလုပ်ဆောင်နေကြကြောင်း ပြောကြားခဲ့ပါသည်။
ကုမ္ပဏီ၏ လက်ထောက်အမှုဆောင်မန်နေဂျာဖြစ်သူ Muhammad Irfan Ahmad ကမူ ပျိုးရုံအတွင်း ပျိုးပင်များပြုစုပျိုးထောင်ခြင်း၊ ခေတ်မီနည်းပညာများဖြင့် ပြောင်းရွှေ့စိုက်ပျိုး ခြင်း၊ သီးနှံများအတွက် လုံလောက်သော အာဟာရများ ထည့်သွင်းပေးခြင်း စသည်ဖြင့် ခေတ်မီနည်းပညာ များစွာရှိသော်လည်း အချို့သော ဒေသခံတောင်သူများသည် ရှေးယခင်က မူလရှိရင်းစွဲ စိုက်ပျိုးနည်းစနစ်များကိုသာ လက်ခံဆောင်ရွက်နေကြဆဲဖြစ်ကြောင်း၊ စိုက်ပျိုး သူများထံ တရုတ်စိုက်ပျိုးရေးပညာရှင်များ၏ အကူအညီဖြင့် ငရုတ်သီးစိုက်ပျိုး နည်းစနစ် နှင့် သိပ္ပံနည်းကျထိန်းသိမ်းပြုစုနည်းစနစ်များ ဖြန့်ဖြူးလျက်ရှိကြောင်း ပြောကြား ခဲ့ပါသည်။
 
ငရုတ်သီးခူးဆွတ်ချိန်သည် ပုံမှန်အားဖြင့် ဇွန်လဝန်းကျင်ဖြစ်ကြောင်း၊  ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် စတင်လေ့ရှိသည့် ပါကစ္စတန်နိုင်ငံ၏ အစောပိုင်းမုတ်သုံ ရာသီဥတုကြောင့် အချို့သော အပင်များ ထိခိုက်ပျက်စီးနိုင်သဖြင့် မုတ်သုံရာသီကိုရှောင်ရှားရန်အတွက် ခေတ်မီ နည်းစနစ်ကိုအသုံးပြုခြင်းဖြင့် ယခုနှစ်တွင်မူ ငရုတ်သီးများကို မေလတွင် ခူးဆွတ်ရမည် ဖြစ်ကြောင်း Muhammad Irfan Ahmad က ဆက်လက်ပြောကြားခဲ့ပါသည်။

နောက်နေ့တွင် ရွေ့ပြောင်းစိုက်ပျိုးနိုင်ရန်အတွက် ပျိုးခင်းဘေးမှမြေကွက်အား မြေပြင် နေသည့် တောင်သူတစ်ဦးဖြစ်သူ Muhammad Ejaz က ဆင်ဟွာသတင်းဌာနနှင့် ပြောကြား ရာတွင် စီမံကိန်းနှင့်ပတ်သက်၍ ၎င်းတို့၏ မျှော်လင့်ချက်များ မြင့်မားလျက် ရှိသည့်အပြင် ၎င်းစီမံကိန်းသည် ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ကြဉ်းပေးနိုင် မည်ဟု ယုံကြည်မိကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

တရုတ်ငရုတ်မျိုး၏ ထူးခြားကောင်းမွန်သောအချက်မှာ သက်တမ်း (၈-၁၀)လခန့် ကြာသည့် ဒေသငရုတ်မျိုးနှင့်မတူဘဲ ခူးဆွတ်နိုင်ရန် သက်တမ်း(၆)လသာ ကြာမြင့်သည့် အတွက် ကျွမ်းကျင်သူများ၏ လမ်းညွှန်ချက်အတိုင်း စိုက်ပျိုးခြင်းဖြင့် အချိန်မီရိတ်သိမ်းနိုင် သည့်အပြင် အပိုဝင်ငွေရရှိစေနိုင်သည့် အခြားသီးနှံကိုပါ ထပ်မံစိုက်ပျိုးနိုင်ကြောင်းကို Ejaz က သူ၏စိမ်းလန်းစိုပြေနေသည့် ငရုတ်ပျိုးဘောင်အားကြည့်လျက် ပြောကြားခဲ့ပါသည်။

တောင်သူများ၏ စီမံကိန်းအပေါ် စိတ်ဝင်စားမှု ပိုမိုတိုးပွားလာခြင်း နှင့် တောင်သူများမှ ၎င်းမျိုးအားစိုက်ပျိုးရန် တောင်းဆိုလာမှုများ တိုးပွားလာသဖြင့် နိုင်ငံ၏ အခြားဒေသများ သို့လည်း တဖြည်းဖြည်း ကျယ်ပြန့်လာမည်ဖြစ်သောကြောင့် စီမံကိန်း၏ အနာဂတ်သည် တောက်ပလာမည်ဟု ဒေသခံ ပညာရှင်များနှင့် တောင်သူများမှ ယုံကြည်ကြကြောင်းကို  (၂၅. ၁. ၂၀၂၃ ) ရက်နေ့တွင် ထုတ်ပြန်သည့်   Xinhua သတင်းဆောင်းပါးအရ သိရှိရပါသည်။

Source    https://english.news.cn/20230125/c5b08e8775b448dca360a11f29d0ba62/c.html

တင်ပြသူ    ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ