ယခုနှစ်ဈေးကွက်တွင် ထိုင်ဝမ်မျိုးကွဲ ဇီးသီးများ ဈေးနှုန်းကောင်းမွန်လာသည်ကို တွေ့ရ
- Thu, 12 January 2023
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်မှ ထွက်ရှိသော ရာသီပေါ် ထိုင်ဝမ်မျိုး ဇီးသီးများ၏ အထွက်နှုန်းသည် ယခုနှစ်တွင် အတန်အသင့် မြင့်မားခဲ့ပြီး ဝယ်လိုအား မြင့်မားမှုနှင့်အတူ ဈေးကောင်းရရှိလျက်ရှိကြောင်းကို ဇီးသီးစိုက်ပျိုးသူများထံမှ သိရှိ ရသည်။ ပြည်တွင်းဈေးကွက်တွင် လက်ရှိပေါက်ဈေးမှာ ဇီးသီးအလုံးကြီး ကတ်ထူပုံး တစ်ပုံးလျှင် (၁၅,၀၀၀) ကျပ်နှင့် ဒုတိယတန်းစား အသီးတစ်ပုံးလျှင် ကျပ် (၉,၀၀၀) မှ ကျပ် (၁၀,၀၀၀) အထိ ပေါက်ဈေးရှိသည်။ အလုံးသေး ဇီးသီးတစ်အိတ်လျှင် ဈေးနှုန်း ကျပ်(၂၀,၀၀၀) နှင့် ကတ်ထူပုံးတစ်ပုံးလျှင် ကျပ်(၈,၀၀၀) ရှိနေပါသည်။ ပြန်လည်ရောင်းချရန် ဝယ်ယူသည့် ဝယ်ယူသူ နှင့် ပွဲစားများ အပြိုင်အဆိုင် ဝယ်ယူနေသောကြောင့် ဈေးကောင်း ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
ယခုနှစ် ဇီးသီးအထွက်အများဆုံးရာသီတွင်
စျေးကောင်းရရှိနေသည်။ ဇန်နဝါရီလလယ် နှင့် ဖေဖော်ဝါရီလတို့တွင်
ဇီးသီးအမြောက်အမြားထွက်ရှိခဲ့သလို အလုံးအရွယ်အစားပေါ် မူတည်၍
သင့်လျော်သောစျေးနှုန်းများလည်း ရရှိမည်ဖြစ်ပါသည်။ ယခုနှစ်တွင် ဈေးကွက်
ခိုင်မာကောင်းမွန်နေမည်ဖြစ်ပြီး ထိုင်ဝမ်မျိုးဇီးသီးများကို ဒေသတွင်းတွင်
အဓိက စိုက်ပျိုး ကြသည်။ ဇီးသီးများကို စားသုံးသူများအပြင်
ယိုလုပ်ငန်းရှင်များမှလည်း အဓိက ဝယ်ယူ ကြသည်။ သယ်ယူပို့ဆောင်စရိတ်များ
ဈေးနှုန်းကြီးမားမှုကြောင့် ပြည်ပတင်ပို့မှုများ တင်ပို့ခြင်းကို ယခုတိုင်
မဆောင်ရွက်နိုင်ခဲ့ပေ။ ဇီးသီးများကို တစ်နှစ်လျှင် တစ်ကြိမ်သာ
ကောက်ယူနိုင်ပြီး ဇီးသီးဝယ်လိုအား ကြီးမားလာသည့်အတွက် တောင်သူတိုင်း
ပျော်ရွှင် နေကြကြောင်း စည်တော်လေးကျေးရွာမှ ဇီးသီးစိုက်ပျိုးရေးနှင့်
ရောင်းဝယ်ရေးပိုင်ရှင် ဦးမြင့်ဆွေက ပြောသည်။ ယခုနှစ်တွင် (၃)ရက်လျှင်
တစ်ကြိမ် ပြည်တွင်းဈေးကွက်သို့ ဇီးသီး ကတ်ထူပုံး (၂၅ )ပုံးနှင့် အိတ် (၁၀၀)
ဖြန့်ဝေနိုင်ခဲ့သည်။ ဇီးသီးများကို ရန်ကုန်၊ လားရှိုး နှင့် မန္တလေးသို့
တင်ပို့လျက်ရှိပြီး အထူးသဖြင့် ရန်ကုန် နှင့် မြန်မာနိုင်ငံ
အောက်ပိုင်းဒေသများသို့ တင်ပို့လျက်ရှိသည်။ ပုသိမ်ကြီးမြို့နယ်တွင်
ဇီးသီးစိုက်ဧက (၁၀၀) ကျော်ရှိပြီး တစ်ဧက ကျပ် (၈) သန်းမှ (၁၀)သန်းအထိ
ရရှိနေကြောင်းကို (၁. ၁. ၂၀၂၃) ရက်နေ့က ဖတ်ရှုခဲ့ရသည့် Global New Light of
Myanmar သတင်းဆောင်းပါးမှတဆင့် သိရှိခဲ့ရသည်။
Source https://www.gnlm.com.mm/this-years-market-sees-good-price-for-taiwan-strain-plums/
ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၁၁)ရက်
တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
စစ်ဆေးသူ ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန