အိန္ဒိယ၏ သွင်းကုန်မူဝါဒပြင်ဆင်ချက်များကြောင့် မတ်ပဲဈေးနှုန်းများ တစ်တန်လျှင် ကျပ်(၁.၇) သန်းအောက်သို့ ကျဆင်း
- Fri, 13 January 2023
မတ်ပဲ (urad) နှင့် ပဲစင်းငုံ (tur) အခမဲ့တင်သွင်းမှုမူဝါဒအား ၂၀၂၁ ခုနှစ်၊ မတ်လတွင် သက်တမ်းတိုးခဲ့ကြောင်း၊ ပြည် တွင်းဈေးကွက်တွင် မတ်ပဲဈေးနှုန်းသည် တစ်တန်လျှင် ကျပ် (၁.၇) သန်းအောက်သို့ ကျဆင်းသွားခဲ့ကြောင်း ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် အိန္ဒိယနိုင်ငံ၏ အသိပေးချက်အရ သိရှိရပါသည်။
ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် မတ်ပဲ တစ်တန်လျှင် (၁,၈၃၈,၀၀၀)ကျပ် ဈေးရှိခဲ့ပါ သည်။ အိန္ဒိယ၏ မကြာသေးမီက သတိပေးချက်ထုတ်ပြန်ပြီးနောက် မတ်ပဲဈေးနှုန်းသည် ထိုးကျသွားခဲ့ပြီး တစ်တန်လျှင် အနည်းဆုံး (၁,၆၉၂,၀၀၀) ကျပ်အထိ ရောက်ရှိခဲ့ပါသည်။
သီတင်းပတ် (၃)ပတ်အတွင်း ကိန်းဂဏန်းများအရ တစ်တန်လျှင် (၁၅၀,၀၀၀)ကျပ်ခန့် သိသိသာသာ ကျဆင်းသွားသည်ကို တွေ့ရှိခဲ့ရပါသည်။ မတ်ပဲဈေးနှုန်း အတက်အကျများသည် အဓိက ဝယ်ယူသည့် အိန္ဒိယနိုင်ငံ၏ သွင်းကုန်မူဝါဒနှင့် ဝယ်လိုအားတို့ ဆက်စပ်နေသည်ဟု ကုန်သည်များက ပြောကြားခဲ့သည်။
ထို့ပြင် အိန္ဒိယနိုင်ငံ၏ Chennai ဈေးကွက်တွင် မတ်ပဲဈေးနှုန်းများ ကျဆင်းလျက် ရှိပြီး ခရစ်စမတ်နှင့် နှစ်သစ်ကူးအားလပ်ရက်များတွင် အရောင်းအဝယ် နှေးကွေးလျက်ရှိပါသည်။ ထို့အပြင် မှောင်ခိုဈေးကွက်ရှိ ငွေလဲလှယ်မှုနှုန်းများသည်လည်း မတ်ပဲဈေးနှုန်းများကို ထိခိုက် စေခဲ့ပြီး လက်တလောတွင် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ (၂,၈၀၀)ဝန်းကျင်ဖြင့် လဲလှယ်လျက်ရှိပါသည်။
ဩဂုတ်လနောက်ပိုင်းတွင် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ (၄,၅၀၀)အထိ အမြင့်ဆုံးရောက်ရှိခဲ့ပြီး ၎င်းနောက်ပိုင်းတွင် မတ်ပဲဈေးနှုန်းသည် တစ်တန်လျှင် မြန်မာကျပ်ငွေ (၂.၁) သန်းအထိ စံချိန်တင်အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပါသည်။
လက်ရှိဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံသည် ပြီးခဲ့သည့် (၈)လအတွင်း ပဲမျိုးစုံ တင်ပို့မှု တန်ချိန် (၁.၁)သန်းကျော်မှ အမေရိကန်ဒေါ်လာ သန်း (၉၀၀)ကျော် ရရှိခဲ့ပါသည်။ ၎င်းတို့အထဲမှ မတ်ပဲတင်ပို့မှုပမာဏ (၄၈၃,၃၅၉.၂၁၁) ကီလိုဂရမ် မှ အမေရိကန်ဒေါ်လာ (၄၀၂.၉၈)သန်း ရရှိခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းအင်းများအရ သိရှိရပါသည်။
မြန်မာနိုင်ငံသည် အဓိကအားဖြင့် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံများကို တင်ပို့လျက်ရှိပြီး ၎င်းတို့အထဲမှ မတ်ပဲ နှင့် ပဲစင်းငုံအား အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့ပြီး ပဲတီစိမ်းအား တရုတ် နှင့် ဥရောပသို့ တင်ပို့လျက်ရှိပါသည်။
အိန္ဒိယနိုင်ငံ၏ မတ်ပဲ နှင့် ပဲစင်းငုံ ဝယ်လိုအား နှင့် စားသုံးမှု လိုအပ်ချက်များ တိုးလာ နေပါသည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည့် မြန်မာနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ အကြားရှိ နားလည်မှုစာချွန်လွှာအရ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ (၂၀၂၁ - ၂၂) ဘဏ္ဍာနှစ်မှ (၂၀၂၅ - ၂၆) ဘဏ္ဍာနှစ်အထိ (၅) နှစ်ဆက်တိုက် မတ်ပဲ တန်ချိန် (၂၅၀,၀၀၀) နှင့် ပဲစင်းငုံ တန်ချိန် (၁၀၀,၀၀၀) ခန့် တင်သွင်းမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဤ G-to-G စာချုပ်သည် အိန္ဒိယ၏ နှစ်စဉ် ပဲမျိုးစုံခွဲတမ်းအပေါ် သက်ရောက်မည် မဟုတ်ပေ။ မြန်မာ နိုင်ငံ၏ ပို့ကုန်လုပ်ငန်းရှင်များသည်လည်း အဆိုပါနှစ်စဉ်ခွဲတမ်းအရ အိန္ဒိယနိုင်ငံသို့ ပဲမျိုးစုံ တင်ပို့ခွင့်ရှိပါသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် မတ်ပဲတန်ချိန် (၄၀၀,၀၀၀) နှင့် ပဲစင်းငုံ တန်ချိန် (၅၀,၀၀၀)ခန့် ထွက်ရှိပြီး အိန္ဒိယနိုင်ငံ၏ အဓိကဝယ်လိုအားဖြစ်သော မတ်ပဲကို အများဆုံး စိုက်ပျိုး ထုတ်လုပ် လျက်ရှိသည့် နိုင်ငံဖြစ်ပြီး ပဲစင်းငုံ၊ ပဲတီစိမ်း နှင့် ကုလားပဲတို့အား မြန်မာနိုင်ငံ အပြင် ဩစတေးလျ နှင့် အာဖရိကနိုင်ငံများသည်လည်း စိုက်ပျိုးလျက်ရှိပါကြောင်း (၂. ၁. ၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.gnlm.com.mm ၏ သတင်း အချက်အလက်များ အရ သိရှိရပါသည်။
Source https://www.gnlm.com.mm/black-gram-price-dips-to-below-k1-7-mln-per-tonne-on-amendment-of-import-policy-by-india/
တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန