တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား ထုတ်ကုန်များကို အဓိကဝယ်ယူသူဖြစ်လာ

  • Mon, 16 January 2023

တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား ထုတ်ကုန်များကို အဓိကဝယ်ယူသူဖြစ်လာ


(2022)ခုနှစ်တွင် တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ လယ်ယာထွက်ကုန်များကို အဓိကတင်သွင်းသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ကြာသပတေးနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရှိရ ပါသည်။

တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား စိုက်ပျိုးရေးထွက်ကုန်များမှ အများအားဖြင့် ဆန်စပါး၊ ငှက်ပျောသီး၊ သရက်သီး၊ ပီလောပီနံ၊ သီဟိုဠ်စေ့၊ ပြောင်း၊ နှင်းသီး နှင့် ငရုတ်ကောင်း အစရှိသည်တို့ကို ဝယ်ယူခဲ့ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထား ပါသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ လယ်ယာ ထွက်ကုန် (၆၈၉,၇၀၂)တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား လယ်ယာထွက်ကုန်များကို တင်သွင်းရန် အလား အလာ များစွာရှိနေဆဲဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍတွင် မည်သည့်နိုင်ငံကမှ ထိုကဲ့သို့ တင်သွင်း သုံးစွဲခြင်းမရှိသေးကြောင်း ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီး Dith Tina က ပြောကြားခဲ့ပါသည်။

ကမ္ဘောဒီးယား နှင့် တရုတ်နိုင်ငံတို့သည် ခိုင်မာသည့် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများရှိပြီး ဆန်၊ သရက်သီး၊ ငှက်ပျောသီးနှင့် နှင်းသီးတို့ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ၎င်းက ဆင်ဟွာသတင်းဌာန သို့ ပြောကြားခဲ့ပါသည်။ ၎င်းတို့တွင်ရှိသော အလားအလာကောင်းများကို အသုံးချရန်အတွက် ပိုမိုကောင်းမွန်ပြီး ထိရောက်သော နည်းလမ်းအသစ်များရှာဖွေရန် (၂)နိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်များအားလုံးကို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် တိုက်တွန်း လိုကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူညီချက်နှင့် ပြီးခဲ့သောနှစ် ဇန်နဝါရီလတွင် စတင်အသက်ဝင်ခဲ့သော ကမ္ဘောဒီးယား-တရုတ် လွတ်လပ်သော

ကုန်သွယ်မှုသဘောတူညီချက် (CCFTA)သည် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေး  ဖွံ့ဖြိုး တိုးတက်မှုတွင် တွန်းအားအသစ်တစ်ခုဖြစ်ကြောင်း Tina မှ ပြောကြားခဲ့ပါသည်။

RCEP နှင့် CCFTA စာချုပ်တို့သည် ပါ၀င်သည့်နိုင်ငံများအတွက် အပြန်အလှန် စျေးကွက်ဖွင့်ပေးသည့် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်များဖြစ်ပြီး လယ်သမားများအား ၎င်းတို့၏ လယ်ယာထွက်ကုန်များကို နိုင်ငံအသီးသီးသို့ တင်ပို့ရန် ရွေးချယ်မှုများ ပေးစွမ်းနိုင်ကြောင်း၊ လွတ်လပ်သောကုန်သွယ်မှုဒေသ နှစ်ခုစလုံးသည် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရုံသာမက လယ်သမားများ၏ လူမှုဘဝဖူလုံရေးနှင့် သာယာဝပြောရေးကိုပါ အထောက်အကူဖြစ်စေကြောင်း  ၎င်းက ပြောပါသည်။

စိုက်ပျိုးရေးသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးကို ပံ့ပိုးပေးသည့် မဏ္ဍိုင်လေးခုထဲမှ တစ်ခုဖြစ်ပြီး ထိုကဏ္ဍသည် (2021) ခုနှစ်တွင် နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ၏ (24.4%) ပံ့ပိုးပေးခဲ့ပါကြောင်း (၅.၁.၂၀၂၃)ရက်နေ့တွင် ထုတ်ဝေခဲ့သော  Xinhua ကွန်ရက် ဆောင်းပါးအရသိရှိရပါသည်။

Source    https://english.news.cn/20230105/09f70c06031d4c13bccbdd3474d4ea78/c.html
တင်ပြသူ    ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ