ထိုင်းနိုင်ငံသည် စိုက်ပျိုးရေးပို့ကုန်တင်ပို့မှု မြှင့်တင်ရန်အတွက် တရုတ် e-commerce နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ
- Wed, 27 November 2024
စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၊ တောင်သူလယ်သမားများအတွက် ဈေးကွက်အဖွဲ့အစည်း (MOF) နှင့် Shanghai Taihuixuan Technology Co., Ltd.တို့ပူးပေါင်း၍ တရုတ် e-commerce ပလပ်ဖောင်းများပေါ်တွင် "ထိုင်းကုန်တိုက် (THAI MALL)"စတင်ဖွင့်လှစ်ရန် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ နိုင်ငံတကာစိုက်ပျိုးရေးဈေးကွက်တွင် ထိုင်းနိုင်ငံ၏ ဈေးကွက်ဝင်ရောက်မှုကို မြှင့်တင်ရန်ရည်ရွယ်၍ ရှန်ဟိုင်း၊ ရှန်းကျန်းနှင့် ဟောင်ကောင် SAR ကဲ့သို့သောတရုတ်နိုင်ငံ၏ ထင်ရှားသောစီးပွားရေးစင်တာများသို့ ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များနှင့် သစ်သီးဝလံများဝင်ရောက်နိုင်ရေးအတွက် အဆိုပါအကျိုးတူပူးပေါင်းဆောင်ရွက်မှုကိုလုပ်ဆောင်ခဲ့ကြပါသည်။
အဆိုပါ နားလည်မှုစာချွန်လွှာအောက်တွင် တောင်သူလယ်သမားများဆိုင်ရာဈေးကွက်အဖွဲ့အစည်း(MOF)သည် တရုတ်ဈေးကွက်များအတွက် အရည်အသွေးကောင်းမွန် သော သစ်သီးဝလံများကိုရွေးချယ်စုဆောင်းရေးနှင့် ရောင်းဝယ်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်းဒူးရင်သီး၊ မင်းကွတ်သီးနှင့် လောင်ကန်သီးစုစုပေါင်းတန်ချိန် ၁,၂၅၃,၂၀၈.၁ တန်ဖိုးအားဖြင့် ထိုင်းဘတ် ၁၃၀,၃၇၂.၇ သန်း (အမေရိကန် ဒေါ်လာ ၃.၇၄ ဘီလီယံ) တင်ပို့နိုင်ခဲ့ပြီးအဆိုပါတင်ပို့မှုမှ ကမ္ဘာလုံးဆိုင်ရာထိုင်းသစ်သီးဝလံစားသုံးမှုများတိုးလာခြင်းအားဖြင့် ပထမနှစ်အတွင်း မျှော်မှန်းရောင်းအားမှာယွမ်သန်း ၂၀၀ မှ ၁၀၀၀ အကြား အမေရိကန်ဒေါ်လာအနေဖြင့် ဒေါ်လာ ၂၇ - ၁၃၈ သန်းအကြားရှိမည်ဟု သတ်မှတ်ထားပါသည်။ အဆိုပါစီမံချက်၏ ယေဘုယျရည်ရွယ်ချက်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် တရုတ်၌ ကိုယ်ပိုင်အမှတ်တံဆိပ်ပါ စတိုးဆိုင် အနည်းဆုံး ၁၀ ဆိုင် တည်ထောင်ရန် ပါဝင်ပါသည်။
အဆိုပါ မဟာဗျူဟာ၏ လှုပ်ရှားဆောင်ရွက်မှုမှာ ထိုင်းစိုက်ပျိုးရေးဝန်ကြီး၏ မူဝါဒနှင့်အညီအထူးသဖြင့် ထိုင်းစိုက်ပျိုးရေးထွက်ကုန်များအတွက် တရုတ်နိုင်ငံ၏ ဝယ်လို အားကို ဖြည့်ဆည်းပေးရန် အဓိကဦးတည်ပြီးကမ္ဘာလုံးဆိုင်ရာ E-commerce ပလပ်ဖောင်းတွင် ထိုင်းနိုင်ငံစိုက်ပျိုးရေးကဏ္ဍအား ပေါင်းစည်းဆောင်ရွက်ရန် ဖြစ်ပါသည်။Shanghai Taihuixuan Technology Co., Ltd. ၏ ဥက္ကဌဖြစ်သူ Mr. Chen Zhifaသည် တရုတ်နိုင်ငံတွင် ထိုင်းစိုက်ပျိုးရေးထွက်ကုန်များ၏ ကာလရှည်ကြာအသိအမှတ်ပြုမှုနှင့် ဝယ်လိုအားကိုအလေးပေးပြောကြားခဲ့ပါသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ရန် အွန်လိုင်းဖြင့် ကူးသန်းရောင်းဝယ်မှု (အွန်လိုင်းကုန်သွယ်မှု)၊ထောက်ပံ့ပို့ဆောင် ရေးနှင့် သိုလှောင်ရုံများတွင် Shanghai Taihuixuan ၏ ကျွမ်းကျင်မှုများကိုအသုံးချခြင်းဖြင့် ငါးနှစ်အတွင်း မျှော်မှန်းအကျိုးအမြတ်ဝင်ငွေအမေရိကန်ဒေါ်လာ ၁ ဘီလီယံ (ဘတ် ၃၅ ဘီလီယံ) ရရှိရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ ပူးပေါင်းဆောင်ရွက်မှုကိုဆောင်ရွက်ခြင်းဖြစ်ကြောင်း၁၈-၁၁-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သောhttps://www. freshplaza. com၏ သတင်းအချက်အလက်များအရသိရှိရပါသည်။
Source https://www.freshplaza.com/north-america/article/9679241/thailand-partners-with-chinese-e-commerce-to-boost-agricultural-exports/
တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန