လယ်ယာထွက်ကုန်များ တင်ပို့မှု သိသိသာသာ မြင့်တက်လာ
- Mon, 17 February 2025
ကမ္ဘောဒီးယားနိုင်ငံသည် (၂၀၂၄)ခုနှစ်တွင် အလားအလာရှိသော စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုတွင် သိသာထင်ရှားစွာ မြင့်တက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန၏ တရားဝင် အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကတင်ပို့သည့် ကုန်ပစ္စည်းများမှာ ဆန်၊ ငှက်ပျောသီး၊ သရက် သီး၊ ပီလောပီနံ၊ သီဟိုဠ်စေ့၊ ပြောင်း၊ ငရုတ်ကောင်းနှင့် ဆေးရွက်ကြီးတို့ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံသည် စပါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁,၃၉၈)သန်းနှင့် ဆန်တင်ပို့ မှုမှ အမေရိကန်ဒေါ်လာ (၄၉၁)သန်းရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၁၁.၆၉) ရာခိုင်နှုန်း နှင့် (၅) ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
ပီလောပီနံတင်ပို့မှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၆၈၉)သန်းရှိပြီး ရော်ဘာတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ (၅၉၅)သန်းရှိကာ တိုးတက်မှုနှုန်းမှာ (၆.၆၉)ရာခိုင်နှုန်းနှင့် (၁၂.၇၈)ရာခိုင်နှုန်း အသီးသီးရှိနေသည်။
သီဟိုဠ်စေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၅၀၅)သန်းရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၃၁) ရာခိုင်နှုန်း တိုးမြင့်လာကာ သရက်သီးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁၄၅)သန်းရရှိခဲ့ပြီး (၂၇) ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။
သို့သော် ငှက်ပျောတင်ပို့မှုမှာ (၉.၃၅)ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ (၁၅၂)သန်းရှိပါသည်။ တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သည် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေး ထွက်ကုန်များကို အဓိက တင်သွင်းကြပါသည်။
ယခုအခါ ကမ္ဘောဒီးယားနိုင်ငံသည် လယ်ယာထွက်ကုန်တင်ပို့မှုကို တရားမဝင်တင်ပို့မှုမှ ပြောင်းလဲ၍ တရားဝင်လမ်းကြောင်းများမှတစ်ဆင့် အဓိကတင်ပို့နေခြင်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Khim Finan မှ ပြောကြားခဲ့ပါသည်။
“ဒီအကျိုးရလဒ်တွေက စိုက်ပျိုးရေးထုတ်ကုန်တွေကို ပြည်ပတင်ပို့နိုင်သည့် စံချိန်မှီအရည် အသွေးရရှိအောင် ကူညီပေးပြီး ဈေးကွက်သစ်များဖွင့်လှစ်နိုင်ခြင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင် ပေးခြင်းစသည့် အောင်မြင်မှုကို ရရှိစေကြောင်း” Finan ကပြော ကြားခဲ့ပါသည်။
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာမူဝါဒသစ်တစ်ရပ်ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လယ်ယာလုပ်ငန်းကို မိသားစုလုပ်ငန်းမှ စီးပွားဖြစ် လယ်ယာသို့ အဆင့်မြှင့်တင်ကာ လယ်သမားများ၏ ဝင်ငွေကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ် ထားကြောင်း သိရှိရပါသည်။
ဝန်ကြီးချုပ် Hun Manet သည် ပြီးခဲ့သော အပတ်က Kampong Thom ပြည်နယ်ရှိ သီဟိုဠ်စေ့စိုက်ပျိုးရေးအဖွဲ့သို့ သွားရောက်ပြီး သီဟိုဠ်ပင်စိုက်ပျိုးခြင်းဆိုင်ရာ သတင်းအချက်အလက် များကို ကိုယ်တိုင်လေ့လာခဲ့ပါသည်။
ခေတ်မီသီဟိုဠ်စိုက်ပျိုးရေး အသိုက်အဝန်းဖွဲ့စည်းနိုင်ရန် နည်းပညာပံ့ပိုးကူညီပေးရန်နှင့် အရေအတွက်နှင့် အရည်အသွေးနှစ်မျိုးလုံး၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံးကို သီဟိုဠ်စိုက်တောင်သူများအား လိုအပ်သော အကူအညီများပေးရန် ၎င်းကတိုက်တွန်းခဲ့ပါသည်။
ဦးစားပေးမူဝါဒအရ အစိုးရက စိုက်ပျိုးရေးဝန်ထမ်း (၂၅၀)ကို တရားဝင်ခန့်အပ်ထားပြီး စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များပြားစေရန် တစ်နိုင်ငံလုံး အနေဖြင့် (၂၀၂၅)ခုနှစ်တွင် (၁၃၀၀)ကျော်အထိ တိုးမြှင့်ခန့်အပ်သွားမည် ဖြစ်သည်။
အဆိုပါဝန်ထမ်းများသည် ခြံပိုင်ရှင်တောင်သူများအား နည်းပညာပိုင်းအရ ကူညီဆောင်ရွက် ပေးမည်ဖြစ်ပြီး စိုက်ပျိုးရေး သမဝါယမများ ဖွဲ့စည်းခြင်း၊ ထုတ်လုပ်မှုကွင်းဆက်တလျှောက် ချိတ်ဆက်ပေးခြင်းနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များလျှော့ချနိုင်ရေးအတွက် တောင်သူများအား လမ်းပြကူညီပေးသွားမည်ဖြစ်ကြောင်း (၄-၂-၂၀၂၅)ရက်နေ့ထုတ် KHMER TIMES သတင်းအရ သိရှိ ရပါသည်။
Source https://www.khmertimeskh.com/501633884/agricultural-products-see-remarkable-surge-in-exports/
တင်ပြသူ ဒေါ်လင်းလဲ့ရည်အောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂ ) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန