တာကီယဲစိုက်ပျိုးရေးပို့ကုန်များအတွက် ဈေးကွက်သစ်များ ရရှိရန် တာကီယဲ-ဗြိတိန်လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူစာချူပ်ကို တိုးချဲ့ဆောင်ရွက်ခဲ့
- Wed, 13 November 2024
တာကီယဲနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့အကြား လက်ရှိ လွတ်လပ်စွာကုန်သွယ်မှုသဘောတူ စာချုပ်အား တိုးချဲ့ဆောင်ရွက်ခြင်းသည် ဗြိတိန်ဈေးကွက်သို့တာကီယဲစိုက်ပျိုးရေးထွက်ကုန်များ ဝင်ရောက်ထိုးဖောက်ရာတွင်ပိုမိုကျယ်ပြန့်စေမည်ဖြစ်ကြောင်း တာကီယဲကုန်သွယ်ရေးဝန်ကြီး Omer Bolat က Anadolu သို့ပြောကြားခဲ့ပါသည်။ဗြိတိန်နိုင်ငံသည် ဥရောပကုလသမဂ္ဂမှ ခွဲထွက်ပြီးနောက်ပိုင်း (Brexit)တွင်ကုန်သွယ်ရေး စီးဆင်းမှုနှင့် ရောင်းဝယ်ရေးကွင်းဆက်များကို ကာကွယ်ရန် တာကီယဲ-ဗြိတိန်လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူစာချုပ်သည် (၂၀၂၁)ခုနှစ်တွင်စတင်အသက်ဝင်လာခဲ့ပါသည်။ ပြီးခဲ့သည့် အပတ်တွင် တာကီယဲနိုင်ငံခြားရေးဝန်ကြီး Hakan Fidanနှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy တို့သည် သဘောတူစာချုပ်အားအဆင့်မြှင့်တင်ရန်နှင့် အခြားကိစ္စရပ်များ ဆွေးနွေးရန်အတွက် လန်ဒန်တွင်တွေ့ဆုံခဲ့ကြပါသည်။နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအတွက် ပိုမိုခိုင်မာသော တရားဝင်အခြေခံအုတ်မြစ် တစ်ခု ဖြစ်လာစေရန်အတွက် ရင်းနှီးမြှုပ်နှံမှုများနှင့်ထပ်တိုးစိုက်ပျိုးရေးဆိုင်ရာ လျှော့ပေါ့မှုများ ပါဝင်သည့် သဘောတူစာချုပ်ကိုတိုးချဲ့ဆောင်ရွက်ရန် (၂၀၂၂)ခုနှစ်တွင် စတင်ကြိုးပမ်းဆောင်ရွက် ခဲ့ကြပါသည်။လက်ရှိသဘောတူစာချုပ်သည် တာကီယဲနှင့် ဗြိတိန်နိုင်ငံတို့အကြားတွင်အတားအဆီး မရှိဘဲ ဆက်လက်ဆောင်ရွက်နေသည့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများကိုသိသိသာသာ အထောက် အကူဖြစ်စေသည့်အပြင် နှစ်နိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များအတွက် ကုန်သွယ်ရေး အခြေအနေ များကို ကာကွယ်နိုင်ပြီးမသေချာမှုများကို လျှော့ချပေးနိုင်ကြောင်း Bolat က ပြောကြားခဲ့ပါသည်။(၂၀၂၁)ခုနှစ် သဘောတူစာချုပ်၏ အကောင်အထည်ဖော်ခြင်းမှ တူရကီနှင့်ဗြိတိန်နိုင်ငံတို့ အကြားရှိ ကုန်သွယ်မှုသည် တစ်နှစ်ထက်တစ်နှစ် (၁၅%)နီးပါးတိုးလာသည်ကို တွေ့ရှိရပြီး အဆိုပါ ကုန်သွယ်မှုပမာဏကို ထိန်းသိမ်းထားခဲ့ကြောင်းပြောကြားခဲ့ပါသည်။လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူစာချုပ်သည်တာကီယဲပို့ကုန်လုပ်ငန်းရှင်များအတွက် အရေးကြီးသော ၎င်းတို့၏ဈေးကွက်ဝင်ရောက်မှုအား ထိန်းသိမ်းရန် အာမခံချက်တစ်ရပ်ကို ထောက်ပံ့ပေးပြီးသဘောတူစာချုပ်မှတဆင့် နှစ်နိုင်ငံကုန်သွယ်မှုကို ဆက်လက်လုပ်ဆောင်ခြင်းဖြင့် တာကီယဲစီးပွားရေးလုပ်ငန်းရှင်များအတွက် ဗြိတိန်ဈေးကွက်တွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကိုပိုမိုလုံခြုံစွာ အခြေတည်စေပြီး ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို ကြိုတင်ကာကွယ်ရန်အထောက် အကူဖြစ်စေကြောင်း ပြောကြားခဲ့ပါသည်။
တိုးချဲ့ဆောင်ရွက်ခဲ့သည့်သဘောတူစာချုပ်သည် တာကီယဲကုမ္ပဏီများအနေဖြင့်ဗြိတိန် နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် ၎င်းတို့အတွက် ဘေးကင်းလုံခြုံစိတ်ရသော စီးပွားရေးလုပ်ငန်းများကို ရှာဖွေရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက်ရင်းနှီးမြှုပ်နှံမှုများ အတွက် ပိုမိုခိုင်မာသော တရားဝင်မူဘောင်တစ်ခုကိုဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း Bolat က ပြောကြားခဲ့ပါသည်။ရေရှည်တည်တံ့ခိုင်မြဲပြီး နှစ်ဦးနှစ်ဖက် ရေရှည်အကျိုးအမြတ်ရရှိမှုပေါ် အခြေခံ၍သဘောတူစာချုပ်အား တိုးချဲ့ဆောင်ရွက်ခြင်းသည် တာကီယဲနှင့်ဗြိတိန်နိုင်ငံတို့အကြားရှိစီးပွားရေး နှင့် ကုန်သွယ်မှုဆက်ဆံရေးများကို ပိုမိုအဆင့်မြင့်သည့် အဆင့်သို့ရောက်ရှိအောင် စွမ်းဆောင် နိုင်မည်ဖြစ်ကြောင်း (၅-၁၁-၂၀၂၄)ရက်နေ့တွင်ထုတ်ပြန်ခဲ့သောhttps://www.yenisafak.com ၏ သတင်းအချက်အလက်များအရသိရှိရပါသည်။
Source https://www.yenisafak.com/en/economy/expanded-turkiye-uk-free-trade-deal-to-open-new-doors-to-turkish-agricultural-exports-3693966
တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန