ကမ္ဘောဒီးယားနိုင်ငံ လယ်ယာထွက်ကုန် တန်ချိန် ၁၁ ဒသမ ၆ သန်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ရရှိ

  • Mon, 27 January 2025

ကမ္ဘောဒီးယားနိုင်ငံ လယ်ယာထွက်ကုန် တန်ချိန် ၁၁ ဒသမ ၆ သန်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ရရှိ


၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ သီးနှံထွက်ရှိမှု တန်ချိန် ၃၉ သန်းရှိပြီး တန်ချိန် ၃၆ ဒသမ ၃ သန်း ထွက်ရှိခဲ့သောကာလတူနှစ် (၂၀၂၃ ခုနှစ်) ထက် ၇ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၏ တနင်္လာနေ့တွင် ဖော်ပြခဲ့သောအစီရင်ခံစာအရ သိရှိရပါသည်။

စုစုပေါင်း သီးနှံထွက်ရှိမှု၏ ၃၀ % (တန်ချိန် ၁၁ ဒသမ ၆၆ သန်း) ကိုပြည်ပတင်ပို့ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

လယ်ယာထွက်ကုန် တင်ပို့မှု တန်ချိန် ၁၁ ဒသမ ၆၆ သန်းရှိပြီး ၂၀၂၃ ခုနှစ်တွင် တင်ပို့သည့် ပမာဏထက် ၃ ဒသမ ၂၁ ရာခိုင်နှုန်း တိုးလာပြီး အမေရိကန်ဒေါ်လာ ၄,၇၉၂ သန်း၊ ၂၀၂၃ ခုနှစ်ထက် အမေရိကန်ဒေါ်လာ ၁၄၃ သန်း တိုးလာခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 "၂၀၂၄ ခုနှစ်တွင် မိုးခေါင်ရေရှားမှုနှင့် ပိုးမွှားကျရောက်၍ ပျက်စီးမှုများလာသောကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော်လည်း သီးနှံထုတ်လုပ်မှုသည် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ထုတ်လုပ်မှု ပမာဏနှင့် တင်ပို့မှု နှစ်ခုစလုံး တိုးတက်လာသည်" ဟု Koma က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့ပါသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကတင်ပို့သည့် ကုန်စည်များမှာ ဆန်၊ ငှက်ပျော၊ သရက်၊ ပီလောပီနံ၊ သီဟိုဠ်စေ့၊ ပြောင်း၊ စားအုန်းဆီ၊ ငရုတ်ကောင်းနှင့် ဆေးရွက်ကြီးတို့ဖြစ်သည်။

တရုတ်၊ အီးယူနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းတို့သည် ကမ္ဘောဒီးယား၏ လယ်ယာထွက်ကုန်များကို အဓိက တင်သွင်းသည်။

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာမူဝါဒသစ်တစ်ရပ်ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မိသားစု တစ်ပိုင်တနိုင်စိုက်ပျိုးရေးလုပ်ငန်းမှ စီးပွားဖြစ် လုပ်ငန်းသို့ အဆင့်မြှင့်တင်ကာ တောင်သူများ၏ ၀င်ငွေကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ် ထားကြောင်း သိရှိရပါသည်။

စိုက်ပျိုးရေးကဏ္ဍအတွက် ဝန်ကြီးဌာန၏ မူဝါဒများသည် နိုင်ငံအတွင်း စားနပ်ရိက္ခာ ဖူလုံမှု

ရှိစေရန်အတွက်သာမက အရည်အသွေးမြင့် လယ်ယာထွက်ကုန်များ တင်ပို့သည့် စျေးကွက် ရှာဖွေရေးကိုလည်း အဓိကထားစိုက်ဆောင်ရွက်လျက်ရှိသည်။

စိုက်ပျိုးရေးသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးကို ပံ့ပိုးပေးသည့် မဏ္ဍိုင်လေးခုထဲမှ တစ်ခုဖြစ်သည်။ ၂၀၂၅ ခုနှစ်အတွက် ဦးစားပေးဆောင်ရွက်ရမည့်အချက်မှာ စျေးကွက်အတွက် ထုတ်လုပ်မှုအရည်အသွေးကို မြှင့်တင်ရန်နှင့် တောင်သူများအတွက် ဝင်ငွေတိုးစေရန် ပြည်သူ အားလုံးအတွက် မရှိမဖြစ်လိုအပ်သော အစားအစာများ၏ ဈေးနှုန်းတည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်စေရန် ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပြည်တွင်း၌ ထုတ်လုပ်မှု ကန့်သတ်ချက်ကြောင့် သီးနှံထွက်ရှိမှုသည် ပို့ကုန်အပေါ် မူတည်ကြောင်း၊ နိုင်ငံတကာဈေးကွက်တွင် လယ်ယာထွက်ကုန်၏ အရည်အသွေးနှင့် စျေးကွက် ချဲ့ထွင်နိုင်မှု မြှင့်တင်နိုင်ရေးအတွက် စီမံဆောင်ရွက်နိုင်စွမ်းကို မြှင့်တင်ပေးရန် အရေးကြီး ပါကြောင်းကို (၁၄-၁-၂၀၂၅) ရက်နေ့ထုတ် www.khmertimeskh.com သတင်းဆောင်းပါးအရ သိရှိရပါသည်။

Source https://www.khmertimeskh.com/501623238/cambodia-exports-11-6m-tonnes-of-agri-products-earns-4-8b/


တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ  (၂၂) ရက်

တည်းဖြတ်သူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ