ဗီယက်နမ်နိုင်ငံ၏ လယ်ယာထွက်ကုန်တင်ပို့မှုသည် နိုင်ငံများ၏ အပြောင်းအလဲများကြောင့် စိန်ခေါ်မှုများစွာကို ဆက်လက်ရင်ဆိုင်ရဦးမည်ဟု ကျွမ်းကျင်သူများက ပြောကြား
- Wed, 4 December 2024
စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဒုဝန်ကြီး Phung Duc Tien က ဗီယက်နမ်နိုင်ငံ လယ်ယာထွက်ကုန် ပြည်ပပို့ကုန်အတွက် အဓိက စိန်ခေါ်မှုငါးခုမှာ သွင်းအားစု ကုန်ကျစရိတ်များ မြင့်တက်လာခြင်း၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များ မြင့်မားလာခြင်း၊ အခြားသော နိုင်ငံများ၏သွင်းကုန်မူဝါဒများ မကြာခဏပြောင်းလဲခြင်းနှင့် ဘဏ်အတိုးနှုန်း အတက် အကျများခြင်းတို့ဖြစ်ကြောင်း၊ ထုတ်လုပ် သူများကလည်း ထုတ်လုပ်မှုစံနှုန်းများနှင့် ကိုက်ညီရုံ သာမက ပိုမိုတင်းကြပ်သော အရည်အသွေးစံနှုန်းများကိုပါ လိုက်နာရန် လိုအပ်ကြောင်း၊ ထို့အပြင် ငွေကြေးဖောင်းပွမှု ဖိအားများကြောင့် ပြည်ပ စားသုံးသူများကလည်း ငွေကြေးသုံးစွဲမှု လျော့နည်း လာကြောင်း ပြောကြားခဲ့ပါသည်။
ငါးလုပ်ငန်းကဏ္ဍတွင် ဗီယက်နမ်သည် ၎င်း၏ငါးဖမ်းထွက်ကုန်များ တင်ပို့ရာတွင် လွယ်ကူ ချောမွေ့စေရန် တရားမဝင်၊ အစီရင်ခံမထားသော၊ စည်းကြပ်မှုမရှိသော (IUU) ငါးဖမ်းခြင်းနှင့် ပတ်သက်၍ EU ၏ "အဝါရောင်ကတ်" ကို ရုတ်သိမ်းရန် ဆောင်ရွက်နေပါသည်။ စိုက်ပျိုးရေး ပညာရှင် Hoang Trong Thuy က ရာသီဥတုဖောက်ပြန်မှုသည် ဗီယက်နမ်နိုင်ငံ၏ ငါးပုစွန်လုပ်ငန်း အတွက် သိသာထင်ရှားသော စိန်ခေါ်မှုများဖြစ်လာကြောင်း၊ နိုင်ငံ၏ ငါးပုဇွန်မွေးမြူရေးအတွက် အခြေခံ အဆောက်အဦသည် လုပ်ငန်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် လုံလောက်သောဖွံ့ဖြိုးမှု မရှိသေးကြောင်း၊ ရေထွက်ပစ္စည်းအရင်းအမြစ်များ၏ အရည်အသွေးသည်လည်း စားသုံးသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီသော အရည်အသွေးမြင့် ထုတ်ကုန်များအဖြစ် မြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ဟိုချီမင်းမြို့ (HCM)ရှိ ဗီယက်နမ်ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း (VCCI)မှ ဒါရိုက်တာ Tran Ngoc Liem က ဗီယက်နမ်၏ သစ် လုပ်ငန်းနှင့် ပို့ကုန်ကဏ္ဍသည်လည်း (၂၀၂၄)ခုနှစ်တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ အထူးသဖြင့် အမေရိကန်နှင့် ဥရောပကဲ့သို့သော အဓိကစျေးကွက်များတွင် ဝယ်လိုအားသည် စီးပွားရေးကျဆင်းမှုနှင့် ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းကြောင့် သိသိ သာသာ ကျဆင်းသွားပြီး စားသုံးသူများ၏ အသုံးစရိတ် သုံးစွဲမှုကျပ်တည်းလာကြပါသည်။ အဆိုပါ ဈေးကွက်များမှ အမှာစာအရေအတွက် သိသိသာသာ ကျဆင်းသွားပြီး သစ်လုပ်ငန်းကို ထိခိုက်ခဲ့ ပါသည်။
ဥရောပ၊ ဂျပန်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့၌ ယခုနှစ်ကုန်လာမည့် နှစ်သစ်ကူးပွဲတော် ရောက်ရှိလာခြင်းနှင့် တရုတ်နိုင်ငံ၏ ဝယ်လိုအားကိုကာမိစေနိုင်သော လွတ်လပ်သည့် ကုန်သွယ်မှု သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်းဖြင့် အခြားသောဈေးကွက်များကို စဉ်းစား၍ ဗီယက်နမ် ဆန် တင်ပို့သူများအတွက် အခွင့်အလမ်းများရှိကြောင်း Liem က ပြောကြားခဲ့သည်။ ဗီယက်နမ် ပင်လယ်စာ တင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP)၏ လက်ထောက်အထွေထွေ အတွင်းရေးမှူး To Thi Tuong Lan က တင်သွင်းသော နိုင်ငံများမှ စားသုံးသူများ၏ လိုအပ်ချက်နှင့် နည်းပညာဆိုင်ရာ အတားအဆီးများကို ဖြေရှင်းနိုင်ရန် ဗီယက်နမ် ပင်လယ်စာ ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များသည် ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရန် နည်းပညာပိုင်းတွင် ရင်းနှီးမြှုပ်နှံလျက်ရှိ ပါသည်။ ထို့အပြင် မြစိမ်းရောင်ထုတ်လုပ်မှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လိုအပ် ချက်များနှင့် ကိုက်ညီရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။
ဒုတိယဝန်ကြီး Tien က လယ်ယာထွက်ကုန်ထုတ်လုပ်ရာတွင် အဆင့်မြင့်နည်းပညာ အသုံးချခြင်းသည် စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်တလျှောက်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ ရေရှည်တည်တံ့ခိုင်မြဲသော လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်း သုံးစွဲမှုနှင့် အတူဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အော်ဂဲနစ်မြေသြဇာ နှင့် ပိုးသတ်ဆေးများအသုံးပြုခြင်း၊ ရေအရင်းအမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲခြင်းနှင့် မြေဆီလွှာ နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ် ခြင်းစသည့် အစီအမံများကို ဗီယက်နမ်လယ်ယာထွက်ကုန် များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြင့်လာစေရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် ချမှတ်သင့်သည်ဟု Tien ပြောကြားခဲ့ကြောင်း (၂၆.၁၁.၂၀၂၄)ရက်နေ့ထုတ် Lang Son News သတင်းဆောင်းပါးအရ သိရှိရပါသည်။
Source https://baolangson.vn/en/vietnam-s-agricultural-export-faces-challenges-5029791.html
တင်ပြသူ ဒေါ်လင်းလဲ့ရည်အောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၄ ) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန