စိုက်ပျိုးရေးပို့ကုန်များ ကမ္ဘာ့စံချိန်စံနှုန်းများနှင့် ကိုက်ညီစေရန်အတွက် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး အာဏာပိုင်အဖွဲ့အစည်းအသစ် ဖွဲ့စည်းရန် ပါကစ္စတန်အစိုးရမှ ဆောင်ရွက်လျက်ရှိ

  • Mon, 27 January 2025

စိုက်ပျိုးရေးပို့ကုန်များ ကမ္ဘာ့စံချိန်စံနှုန်းများနှင့် ကိုက်ညီစေရန်အတွက် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး အာဏာပိုင်အဖွဲ့အစည်းအသစ် ဖွဲ့စည်းရန် ပါကစ္စတန်အစိုးရမှ ဆောင်ရွက်လျက်ရှိ



ဖက်ဒရယ်အစိုးရသည် စိုက်ပျိုးရေးပို့ကုန်စံနှုန်းများတွင် ချို့ယွင်းချက်များကို ဖြေရှင်းရန် အတွက် နိုင်ငံလုံးဆိုင်ရာ အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး၊ တိရစ္ဆာန်နှင့် အပင် ကျန်းမာရေး ဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့အား ဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။ 

သတင်းတစ်ရပ်အရ ဤကဲ့သို့ အရွေ့တစ်ခု ဆောင်ရွက်လာရခြင်းသည် (၂၀၂၄)ခုနှစ်၌ ပါကစ္စတန်မှ တင်ပို့သည့် ဆန်တင်ပို့မှု (၇၂)ခုအား နိုင်ငံတကာ အရည်အသွေး စံချိန်စံနှုန်းများနှင့် မကိုက်ညီသဖြင့် ဥရောပသမဂ္ဂမှ ကြားဖြတ် ဟန့်တားခြင်းကို ခံခဲ့ရသောကြောင့် ဖြစ်ပါသည်။

လုပ်ပိုင်ခွင့်အသစ်အတွက် ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်သို့ (၂၀၁၇)ခုနှစ်တွင် စတင် တင်သွင်းခဲ့သော်လည်း (၂၀၁၈)ရွေးကောက်ပွဲမတိုင်မီ လွှတ်တော်က ဖျက်သိမ်းခဲ့သဖြင့် ပျက်သွားခဲ့ရပါသည်။ 

(၂၀၂၄)ခုနှစ်တွင် အဆိုပါ ဥပဒေမူကြမ်းအား ပြန်လည်ပြင်ဆင်ပြီးနောက် အစိုးရအဖွဲ့၏ အတည် ပြုချက်အသစ် ရယူရန်အတွက် အကြံပြုထားသည့် ဥပဒေနှင့် တရားစီရင်ရေးဌာနသို့ ပေးပို့ ခဲ့ပြီး (၂၀၂၄)ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် အစိုးရအဖွဲ့သည် စီးပွားရေးဆိုင်ရာ နည်းဥပဒေ ၁၆(၁)(က) အရ စည်းမျဉ်း ဥပဒေမူကြမ်း(၁၉၇၃)ကို အတည်ပြုခဲ့ပါသည်။

အစောပိုင်းကာလ EU ကြားဖြတ်စစ်ဆေးခြင်းတွင် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီးဌာန လက်အောက်ရှိ လက်ရှိ ပိုးမွှားရောဂါထိန်းချုပ်ရေးဌာနသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု လိုအပ် ချက်များနှင့် ကိုက်ညီမှု ရှိမရှိ ထုတ်ဖော်ပြသခဲ့ပါသည်။ စုံစမ်းစစ်ဆေးမှုတွင် ခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်ခြင်းမရှိသော ဖွဲ့စည်းပုံများနှင့် အပင်ပိုးမွှားရောဂါ ကင်းရှင်းရေးဆိုင်ရာကိစ္စများ လုံလောက်မှု မရှိခြင်းတို့ကို အလေးပေးပြောကြားခဲ့ပြီး စည်းမျဉ်းဥပဒေသစ်တစ်ရပ်အတွက် အဆိုပြု ချက်အား လှုံ့ဆော်ပေးခဲ့ပါသည်။

ဆန်တင်ပို့သူလုပ်ငန်းရှင်များနှင့် မကြာသေးမီက တွေ့ဆုံမှုတွင် အမျိုးသားစားနပ်ရိက္ခာ ဖူလုံရေး ဝန်ကြီး Rana Tanveer Hussain က ပါကစ္စတန်ဆန်တင်ပို့မှုကို ရပ်တန့်ရန် EU ၏ သတိ

ပေးချက်အပေါ် စိုးရိမ်ကြောင်း ဖော်ပြခဲ့ပြီး နိုင်ငံ၏ လယ်ယာကုန်သွယ်မှုကို ကာကွယ်ရန် အတွက် အရည်အသွေးဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် အရေးတကြီး လိုအပ်ကြောင်း၊  ယခင်က ပါကစ္စတန်သည် ရုရှားထံမှ အရည်အသွေးဆိုင်ရာ ကိစ္စရပ်များကြောင့် အလားတူ ပို့ကုန် ကန့်သတ်ချက်များကို ရင်ဆိုင်ခဲ့ရပြီး ဖြေရှင်းရန်အတွက် အချိန်ကာလကြာမြင့်စွာ ကြိုးစား အားထုတ်ခဲ့ရကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတကာ အပင်ပိုးမွှားရောဂါကင်းရှင်းရေးဆိုင်ရာ စံနှုန်းများနှင့် လိုက်လျောညီထွေမှု မရှိသော အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် အားနည်းခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စျေးကွက် များသို့ ဝင်ရောက်ရန် အဓိက အတားအဆီးဖြစ်ကြောင်း အစိုးရအနေဖြင့် အတွေ့အကြုံရရှိခဲ့ပြီး ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးရေး ပို့ကုန်များ တိုးတက်မြင့်မားစေရန် ဆောင်ရွက်ခြင်းသည် အဓိက အရေးကြီးသည့် အချက်အလက် ဖြစ်ကြောင်း၊ သို့သော်လည်း ပါကစ္စတန်အနေဖြင့် WTO၏ အပင်ပိုးမွှားရောဂါကင်းရှင်းရေးဆိုင်ရာ စည်းမျဉ်းမူဘောင်များကို အပြည့်အဝ လိုက်နာနိုင်ခြင်း မရှိသေးကြောင်း ပြောကြားခဲ့ပါသည်။

ပြည်သူ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (၂၀၀၆-၁၆)နှင့် ၂၀၂၃ ခုနှစ်၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)အစီရင်ခံစာအရ ကမ္ဘာလုံးဆိုင်ရာ အရည်အသွေးစံနှုန်းများကို လိုက်နာ ကျင့်သုံးရာတွင် ကွာဟချက်များအား သိရှိပြီးနောက် စနစ်ကျပြီးအမှီအခိုကင်းသည့် အဖွဲ့အစည်း တစ်ရပ် လိုအပ်ကြောင်း ထပ်လောင်းဖော်ပြခဲ့ပါသည်။

စည်းမျဉ်းစည်းကမ်း မူဘောင်အသစ်သည် ခေတ်မီသည့် ပိုးမွှားရောဂါ ထိန်းချုပ်မှုများ ဖြစ်လာစေရန်၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်တလျောက် ထောက်ပံ့ရေးကွင်းဆက်များကို မြှင့်တင်နိုင်ရန် နှင့် ကမ္ဘာလုံးဆိုင်ရာ SPS စံနှုန်းများနှင့် ကိုက်ညီမှုရှိလာစေရန် ရည်ရွယ်ကြောင်း (၁၄. ၁. ၂၀၂၅) ရက်နေ့တွင် ထုတ်ပြန်သည့် profit. pakistantoday.com.သတင်းအရ သိရှိရပါသည်။

Source https://profit.pakistantoday.com.pk/2025/01/14/govt-to-establish-new-food-safety-authority-to-align-agri-exports-with-global-standards/


တင်ပြသူ ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ