အမြတ်အစွန်းပိုမိုရရှိရေးအတွက် Rajshahi ဒေသရှိတောင်သူများသည် ခရမ်းချဉ်သီးအစိမ်းများ ရောင်းချလျက်ရှိ
- Wed, 27 November 2024
တောင်သူများထဲမှ အထူးသဖြင့် စီးပွားရေးဆန်သောပုဂ္ဂိုလ်များသည် ဝင်ငွေပိုမိုရရှိရေးအတွက် ၎င်းတို့၏ ကျယ်ဝန်းလှသောဘာရင်းနယ်တဝိုက်အပါအဝင် ဒေသတွင်း၌ ခရမ်းချဉ်သီးအစိမ်းများကိုလွန်ခဲ့သောရက်အနည်းငယ်မှ စတင်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
ခူးဆွတ်ပြီးစ ဟင်းသီးဟင်းရွက်များ၏ လတ်ဆတ်ချိုမြိန်သည့် အရသာကြောင့် စားသုံးသူအများစုသည် မတန်တဆဈေးနှုန်းများဖြင့် ဝယ်ယူလျက်ရှိကြောင်း၊ လက်ရှိ လက္ကား ဈေးကွက်၌ စပ်မျိုးခရမ်းချဉ်သီးအစိမ်းများကို ၃၇.၃ ကီလိုတစ်ပုံလျှင် (၁၈၀၀-၂၀၀၀)တာကာနှုန်းဖြင့် ရောင်းချလျက်ရှိပြီး လက်လီဈေးကွက်များ၌ တစ်ကီလိုလျှင်(၁၆၀-၁၇၀)တာကာနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ အခြားခရိုင်များအနက် Godagari သည် ၎င်း၏ ရေမြေအနေအထားအရ ဝင်ငွေရ သီးနှံများ စိုက်ပျိုးထုတ်လုပ်ရန် အခြေအနေပေးသော ဒေသဖြစ်သည့်အတွက် ခရမ်းချဉ်သီးစိုက်ပျိုးထုတ်လုပ်ရာတွင် ဦးဆောင်ခရိုင်တစ်ခုဖြစ်လျက်ရှိကြောင်း၊ သင့်လျော်သောရာသီဥတုအခြေအနေများနှင့် ဈေးကွက်စီးပွားရေးစနစ်များသည် တောင်သူများ၏ အကျိုးစီးပွားကိုပိုမို မြှင့်တင်ပေးနိုင်သည့်အတွက် တောင်သူစိတ်ဝင်စားမှုကို ဆွဲဆောင်ထားနိုင်ကြောင်းသိရှိရပါသည်။
လွန်ခဲ့သောနှစ်က Godagari ဒေသရှိခရမ်းချဉ်စိုက်ဧရိယာ (၂,၂၄၅)ဟက်တာအပါအဝင် ခရမ်းချဉ် စိုက်ဧရိယာပေါင်း (၃,၆၀၀)ဟက်တာ စိုက်ပျိုးခဲ့ကြောင်း၊ လူကြိုက်များသည့် စားဖိုဆောင်သီးနှံအမယ်စုံအားဘစ်ဟာရှိ မြေအသီးသီး၌ ရာသီအလိုက် စိုက်ပျိုးလေ့ရှိသည့်အတွက် ဒေသတွင်းခရမ်းချဉ် စိုက်ပျိုးခြင်းဖြင့် (၄၀,၀၀၀-၅၀,၀၀၀)တာကာဝင်ငွေရရှိလာကြပြီး တောင်သူအများအပြား၏ ကံကြမ္မာအလှည့်အပြောင်းကို တိုးတက်ကောင်းမွန်စေခဲ့ကြောင်း၊ Godagari ခရိုင်ရှိရာနှင့်ချီသော လူငယ်များသည် ခရမ်းချဉ်စိုက်ပျိုးခြင်းအားဖြင့် ကိုယ့်အားကိုယ်ကိုးနိုင်သည့် လူငယ်များဖြစ်လာကြကြောင်း တိုးချဲ့စိုက်ပျိုးပညာပေးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Umme Salma ၏ ပြောကြားချက်အရသိရှိရပါသည်။
လွန်ခဲ့သောရက်အနည်းငယ်အထိ ခရမ်းချဉ်သီးအစိမ်းများ ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း၊ ကုန်သယ်အချို့မှာဒေသတွင်း ဈေးကွက်၌ ရောင်းချလျက်ရှိပြီးအများစုမှာဒါကာမြို့တော်အပါအဝင် ပြည်နယ်နှင့် တိုင်းအသီးသီးရှိဈေးကွက်များသို့ ဖြန့်ချီလျက်ရှိကြောင်း Shaheb ဈေးရှိ ဟင်းသီးဟင်းရွက်လက္ကား ကုန်သည်ဖြစ်သူ ShamsulAlam ၏ပြောကြားချက်အရ သိရှိရပါသည်။ခရမ်းချဉ်စိုက်ပျိုးခြင်းမှ အမြတ်အစွန်းများစွာရရှိသဖြင့် ခရမ်းချဉ်စိုက်ခင်းများမှာ ဒေသတွင်းရေပန်းစားကြောင်း၊ အထူးသဖြင့် ကျယ်ပြောလှသော Barind ဒေသ၌ ရေပန်းစားကြောင်းတိုးချဲ့ စိုက်ပျိုးပညာပေးရေးဌာနမှ တွဲဖက်ညွှန်ကြားရေးမှူးဖြစ်သူ MahmudulFaruque ၏ ပြောကြားချက်အရ သိရှိရပါသည်။
အထွက်နှုန်းကောင်းသည့် စပ်မျိုးခရမ်းချဉ်များနှင့်အတူ ခေတ်မီနည်းပညာများသုံးစွဲလာမှုကြောင့် ဝင်ငွေရသီးနှံစိုက်ပျိုးမှုသည် လွန်ခဲ့သော (၁၅-၂၀)နှစ်အတွင်း (၅-၆)ဆ တိုးတက်လာခဲ့ကြောင်း၊ ယခုကာလတွင် ဝင်ငွေရသီးနှံများသည် ရိတ်သိမ်းစဉ်ကာလအစ၌ပင် မျှော်မှန်းအထွက်နှုန်းနှင့် ဈေးကွက်ပေါက်ဈေးကိုရရှိစေခဲ့သဖြင့် တောင်သူများ၏ မျက်နှာဝယ် အပြုံးပန်းများပွင့်လန်းစေကြောင်း၊ ဓာတုဆေးသုံးစွဲမှုမရှိဘဲစိုက်ပျိုးထုတ်လုပ်ထားသည့် ခရမ်းချဉ်များကို ဒေသတွင်းဝယ်လိုအားဖြည့်တင်းပြီးပါကပြည်နယ်နှင့် တိုင်းအသီးသီးသို့ ပို့ဆောင်လျက်ရှိကြောင်း၊ ဒေသတွင်းရှိ အိမ်ထောင်စုပေါင်းတစ်သိန်းသည် ယခုအခါတွင် ခရမ်းချဉ်စိုက်ပျိုးခြင်းမှ တိုက်ရိုက် ဝင်ငွေရ၍ ဖြစ်စေ၊ ခရမ်းချဉ် ရောင်းဝယ်ဖောက်ကားခြင်းမှဖြစ်စေ အကျိုးအမြတ်ရရှိလျက်ရှိသည်ဟု MahmudulFaruque က ပြောကြားခဲ့ကြောင်းကို (၂၄. ၁၁. ၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်သည့် www.bssnews.net သတင်းအရ သိရှိရပါသည်။
Source https://www.bssnews.net/agriculture-news/225890
တင်ပြသူ ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန