ဈေးကွက်တွင်း၌ ကုန်စည်ဒိုင်အဖွင့်ဈေးနှုန်း နှင့် ရောင်းဈေး ကွာခြားချက်များ ဖြစ်ပေါ်လာ
- Wed, 11 January 2023
ကုန်စည်ဒိုင်များတွင် အရောင်းအဝယ်ပြုလုပ်သည့် ကုန်စည်များ၏
အဖွင့်ဈေးနှုန်းကို နေ့စဉ်အသိပေးထုတ်ပြန်လေ့ရှိသော်လည်း
ကုန်စည်ပြတ်လပ်ခြင်း (သို့မဟုတ်) ကုန်စည် များပြားခြင်း
စသည့်အခြေအနေများပေါ်မူတည်၍ စျေးကွက်အတွင်း၌ အချိန်နှင့်အမျှ ဈေးနှုန်း
အပြောင်းအလဲများ ဖြစ်ပေါ်လျက်ရှိကြောင်းကို ကုန်စည်ဝယ်လက်အချို့၏
ပြောကြားချက်များ အရ သိရှိရပါသည်။
ဘုရင့်နောင်ဈေးကွက်ရှိ
ကုန်စည်ဒိုင်များတွင် ကြက်သွန်နီများကို ၎င်းတို့၏ထွက်ရှိရာ ဒေသ
ကွဲပြားမှုပေါ်မူတည်၍ နံနက် (၇)နာရီတွင် အဖွင့်ဈေးနှုန်း သတ်မှတ်ကြပါသည်။
အချို့ဒေသရှိ ကုန်စည်ဒိုင်များ၌မူ ကြက်သွန်နီ၏ အရည်အသွေးပေါ်မူတည်၍
ဈေးနှုန်းကို (၁)ခုထက်ပို၍ ဖွင့်လှစ်လေ့ရှိသည်။ အာလူးအဖွင့်ဈေးနှုန်းကို
နံနက် (၁၀)နာရီဝန်းကျင်၌ ဖွင့်လှစ်လေ့ ရှိပါသည်။
ဝယ်ယူသူများသည်
ကုန်စည်ဒိုင်ဖွင့်ချိန် နေ့စဉ်နံနက်(၇)နာရီ မတိုင်မီ ဘုရင့်နောင်
ဈေးကွက်သို့ လာရောက်ကြပါသည်။ အချို့သော ကုန်စည်ဒိုင်များ၏ ဂိုဒေါင်လက်ကျန်
ကုန်ပစ္စည်း အခြေအနေပေါ်မူတည်ကာ အဖွင့်ဈေးနှုန်းအခြေအနေကို
ခန့်မှန်းလေ့ရှိကြသည်။ ၎င်းတို့သည် ကုန်ပစ္စည်းရရှိနိုင်မှု နည်း၍
အဖွင့်ဈေးနှုန်းများ တက်လာနိုင်သည့်နေ့များ၌ ပစ္စည်းပြတ်လပ်နိုင်ခြေရှိပါက
ကုန်စည်ဝယ်ယူရရှိနိုင်စေရေးအတွက် လိုအပ်သော ပမာဏကို ကြိုတင်မှာယူကြသည်။
ကုန်စည်ဒိုင်များတွင် ကုန်ပစ္စည်းလက်ကျန်များ များပြားနေချိန်၌မူ
ကုန်သည်များသည် အဖွင့်ဈေးနှုန်း ကြေငြာပြီးချိန်မှသာ ဝယ်ယူကြပါသည်။
ပွဲစားများသည် ကုန်စည်ဒိုင်အဖွင့်စျေးနှုန်းအပေါ် အခြေခံ၍
ဝယ်လိုအားများပြီး ကုန်ပစ္စည်းလက်ကျန်နည်းပါးနေချိန်၌ စျေးနှုန်းကို
မြှင့်တင်ကာ ရောင်းချလေ့ရှိကြပြီး အရည် အသွေး မကောင်းသည့်
ကုန်ပစ္စည်းများနှင့် များပြားပိုလျှံနေသည့် လက်ကျန်ကုန်ပစ္စည်းများ ကိုမူ
လျော့စျေးဖြင့် ရောင်းချလေ့ရှိကြပါသည်။ စျေးကွက်ရှိ
အချို့လက်လီဆိုင်များတွင်မူ လူကြိုက်နည်းပါးသော ကုန်ပစ္စည်းများအား
စျေးနှုန်းချိုသာစွာ ရရှိနိုင်သည့်အပြင် အကြွေးစနစ်
ဖြင့်လည်းရရှိနိုင်ပါသည်။ ထို့ကြောင့် ယင်းလုပ်ငန်းနှင့်
ဆက်စပ်နေသူများအနေဖြင့် ကုန်စည် ဒိုင်များ၏
အဖွင့်ဈေးနှုန်းများအပြင် စျေးကွက်အတွင်းရှိ စျေးနှုန်းပြောင်းလဲမှု အခြေအနများကိုပါ မျက်ခြေမပြတ် စုံစမ်းနေရန် လိုအပ်ပါသည်။
ရန်ကုန်မှကုန်သည်ကြီးများသည် အခြားကုန်သည်များနှင့် ရောင်းချသည့်
စျေးနှုန်း များအား ထိန်းညှိနိုင်ရေးအတွက် နေ့စဉ်အဖွင့်ဈေးနှုန်းများအပြင်
တိုင်းဒေသကြီးများ၌ အမှန်တကယ် ဒေသပေါက်စျေးနှုန်းများကိုပါ
တိုက်ဆိုင်စစ်ဆေး နေရမည်ဖြစ်သည်။
နယ်စပ်ဒေသ နှင့်
မြစ်ဝကျွန်းပေါ်ဒေသရှိ မြို့ကြီးအချို့သို့ ကြက်သွန်နီ နှင့်
ငရုတ်သီးရောင်းလိုအား လျော့နည်းသွားသည်။ ထို့ကြောင့် မူရင်းဒေသများမှ
တိုက်ရိုက် တင်ပို့မှုများ ပေါ်ပေါက်လာပြီး ကြားခံပွဲစားမရှိတော့သဖြင့်
ကုန်စည်ဈေးနှုန်းများ ကျဆင်း သွားပါသည်။
တိုင်းဒေသကြီးများရှိ
ကုန်စည်ဒိုင်များသည် ယခင်ကဘုရင့်နောင်ကုန်စည်ဒိုင်၏ ဈေးနှုန်းအပေါ်မူတည်၍
၎င်းတို့၏ ကုန်စည်အဖွင့်ဈေးနှုန်းများအား သတ်မှတ်ခဲ့သည်။ ယခုအချိန်တွင်
လက္ကားဒိုင်များသည် အခြားဒေသရှိကုန်စည်ဒိုင်များ၏ ဈေးကွက် ပေါက်ဈေးကိုပါ
စောင့်ကြည့်လေ့လာသုံးသပ်ပြီးမှ ၎င်းတို့၏ ကုန်စည်ဒိုင် အဖွင့်စျေးနှုန်းအား
သတ်မှတ်ကြကြောင်းကို(၉-၁-၂၀၂၃)ရက်နေ့ထုတ်Global New Light of Myanmar
သတင်းဆောင်းပါးအရသိရှိရပါသည်။
Source https://www.gnlm.com.mm/gap-in-commodity-opening-and-selling-prices-emerges-in-markets/
တင်ပြသူ ဒေါ်အေးအေးခိုင်၊စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ (၁၁)ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ဒု- ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန