ကာဇက်စတန်မှ အာလူးတင်ပို့မှု ပိတ်ပင်ထား

  • Fri, 31 January 2025

ကာဇက်စတန်မှ အာလူးတင်ပို့မှု ပိတ်ပင်ထား



၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ၊ ၁၈ရက်နေ့တွင် ကာဇက်စတန်၏ ကုန်သွယ်မှုရေးရာဆိုင်ရာ ကော်မရှင်သည် ပြည်တွင်းအာလူးဈေးနှုန်းများ တည်ငြိမ်စေရန် အာလူးတင်ပို့မှု ၆လ ပိတ်ထားရန် ဆုံးဖြတ်ခဲ့သည်။

စိုက်ပျိုးရေး ဝန်ကြီးဌာနနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနတို့၏ စျေးကွက် ခွဲခြမ်းစိတ်ဖြာ စိစစ်မှုအပြီးတွင် အဆိုပါဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ (၂၀၂၄)ခုနှစ်တွင် ကာဇက်စတန်၏ အာလူးခူးဆွတ်မှုသည် အစောပိုင်းခူးဆွတ်မှုတန်ချိန် (၃၀၀,၀၀၀)အပါအဝင် စုစုပေါင်းတန်ချိန် (၂.၉) သန်း ရှိခဲ့သည်။

(၂၀၂၄)ခုနှစ်တွင် အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် ဥဇဘက်ကစ္စတန်မှ အာလူးဝယ်လိုအား သိသိသာသာ တိုးလာကြောင်း လေ့လာဆန်းစစ်ချက်တွင် ဖော်ပြထားသည်။ ကာဇက်စတန်သည် တစ်နှစ်တာအတွင်း အာလူးတန်ချိန် (၆၀၅,၀၀၀)တင်ပို့ခဲ့ပြီး (၂၀၂၃)ခုနှစ်တင်ပို့မှု တန်ချိန် (၄၁၁,၀၀၀)ထက် (၁.၅)ဆ ပိုများခဲ့သည်။

ပို့ကုန်စျေးနှုန်း မြင့်မားမှုသည် နိုင်ငံတကာရောင်းအားကို ဖန်တီးပေးပြီး အထူးသဖြင့် ကာဇက်တောင်သူများအတွက် အကျိုးအမြတ်ဖြစ်ထွန်းစေသည်။ မကြာသေးမီက ဥဇဘက်ကစ္စတန် သို့ တင်ပို့ရောင်းချမှုသည် တစ်တန်လျှင် (၂၅၀,၀၀၀) tenge (€457)နှုန်း ဖြင့် ရောင်းချခဲ့သည်။ ထို့ကြောင့် တစ်ပတ်အတွင်း အာလူးဈေးတစ်တန်လျှင် ၁၇၀,၀၀၀ tenge (ယူရို ၃၁၁) မှ ၂၇၀,၀၀၀ tenge (ယူရို ၄၉၄) အထိ မြင့်တက်လာသဖြင့် ပြည်တွင်း ဈေးကွက်တွင်လည်း စျေးနှုန်းတက်လာ ခဲ့သည်။

EAEU နိုင်ငံများသို့ တင်ပို့မှုများကို စိစစ်နေဆဲဖြစ်သော်လည်း အဆိုပါ တင်ပို့မှုအတွက် ပိုးမွှားရောဂါကင်းစင်ကြောင်း လက်မှတ်များ ထုတ်ပေးခြင်းကို ဇန်နဝါရီလ (၁၆) ရက်ကတည်းက ရပ်ဆိုင်းထားသည်။

စိုက်ပျိုးရေးဝန်ကြီးဌာနသည် ပို့ကုန်ကန့်သတ်ချက်များ ရှိသော်လည်း (၂၀၂၅) ခုနှစ် အစောပိုင်း ရိတ်သိမ်းချိန်ကာလအထိ ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းရန် လုံလောက်သော အရန် ရိက္ခာရှိကြောင်း အာမခံထားသည်။ အာလူးစိုက်ပျိုးသူများအသင်းမှ တန်ချိန် (၆၀၀,၀၀၀)၊ ဒေသတွင်း တည်ငြိမ်ရေးရန်ပုံငွေတွင် တန်ချိန် (၆၈,၀၀၀) နှင့် အိမ်ထောင်စုများနှင့် စိုက်ကွက်ငယ် များမှ တန်ချိန် (၂၀၀,၀၀၀) အပါအဝင် လက်ရှိ လက်ကျန် တန်ချိန် (၈၅၀,၀၀၀) ကျော်ရှိသည်။ 

အပိုအရန်များကို လက်လီကွန်ယက်များတွင်လည်း ရနိုင်ပါကြောင်းအား (၂၀.၁.၂၀၂၅) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Flesh Plaza သတင်းဆောင်းပါးအရ သိရှိရပါသည်။


Source https://www.freshplaza.com/europe/article/9696502/kazakhstan-imposes-potato-export-ban/

တင်ပြသူ ဒေါ်ဥမ္မာထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၂၉ ) ရက်

တည်းဖြတ်သူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ