ပိုလန်သည် နယ်သာလန်ကို ကျော်လွန်၍ ထုတ်လုပ်မှုတန်ချိန် (၈.၂)သန်းဖြင့် ကမ္ဘာ့အာလူးထုတ်လုပ်မှု၌ နဝမမြောက်အဆင့်၌ ရပ်တည်လျက်ရှိ

  • Wed, 5 February 2025

ပိုလန်သည် နယ်သာလန်ကို ကျော်လွန်၍ ထုတ်လုပ်မှုတန်ချိန် (၈.၂)သန်းဖြင့် ကမ္ဘာ့အာလူးထုတ်လုပ်မှု၌ နဝမမြောက်အဆင့်၌ ရပ်တည်လျက်ရှိ


၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့က နောက်ဆုံးထုတ်ပြန်ခဲ့သည့် သတင်းအချက် အလက်များအရ ပိုလန်နိုင်ငံသည် နယ်သာလန်ကို ကျော်လွန်ကာ ကမ္ဘာပေါ်တွင် အာလူးအများဆုံး ထုတ်လုပ်သည့် (၁၀) နိုင်ငံအနက်မှ တစ်နိုင်ငံဖြစ်လာခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာဖြန့်ချီမှုအရ တန်ချိန် (၉၃) သန်းအထိ ဖြန့်ချီထားသော တရုတ်နိုင်ငံသည် ကမ္ဘာ့ထိပ်တန်းထုတ်လုပ်သူအဖြစ် ရပ်တည် လျက်ရှိပြီး အာလူးတန်ချိန် (၈.၂) သန်း ထုတ်လုပ်ထားသည့် ပိုလန်နိုင်ငံမှာ နဝမမြောက် အဆင့်၌ ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံပြီးလျှင် အိန္ဒိယနိုင်ငံသည် တန်ချိန် (၆၀.၁) သန်းဖြင့် ဒုတိယမြောက်အကြီးဆုံး ထုတ်လုပ်သူဖြစ်ပြီး ယူကရိန်း၊ အမေရိကန်နှင့် ရုရှားတို့သည်လည်း တန်ချိန် (၂၁.၄) သန်း၊ တန်ချိန် (၂၀)သန်းနှင့် (၁၉.၃) သန်း အသီးသီးဖြင့် ထိပ်ဆုံးထုတ်လုပ်သူ (၅) နေရာ၌ အသီးသီးရပ်တည် လျက်ရှိပါသည်။ အခြားထင်ရှားသော ဥရောပ ထုတ်လုပ်သူများအနေဖြင့် ဂျာမနီမှ တန်ချိန် (၁၀.၅) သန်း၊ ပြင်သစ်မှ တန်ချိန် (၈.၈) သန်း ထုတ်လုပ်တင်ပို့ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တန်ချိန် (၉.၉) သန်းအထိ သိသိသာသာ တိုးတက်ထုတ်လုပ်လာနိုင်ခဲ့ပါသည်။

(၂၀၂၃) ခုနှစ်အတွက် ထုတ်ပြန်ထားသည့် FAOSTAT၏ သတင်းအရင်းအမြစ်များအရ အာရှ တိုက်သည် အာလူးထုတ်လုပ်ရာ၌ အထင်ရှားဆုံးဖြစ်ပြီး ၎င်း၏နောက်တွင် ဥရောပတိုက်၊ မြောက် အမေရိကတိုက်နှင့် အာဖရိကတိုက်တို့ဖြစ်ကြသည်။ ကမ္ဘာတဝှမ်း အာလူးထုတ်လုပ်သည့် ဧရိယာ သည် (၂၀၂၂) ခုနှစ်တွင် ဟက်တာ (၁၈.၁) သန်းမှ (၂၀၂၃) ခုနှစ်တွင် ဟက်တာ (၁၆.၈)သန်း သို့ လျော့ကျခဲ့သော်လည်း အဆိုပါ ဧရိယာလျော့နည်းသွားမှုကြောင့် အထွက်နှုန်း ကျဆင်းသွားခြင်း မရှိဘဲ ယမန်နှစ်က တန်ချိန် (၃၇၆)သန်း ထွက်ရှိခဲ့ရာမှ (၂၀၂၃) ခုနှစ်တွင် တန်ချိန် (၃၈၃) သန်း အထိ ထွက်ရှိခဲ့သဖြင့် ကမ္ဘာလုံးဆိုင်ရာ အာလူးအထွက်နှုန်းမှာ တိုးတက်လျက်ရှိပါသည်။

ပိုလန်သည် အာလူးထုတ်လုပ်မှု တိုးတက်စေရန် တစိုက်မတ်မတ် ဆောင်ရွက်လျက် ရှိသောကြောင့် ထုတ်လုပ်မှုအဆင့်သတ်မှတ်ချက် မြင့်တက်လာရခြင်းဖြစ်ကြောင်း အဆိုပါ တိုးတက် လာမှုကို အမိအရ ဆုပ်ကိုင်ကာ ကမ္ဘာ့စိုက်ပျိုးရေးဈေးကွက်တွင် အဓိက အခန်းကဏ္ဍအဖြစ် အခိုင် အမာ ရပ်တည်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းကို (၂၉. ၁. ၂၀၂၅) ရက်နေ့တွင် ထုတ်ပြန်သည့် သတင်းအရ သိရှိရပါသည်။

Source https://www.freshplaza.com/north-america/article/9696779/mexico-guatemala-and-costa-rica-are-the-us-fruit-and-vegetable-market-s-main-suppliers/

တင်ပြသူ ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ