ဗစ်တိုးရီးယားပြည်နယ်၏ စိုက်ပျိုးရေးဆိုင်ရာကုန်ပစ္စည်းများ တင်ပို့မှု စံချိန်တင်မြင့်တက်
- Fri, 3 February 2023
ဩစတျေးလျနိုင်ငံရှိ ဗစ်တိုးရီးယားပြည်နယ်၏ စားနပ်ရိက္ခာနှင့် အဝတ်အထည် တင်ပို့မှုသည် (၂၀၂၁-၂၂) ခုနှစ်တွင် ဒေါ်လာ (၁၇.၉) ဘီလီယံတန်ဖိုးဖြင့် စံချိန်တင် အမြင့်ဆုံး သို့ ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် (၂၉) ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရှိရပါသည်။
(၂၀၂၁-၂၂) ခုနှစ်တွင် ဗစ်တိုးရီးယားပြည်နယ်၏ စားနပ်ရိက္ခာ နှင့် အဝတ် အထည် ပို့ကုန်ရလဒ်များသည် ၎င်းပြည်နယ်၏ ပို့ကုန်များ အားကောင်းမှုကို ပြသခဲ့ကြောင်း Agriculture Victoria မှ ဇန်နဝါရီလ (၁၇)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ရလဒ်များအရ ဗစ်တိုးရီးယားပြည်နယ်သည် တန်ဖိုးအားဖြင့် သြစတြေးလျနိုင်ငံ၏ စားနပ်ရိက္ခာနှင့် အဝတ် အထည် ပို့ကုန်အကြီးမားဆုံးတင်ပို့သည့်ဒေသအဖြစ် ဆက်လက်တည်ရှိစေခဲ့ကာ တစ်နိုင်ငံလုံး တင်ပို့မှု စုစုပေါင်း၏ (၂၆) ရာခိုင်နှုန်းအထိ ရှိခဲ့ပါသည်။ ထိုရလဒ်များသည် နိုင်ငံ၏ ထုတ်လုပ် သူများနှင့် တင်ပို့သူများ၏ တောင့်တင်းခိုင်မာမှု နှင့် သွက်လက်မှုတို့ကို သက်သေပြပြီး ကမ္ဘာလုံး ဆိုင်ရာ ထုတ်ကုန်လိုအပ်ချက်ကို မီးမောင်းထိုးပြလျက်ရှိပါကြောင်း စွမ်းအင်၊ ပတ်ဝန်းကျင် နှင့် ရာသီဥတုဆိုင်ရာ အရေးယူဆောင်ရွက်မှု ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြား ခဲ့ပါသည်။ ဗစ်တိုးရီးယား ပြည်နယ်သည် စားနပ်ရိက္ခာနှင့် အဝတ်အထည် တင်ပို့မှုများအား (၂၀၃၀)ခုနှစ်တွင် ဒေါ်လာ (၂၀)ဘီလီယံအထိ တိုးမြှင့်ရန်ဟူသော ဗစ်တိုးရီးယားအစိုးရ၏ ရည်မှန်းချက်ကို ပြည့်မီကျော်လွန်နိုင်သည့် လမ်းကြောင်းပေါ်တွင် ရှိနေသည်ဟု ဌာန၏ ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့ပါသည်။
ကုန်စည်အုပ်စု (၁၂)ခုအနက်မှ (၁၀)ခုသည် အလားအလာကောင်းသော ပို့ကုန်တန်ဖိုး တိုးတက်မှုစာရင်းများ ရရှိထားသောကြောင့် စက်မှုလုပ်ငန်းနှင့် စျေးကွက် အမျိုးမျိုးတွင် ခိုင်မာသော ပို့ကုန်တိုးတက်မှုကို မြင်တွေ့နိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။ အလားအလာကောင်းသော တိုးတက်မှုအနေဖြင့် အစေ့အဆန်တင်ပို့မှုတွင် (၇၃)ရာခိုင်နှုန်းဖြင့် ဒေါ်လာ(၄.၄)ဘီလီယံအထိ တိုးတက်လာခဲ့ပါသည်။ အစေ့အဆန်တင်ပို့မှုသည် ဗစ်တိုးရီးယား ပြည်နယ်၏ စားနပ်ရိက္ခာနှင့် အဝတ်အထည် ကုန်စည်တင်ပို့မှု အမျိုးအစားထဲတွင် အထင်ရှား ဆုံးသော တိုးတက်မှုဖြစ်လာကာ ဗစ်တိုးရီးယား ပြည်နယ်မှ အစားအစာ နှင့် အဝတ်အထည် တင်ပို့မှု စုစုပေါင်း၏ (၂၅) ရာခိုင်နှုန်း ဖြစ်ကြောင်း သိရှိရပါသည်။
အသားတင်ပို့မှုသည် ဗစ်တိုးရီးယား၏ ဒုတိယအကြီးဆုံး ပို့ကုန်ဖြစ်ပြီး တန်ဖိုး အားဖြင့် ကန်ဒေါ်လာ (၄.၃) ဘီလီယံဖြင့် (၃၁) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး နို့နှင့်နို့ထွက်ပစ္စည်း တင်ပို့မှုမှာ (၂၀၂၁-၂၂) ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၂.၅) ဘီလီယံဖြင့် (၂၃)ရာခိုင်နှုန်းအထိမြင့်တက် ခဲ့ကာ အမြင့်ဆုံးတန်ဖိုးအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။ တရုတ်နိုင်ငံသည် ဗစ်တိုးရီးယား ပြည်နယ်၏ စားနပ်ရိက္ခာ နှင့် အဝတ်အထည် ပို့ကုန်များအတွက် တန်ဖိုးအကြီးဆုံး ပို့ကုန် ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေကာ တင်ပို့မှုမှာ ယခင်နှစ်ထက် (၂၁)ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၄.၄)ဘီလီယံ အထိ ရှိလာခဲ့ပါသည်။
ဗစ်တိုးရီးယားပြည်နယ်၏ ထိပ်တန်းပို့ကုန်ဈေးကွက် (၅)ခုတွင် အမေရိကန် နှင့် အင်ဒိုနီးရှားတို့သည် ပို့ကုန်တန်ဖိုး အများဆုံးတိုးတက်မှုအဖြစ် တွေ့ရှိရပြီး ယခင်နှစ်ထက် (၃၇)ရာခိုင်နှုန်း တိုးလာခဲ့ပါကြောင်း (၂၃.၁.၂၀၂၃) ရက်နေ့တွင် ထုတ်ဝေခဲ့သော Sheppartn News ကွန်ရက် ဆောင်းပါးအရသိရှိရပါသည်။
Source https://www.sheppnews.com.au/news/victorian-agricultural-exports-hit-record-high/
တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန