မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် စတုတ္ထအကြိမ်မြောက် အစိုးရချင်း ဆန်အရောင်းအဝယ်စာချုပ်ချုပ်ဆို
- Fri, 31 January 2025
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရကြား စတုတ္ထအကြိမ်မြောက် ဆန်အရောင်းအဝယ် စာချုပ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ အရည်အသွေးမြင့် မြန်မာ့ ဧည့်မထဆန် မက်ထရစ်တန်ချိန် (၂၂၀၀၀)တင်ဆောင်သည့် ပထမဆုံးသင်္ဘောသည် ဘင်္ဂလားဒေ့ရှ် ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း ဆန်စပါးအသင်းချုပ်မှ သိရပါသည်။
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသည် (၂၀၁၇)ခုနှစ်မှ စတင်ကာ ဆန်စပါးကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။ ပထမစာချုပ်မှာ (၂၀၁၇)ခုနှစ်တွင် မက်ထရစ်တန် (၁) သိန်း၊ ဒုတိယမြောက် စာချုပ်ကို ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် မက်ထရစ်တန် (၁)သိန်း အကောင်အထည်ဖော်ခဲ့ပြီး တတိယ စာချုပ်မှာ (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်တွင် တန်ချိန် (၂၀၀,၀၀၀)နှင့် စတုတ္ထစာချုပ်မှာ မက်ထရစ် တန်ချိန် (၁၀၀,၀၀၀)ဖြင့် (၂၀၂၅)ခုနှစ်၊ ဇန်နဝါရီမှ ဖေဖော်ဝါရီအတွင်း ပြီးစီးမည်ဖြစ်ပါသည်။
ကြာသပတေးနေ့ ည ၁၀ နာရီ၊ ၁၂ မိနစ် တွင် ရန်ကုန်ဆိပ်ကမ်းမှ ထွက်ခဲ့သော MV Golden Star ပေါ်မှ ဆန်များသည် ဇန်နဝါရီ (၁၇)ရက်နေ့ နံနက်ပိုင်းတွင် GCB ဆိပ်ခံတံတား အမှတ် (၉)၌ ဆိုက်ကပ်ခဲ့ပါသည်။ MV Golden Star ၏ သင်္ဘောကိုယ်စားလှယ်ဖြစ်သော Seven Seas သင်္ဘောလိုင်းက ဆန်များရောက်ရှိလာမှုကို အတည်ပြုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် Business Standard အရ သိရှိရပါသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဘက်မှ ဆန်တင်ပို့ရောင်းချ နေသော ကုမ္ပဏီ (၃၅)ခုရှိပြီး ဘင်္ဂလားဒေ့ရှ်ဘက်တွင် အစားအသောက်ညွှန်ကြားမှု ဦးစီးဌာနက ဝယ်ယူဖြန့်ဖြူးနေခြင်းဖြစ်ကြောင်း (၂၁-၁-၂၀၂၅)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global New Light of Myanmar website ၏ သတင်းဆောင်းပါးအရ သိရှိရပါသည်။
Source https://www.gnlm.com.mm/bangladesh-myanmar-ink-fourth-g-to-g-rice-contract/
တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန