အညာပုန်းရည်ကြီးလုပ်ငန်း ပြန်လည်ကောင်းမွန် အောင်မြင်လျက်ရှိ

  • Thu, 9 January 2025

အညာပုန်းရည်ကြီးလုပ်ငန်း ပြန်လည်ကောင်းမွန် အောင်မြင်လျက်ရှိ



အညာဒေသ၏ ရိုးရာအစားအစာတစ်မျိုးဖြစ်သည့် ပုန်းရည်ကြီး (အချဉ်ဖောက်ထားသည့် ပဲပိစပ်အနှစ်) ရောင်းချမှုလုပ်ငန်းသည် တဖန်ပြန်လည် ကျယ်ပြန့်လာပြီဖြစ်ပါသည်။ ပုန်းရည်ကြီး အား လက်ဆောင်ပေးရန်အတွက်နှင့် ပြန်လည်ရောင်းချရန်အတွက် ညောင်ဦးမြို့နယ်တွင် ပုန်းရည် ကြီး ကြိုတင်မှာယူမှုများ မြင့်တက်လျက်ရှိပါသည်။

ပုန်းရည်ကြီးသည် လူကြိုက်များသဖြင့် ဝယ်ယူစားသုံးမှု မြင့်တက်လျက်ရှိကြောင်း၊ ပုန်းရည်ကြီးသည် အညာဒေသ၏ အမှတ်တရပစ္စည်းအဖြစ် ထင်ရှားကြောင်း၊ မကွေးတိုင်း ဒေသကြီးမှလည်း ထုတ်လုပ်လျက်ရှိကြောင်း၊ ၎င်းတို့ဒေသမှ ထွက်ရှိသည့် ပုန်းရည်ကြီးကို ပြည်ပမှ မှာယူမှုများလည်းရှိကြောင်း၊ စားသုံးရန်နှင့် အညာဒေသစာအဖြစ် လက်ဆောင်ပေးရန် မှာယူမှု များလည်းရှိကြောင်း ညောင်းဦးမြို့နယ်ရှိ အညာဒေသ ရိုးရာစားသောက်ကုန် ဖြန့်ဖြူးသည့် လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

ပုန်းရည်ကြီးဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိသော်လည်း အရောင်းအဝယ် မြင့်တက်လျက် ရှိသောကြောင့် (၂၀၂၃)ခုနှစ်မှ စတင်ကာ ပုန်းရည်ကြီးလုပ်ငန်းဆောင်ရွက်သူ များပြားလာကြောင်း ညောင်ဦးမြို့နယ် ငါ့သရောက်ဒေသရှိ ဆည်ရွာမှ ပုန်းရည်ကြီးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေသူ များထံမှ သိရှိရပါသည်။

ငါ့သရောက်ဒေသထွက် ပုန်းရည်ကြီး အနံ့အရသာမှာ သိသိသာသာ ထူးခြားကောင်းမွန်ပြီး လူကြိုက်များကြောင်း ပုန်းရည်ကြီး သုံးစွဲချက်ပြုတ်သည့် ခေါက်ဆွဲကြော်၊ ထမင်းကြော်နှင့် ထမင်း သုပ်ရောင်းချသူ ဆိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

ပုန်းရည်ကြီးကို ကြက်သား၊ ဝက်သားဖြင့် ရောနှောချက်ပြုတ်ကြော်လှော်သည့် ကြက်/ဝက် ပုန်းရည်ကြီး ခေါက်ဆွဲကြော်၊ ကြက်/ဝက် ပုန်းရည်ကြီး ထမင်းကြော်၊ ကြက်/ဝက် ပုန်းရည်ကြီး ထမင်းသုပ် စသည်ဖြင့် အမျိုးအမည် စုံလင်စွာ ရောင်းချလျက်ရှိကြောင်း၊ ၎င်း၏ စားသုံးသူ အများစုမှာ ပုန်းရည်ကြီး အထူးနှစ်သက်သူများဖြစ်ကြောင်း၊ ပုန်းရည်ကြီးသည် ဝက်သားနှင့် တွဲဖက် စားသုံးပါက ပိုမိုလိုက်ဖက်ကာ အရသာ ပေါ်လွင်ပြည့်စုံကြောင်း၊ လူအများစုသည် ဝက်သား ပုန်းရည်ကြီးဟင်းကိုလည်းကောင်း၊ အချို့မှာ ပုန်းရည်ကြီးသုပ်ကိုလည်းကောင်း၊ အချို့မှာ အကြော် အလှော်များကိုလည်းကောင်း အမျိုးအမည်စုံလင်စွာ မှာယူစားသုံးကြကြောင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်ဒေသမှ ပုန်းရည်ကြီးသည် လူကြိုက်များသည့်အပြင် ၎င်း၏အရသာမှာ နူးညံ့ဆိမ့်သက်သော အရသာဖြစ်သဖြင့် ၎င်းတို့သည် အဆိုပါဒေသမှ ပုန်းရည်ကြီးကိုသာ မှာယူသုံးစွဲကြောင်း၊ အခြားဒေသမှ ပုန်းရည်ကြီးအရသာမှာ အနည်းငယ် အချဉ်အရသာရှိကြောင်း ပခုက္ကူမြို့နယ်ရှိ Pon Ye Gyi PKU ၏ ပိုင်ရှင်ဖြစ်သူ ဒေါ်မော်မော်ဝင်းက ပြောကြားခဲ့ပါသည်။

ညောင်ဦးနှင့် ငါ့သရောက်ဒေသတို့တွင် ပုန်းရည်ကြီးလုပ်ငန်း (၃၅)ခုခန့်ရှိပြီး အဆိုပါ လုပ်ငန်းများမှ မြန်မာနိုင်ငံတစ်ဝှမ်းသို့ လက်ကားရောင်းချသူများမှတဆင့် ပုန်းရည်ကြီးကို အမှတ် တံဆိပ် အမျိုးမျိုးဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

ပုန်းရည်ကြီးကို အစို၊ အခြောက်ဟူ၍ ပုံစံမျိုးစုံရောင်းချသည့်အပြင် ချက်ပြုတ်ရာ တွင်လည်း အချိုအရသာနှင့် အချဉ်အရသာဟူ၍ ချက်ပြုတ်ကြကြောင်း၊ ယခုအခါတွင် ပုန်းရည်ကြီး လုပ်ငန်းမှာ အောင်မြင်တိုးတက်လျက်ရှိကြောင်း (၂၉. ၁၂. ၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်သည့် Global New Light of Myanmar သတင်းအရ သိရှိရပါသည်။

Source https://www.gnlm.com.mm/anyar-pon-ye-gyi-business-becomes-thriving-again/

တင်ပြသူ ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန




ဆက်စပ် သတင်းများ