ဘိန်းအစားထိုးအဖြစ် တရုတ်နိုင်ငံသို့ ကြံတန်ချိန် (၁၆၀,၀၀၀)ခန့် တင်ပို့
- Fri, 3 February 2023
ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးထားသည့် ကြံတန်ချိန် (၁၆၀,၀၀၀)ခန့်ကို ချင်းရွှေဟော်နယ်စပ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရှိရပါသည်။
တရုတ်နိုင်ငံသို့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ဂိတ်စခန်းမှတဆင့့် ကြံတင်ပို့လျက် ရှိသည့် ရွှေအောင်ရတနာကုမ္ပဏီ နှင့် Evershine Lashio ကုမ္ပဏီတို့မှ ယခုနှစ် ကြံရာသီတွင် ပြည်ပသို့ ကြံတင်ပို့မှုအား ဆောင်ရွက်မည်ဖြစ်ပါသည်။
ယခုကာလ၌ အဆိုပါကုမ္ပဏီ(၂)ခုသည် တရုတ်နိုင်ငံသို့ နေ့စဉ်ကြံထရပ်ကား (၃၀၀)စီးခန့် တင်ပို့လျက်ရှိသည်။ ကြံကို ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံ၊ သိန္နီ နှင့် လားရှိုးမြို့နယ်များတွင် ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးလျက်ရှိပြီး ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ဂိတ်စခန်း မှတဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ နန်ဟွာသကြားစက်သို့ တင်ပို့လျက်ရှိပါသည်။
အစောပိုင်းကာလ၌ ဘိန်းအစားထိုးအစီအစဉ်ဖြင့် တရုတ်နိုင်ငံရှိ သကြားစက်များသို့ ကြံတင်ပို့ရာတွင် ချင်းရွှေဟော်မြို့ရှိ ကြံဒိုင်မှတဆင့် ယာဉ်မောင်းအစားထိုးစနစ်ဖြင့် ခရီးတို ယာဉ်မောင်းဝန်ဆောင်မှုကို ကျင့်သုံးခဲ့ပါသည်။
နှစ်နိုင်ငံကြားရှိ ကုန်သွယ်မှု အဆင်ပြေချောမွေ့ရေးအတွက် အောင်မြင်စွာဆွေးနွေး ညှိနှိုင်းပြီးနောက် မြန်မာ့ကုန်တင်ကားယာဉ်မောင်းများသည် နယ်စပ်ဖြတ်သန်းခွင့်ရရှိကာ တရုတ်နိုင်ငံရှိ သကြားစက်ရုံများသို့ ကြံများ တိုက်ရိုက် ပို့ဆောင်နိုင်ပြီဖြစ်သောကြောင့် ချင်း ရွှေဟော်နယ်စပ်မှ ဘိန်းအစားထိုး ကြံတင်ပို့မှုအား လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် ချင်းရွှေဟော် နယ်စပ်ဂိတ်စခန်းမှ တဆင့် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ (၄.၄၅၄)သန်း တန်ဖိုးရှိ ကြံတန်ချိန် (၈၇၈၈၂) တန် တင်ပို့ခဲ့ပြီးဖြစ်ပါသည်။ ပြီးခဲ့သည့် (၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသည် ကြံ (၂၉၀,၅၇၆) တန် တင်ပို့ရာမှ အမေရိကန်ဒေါ်လာ (၁၄.၅၂၈)သန်း ဝင်ငွေရရှိခဲ့ပါသည်။ လားရှိုး ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပြန်သည့်စာရင်းများအရ (၂၀၂၁-၂၀၂၂)ခုနှစ်တွင် မြန်မာ နိုင်ငံ၏ ဘိန်းအစားထိုး စိုက်ပျိုးဧရိယာ၌ ကြံစိုက်ဧက (၁၁,၄၃၃)ဧက စိုက်ပျိုးခဲ့ပြီး ကြံ တန်ချိန်(၃၂၅,၁၁၈)တန် ထွက်ရှိခဲ့သဖြင့် အမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
အဆိုပါကြံများကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ခုတ်သိမ်းကာ ဒီဇင်ဘာလ မှ မတ်လ ပထမပတ်အတွင်း တင်ပို့ကြပါသည်။ ကြံသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် အများဆုံး စိုက်ပျိုးလေ့ရှိပြီး ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးလျက်ရှိပါသည်။
ယခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြံစိုက်ဧရိယာ (၄၅၀,၀၀၀)ဧကခန့် စိုက်ပျိုးလျက်ရှိပြီး နှစ်စဉ်သကြားတန်ချိန် (၄၅၀,၀၀၀) ထွက်ရှိပါသည်။ လွန်ခဲ့သည့်နှစ်များက သကြားကို ပြည်တွင်း ဖူလုံရုံသာမက ပိုလျှံမူများကို တရုတ်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံသို့ပါ တင်ပို့နိုင်ခဲ့ပါသည်။ ယခုကာလတွင် ဗီယက်နမ်နိုင်ငံသို့သာ တင်ပို့ရောင်းချလျက် ရှိကြောင်းကို မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း၏ သတင်းအချက်အလက် များအရ သိရှိရပါသည်။
ကြံကို ဒီဇင်ဘာလ မှ ဇန်နဝါရီလအတွင်း စတင်စိုက်ပျိုးပြီး၊ နောက်နှစ် နိုဝင်ဘာလ မှ ဖေဖော်ဝါရီလအတွင်း ခုတ်သိမ်းနိုင်သည်။ မြန်မာနိုင်ငံ၌ ကြံသီးနှံတစ်ကြိမ် စိုက်ပျိုးပြီးလျှင် လမိုင်းထား၍ (၄)နှစ်ခန့် ဆက်လက်ထိန်းသိမ်း ထုတ်လုပ်ကြကြောင်းကို (၂၈.၁.၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global New Light Of Myanmar ၏ သတင်းဆောင်းပါးများ အရ သိရှိရပါသည်။
Source https://www.gnlm.com.mm/around-160000-tonne-sugarcane-to-be-exported-to-china-under-opium-substitution/
တင်ပြသူ ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန