မက္ကဆီကို၊ ဂွာတီမာလာနှင့် ကော်စတာရီကာတို့သည် အမေရိကန်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ဈေးကွက်၌ အဓိကရောင်းချသူများဖြစ်
- Fri, 31 January 2025
အမေရိကန်သည် (၂၀၂၃)ခုနှစ်တွင် လတ်ဆတ်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တန်ချိန် (၂၂.၇)သန်းကို တင်သွင်းခဲ့ပါသည်။ မက္ကဆီကိုသည် အဓိက တင်ပို့သည့်နိုင်ငံဖြစ်ပြီး စုစုပေါင်းတင်သွင်းမှု၏ (၅၀%)ရှိကာ ၎င်းနောက်တင်သွင်းသည့်နိုင်ငံများမှာ ဂွာတီမာလာ၊ ကော်စတာရီကာ နှင့် ကနေဒါတို့ ဖြစ်ပါသည်။ အမေရိကန်ဈေးကွက်သို့ ဥရောပမှ တင်ပို့သည့် နိုင်ငံများအနက် စပိန်သည် (၂၉,၆၇၄)တန်ဖြင့် ဦးဆောင်တင်ပို့နိုင်ငံ ဖြစ်လာခဲ့ပါသည်။
အမေရိကန်ပြည်ထောင်စုသည် မက္ကဆီကိုနိုင်ငံမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တန်ချိန် (၁၁.၄)သန်းကို တင်သွင်းခဲ့ပြီး ၎င်းတင်သွင်းမှုသည် စုစုပေါင်းတင်သွင်းမှု၏ (၅၀%) ရှိပါသည်။ မက္ကဆီကို၏နောက်တွင် ဂွာတီမာလာမှ တင်သွင်းမှုသည် တန်ချိန် (၂.၈)သန်း၊ ကော်စတာရီကာမှ တင်သွင်းမှုသည် တန်ချိန် (၁.၉)သန်း၊ ကနေဒါမှ တင်သွင်းမှုသည် တန်ချိန် (၁.၇)သန်း အသီးသီး ဖြစ်ပါသည်။ အဆိုပါ (၄)နိုင်ငံမှ တင်သွင်းမှုသည် အမေရိကန် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်သွင်းမှု စုစုပေါင်း၏ (၇၈%) ရှိပါသည်။
ကုလသမဂ္ဂ ကုန်စည်ကူးသန်းရောင်းဝယ်မှုဆိုင်ရာ အချက်အလက်များအရ အမေရိကန်သို့ တင်သွင်းသည့် နိုင်ငံများ၏ အဆင့်သတ်မှတ်ချက်သည် ပီရူး၊ အီကွေဒေါ၊ ချီလီ၊ ဟွန်ဒူးရပ်စ်၊ ကိုလံဘီယာ၊ အာဂျင်တီးနား၊ တောင်အာဖရိက၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ တရုတ်၊ ပနားမား၊ ဘရာဇီး၊ မော်ရိုကို၊ နယူးဇီလန်နှင့် စပိန်တို့ဖြစ်ကြောင်း Fepex မှ ဆွေးနွေးထားသည့် COMTRADE -ONU ကုန်စည်ကုန်သွယ်မှုဆိုင်ရာ ကုလသမဂ္ဂကိန်းဂဏန်းအချက်အလက်များအရ သိရှိရပါသည်။
စပိန်သည် အဆင့်(၁၈)တွင် ရပ်တည်နေသော်လည်း (၂၀၂၃)ခုနှစ်တွင် (၂၉၆၇၄)တန်ဖြင့် ဥရောပ သမဂ္ဂနှင့် ဥရောပမှ တင်သွင်းသည့်နိုင်ငံများအနက် ဦးဆောင်နိုင်ငံ ဖြစ်လာခဲ့ပါသည်။ ၎င်း နောက်တွင် အီတလီနိုင်ငံမှ (၁၇,၅၅၅)တန်ဖြင့် အဆင့် (၂၃)၊ ဂရိနိုင်ငံမှ (၁၅,၉၅၃)တန်ဖြင့် အဆင့် (၂၄)နှင့် နယ်သာလန်နိုင်ငံမှ (၉,၀၃၈)တန်ဖြင့် အဆင့် (၂၉)တို့ ဖြစ်ပါသည်။
အဓိကအားဖြင့် ပိုးမွှားရောဂါကင်းစင်မှုဆိုင်ရာ အတားအဆီးများကြောင့် အချို့သော ကုန် ပစ္စည်းများ ဝင်ရောက်မှုအပေါ် အမေရိကန်အစိုးရက ချမှတ်ထားသည့် ပို့ကုန်ပိုးမွှားရောဂါ ကင်းစင် မှုဆိုင်ရာ လုပ်ငန်းစဉ်များအရ အမေရိကန်ပြည်ထောင်စုသို့ စပိန်နှင့် ဥရောပမှ သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုအခြေအနေမှာ လွန်စွာတင်းကြပ်ကြောင်း၊ ဥပမာအားဖြင့်၊ ပြီးခဲ့သည့်
သီတင်းပတ်က အမေရိကန်အစိုးရသည် စပိန်ငရုတ်ကောင်းတင်သွင်းမှုကို ရပ်ဆိုင်းရန် တစ်ဖက်သတ် ဆုံးဖြတ်ခဲ့ကြောင်း၊ အဆိုပါဆုံးဖြတ်ချက်သည် အဓိကအားဖြင့် Almeria ဒေသအပေါ် သက်ရောက်မှု ရှိကြောင်း၊ လတ်တလောတွင် အမေရိကန်သို့ Alicante ဒေသမှသာ ငရုတ်ကောင်း တင်ပို့ နိုင်ကြောင်း၊ အဆိုပါဆုံးဖြတ်ချက်သည် ဒီဇင်ဘာလ (၁)ရက်နေ့မှ ဧပြီလ (၃၀)ရက်နေ့အတွင်း ကုန်ဆုံးမည့် ယခုနှစ်ရာသီအတွင်း အမေရိကန်သို့ ငရုတ်ကောင်းတင်ပို့ရန် စီစဉ်ထားသော ကုမ္ပဏီ များကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေမည်ဖြစ်ကြောင်း၊ တစ်လကျော်ခန့်က ဖွင့်လှစ်ထားသည့် ပို့ကုန် ပြတင်းပေါက်ကို ပြန်လည်ရယူနိုင်ရန်အတွက် Coexphal၊ Fepex နှင့် စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့် အစားအစာဝန်ကြီးဌာနတို့သည် အမျိုးမျိုးသော လုပ်ဆောင်ချက်များကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း (၂၄. ၁. ၂၀၂၅)ရက်နေ့တွင် ထုတ်ပြန်သည့် www. freshplaza. com သတင်းအရ သိရှိရပါသည်။
Source https://www.freshplaza.com/north-america/article/9696779/mexico-guatemala-and-costa-rica-are-the-us-fruit-and-vegetable-market-s-main-suppliers/
တင်ပြသူ ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန