ဖိလစ်ပိုင်နိုင်ငံသည် ဂျပန်နိုင်ငံသို့ Hass ထောပတ်သီးတင်ပို့သည့် ပထမဆုံး အာရှနိုင်ငံဖြစ်လာ
- Wed, 27 November 2024
ဖိလစ်ပိုင်နိုင်ငံသည် နိုင်ငံ၏ လယ်ယာပို့ကုန်တိုးတက်မှုနှင့် ဒေသထွက်ကုန်များ၏ အရည်အသွေးကိုအလေးထားသည့် သိသာထင်ရှားသောမှတ်တိုင်တစ်ခုဖြစ်သည့် Hass ထောပတ်သီးများကို ဂျပန်နိုင်ငံ၏ အကျိုးအမြတ်များသော အစားအစာဈေးကွက်သို့ အောင်မြင်စွာချဲ့ထွင်နိုင်ခဲ့ပါသည်။
“ဒါဟာဖိလစ်ပိုင်နိုင်ငံ၏ လယ်ယာထွက်ကုန်တင်ပို့မှုတိုးချဲ့ရေးနှင့် လယ်ယာထွက်ကုန်များ၏ အရည်အသွေးမြင့်မားလာစေရေးအပေါ် အလေးထားမှုရဲ့ သက်သေတစ်ခုဖြစ်ကြောင်း၊ ဂျပန်နိုင်ငံကသစ်သီးတင်သွင်းခွင့်ပြုလိုက်ခြင်းသည် ဒေသတွင်းရှိ Hass ထောပတ်သီးများအတွက် အခြားသောနိုင်ငံတကာဈေးကွက်အခွင့်အလမ်းများဖြစ်ပေါ်လာလိမ့်မည်ဟုမိမိတို့အနေဖြင့်မှတ်ယူပါကြောင်း” စိုက်ပျိုးရေးဦးစီးဌာန၏ အတွင်းရေးမှူးFrancisco P. Tiu Laurel, Jr.ကပြောကြားခဲ့ပါသည်။
BPI ဒါရိုက်တာ Glenn Panganiban က ငှက်ပျောသီးနှင့်နာနတ်သီးအပါအဝင် ဖိလစ်ပိုင်နိုင်ငံ၏ တင်ပို့မှုအစုစုတွင် Hass ထောပတ်သီးပါဝင်မှုသည် ၂၀၁၁ ခုနှစ်မှ စတင် ၍ ကနဦးတောင်းဆိုမှုများနှင့်အတူ ဆယ်စုနှစ်တစ်ခုကျော် ကြိုးစားအားထုတ်မှု၏ ရလဒ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်၊ “Hass ထောပတ်သီးအတွက် ပြိုင်ဆိုင်မှုပြင်းထန်သောဂျပန်နိုင်ငံစျေးကွက်ကို ရယူနိုင်ခဲ့ခြင်းသည် ဂျပန်နိုင်ငံနှင့် ကျွန်ုပ်တို့၏ ကုန်သွယ်မှုဆက်ဆံရေးအတွက် အရေးပါသောခြေလှမ်းသစ်တစ်ခုဖြစ်ကြောင်း” BPI ဒါရိုက်တာ Glenn Panganiban က ပြောကြားခဲ့ပါသည်။
၂၀၂၃ ခုနှစ်တွင်ဖိလစ်ပိုင်နိုင်ငံသည် လယ်ယာနှင့် ရေထွက်ပစ္စည်းများကိုဂျပန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံဖိုးတင်ပို့ခဲ့ပြီး၊ ကုန်သွယ်မှုပိုငွေအမေရိကန်ဒေါ်လာသန်း ၉၉၀ ရရှိခဲ့ပါသည်။ Hassထောပတ်သီးတင်ပို့နိုင်ခြင်းသည် အရည်အသွေးမြင့်သီးနှံများဂျပန်နိုင်ငံသို့ အဓိကတင်သွင်းသောနိုင်ငံတစ်ခုအဖြစ် ဖိလစ်ပိုင်နိုင်ငံ၏ ဈေးကွက်ရပ်တည်နိုင်မှုကိုပိုမိုခိုင်မာစေပါသည်။
Hass ထောပတ်သီးမျိုးသည် အရွယ်အစားသေးငယ်ပြီးအသီးအခွံသည် ကျောက်စရစ်ခဲမျက်နှာပြင်နှင့် တူညီပြီးမှည့်သောအခါ ခရမ်းနက်ရောင်ပြောင်းသွားသည့်အတွက် ဂျပန်လူမျိုးများကြိုက်နှစ်သက်မှုနှင့် အထူးသင့်လျော်ပါသည်။
ဂျပန်နိုင်ငံသည် Hass ထောပတ်သီးများကိုအဓိကတင်သွင်းသည့်နိုင်ငံဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် တင်သွင်းမှုတန်ဖိုးမှာအမေရိကန်ဒေါ်လာသန်း ၁၆၀ (၆၁,၀၀၀ မက်ထရစ်တန်) ဖြစ်ပါသည်။ အဓိကတင်သွင်းသည့် နိုင်ငံများမှာမက္ကဆီကို၊ ပီရူး၊ သြစတြေးလျ၊ နယူးဇီလန်နှင့် အမေရိကန်နိုင်ငံတို့ဖြစ်ပါသည်။
"ဖိလစ်ပိုင်နိုင်ငံသည် အာရှတွင် ထောပတ်သီးများကိုဂျပန်နိုင်ငံသို့တင်ပို့သည့် ပထမဆုံးနိုင်ငံဖြစ်သောကြောင့် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ဂျပန်နိုင်ငံ၏ သစ်သီးဝလံဝယ်လိုအားတိုးတက်လာခြင်းသည် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သူများအတွက် အခွင့်အလမ်းကောင်းများရရှိမည်ဖြစ်ကြောင်း” တိုကျိုအခြေစိုက် စိုက်ပျိုးရေးသံမှူး AleliMaghirang ကပြောကြားခဲ့ပါသည်။
ဂျပန်နိုင်ငံ၏ စျေးကွက်အတွင်းသို့ဝင်ရောက်လာနိုင်ခြင်းသည် ဖိလစ်ပိုင်နိုင်ငံမှ စိုက်ပျိုးထားသော Hass ထောပတ်သီးများအတွက် အခြားသောနိုင်ငံတကာဈေးကွက်များသို့ ဝင်ရောက်ရေးလမ်းစဖြစ်ပါသည်။ Hass ထောပတ်သီးများဂျပန်နိုင်ငံသို့ အောင်မြင်စွာဝင်ရောက်နိုင်မှုသည်ဖိလစ်ပိုင် နိုင်ငံလယ်ယာထွက်ကုန်ပို့ကုန်များပိုမိုချဲ့ထွင်နိုင်ရန် အလားအလာကိုမီးမောင်းထိုးပြနေပါသည်။
ဖိလစ်ပိုင်နိုင်ငံသည် ဂျပန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ သစ်သီးဝလံများ၀ယ်လိုအားတိုးလာသည်နှင့်အမျှ ဖိလစ်ပိုင်သည်ဂျပန်ဈေးကွက်တွင်၎င်း၏တည်ရှိမှုကိုခိုင်မာစေရန်နှင့် အာရှနှင့်ပြင်ပရှိလယ်ယာထွက်ကုန်များကိုတိုးချဲ့ရန်အလားအလာကောင်းရှိနေကြောင်း(၁၈. ၁၁. ၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်သည့် www.freshplaza.com သတင်းအရသိရှိရပါသည်။
Source https://www.freshplaza.com/north-america/article/9679242/philippines-becomes-first-asian-country-to-export-hass-avocados-to-japan/
တင်ပြသူ ဒေါ်လင်းလဲ့ရည်အောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန