ဗီယက်နမ်နိုင်ငံ၏ လယ်ယာထွက်ကုန်တင်ပို့မှု မြင့်တက်လာပြီး ယခုနှစ်တွင် အမေရိကန်ဒေါ်လာ (၆၁)ဘီလီယံအထိ ရှိလာမည်ဟု ခန့်မှန်းထား

  • Thu, 7 November 2024

ဗီယက်နမ်နိုင်ငံ၏ လယ်ယာထွက်ကုန်တင်ပို့မှု မြင့်တက်လာပြီး ယခုနှစ်တွင် အမေရိကန်ဒေါ်လာ (၆၁)ဘီလီယံအထိ ရှိလာမည်ဟု ခန့်မှန်းထား



ရာသီဥတုစိန်ခေါ်မှုများကြားမှ ဗီယက်နမ်နိုင်ငံ၏ လယ်ယာထွက်ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ (၆၀-၆၁) ဘီလီယံအထိရှိနိုင်ပြီး သမိုင်းဝင် စံချိန်တင်လမ်းကြောင်းပေါ်တွင် ရှိနေသည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဒုတိယဝန်ကြီး Phung Duc Tien က ယခုနှစ် လယ်ယာထွက်ကုန်တင်ပို့မှုသည် အမြင့်ဆုံး အမေရိကန်ဒေါ်လာ (၆၀-၆၁)ဘီလီယံအထိ ရှိနိုင်ကြောင်း မကြာသေးမီက ကြေညာခဲ့သည်။

နှစ်သစ်ကူးလမုန့်ပွဲတော်အားလပ်ရက်အတွက် အသား လုံလောက်စွာ ရရှိစေရေးတွင်  မွေးမြူရေးလုပ်ငန်းများအားကောင်းနေဆဲဖြစ်ကြောင်း  ပြည်သူများအား ဒုတိယဝန်ကြီးက အာမခံ ထားခဲ့သည်။

ဒုတိယ၀န်ကြီး Tien က သတင်းဌာနများနှင့် တွေ့ဆုံမေးမြန်းခန်းတွင် လယ်ယာကဏ္ဍသည် ယခုနှစ် ပထမ (၉)လအတွင်း အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ ကြုံတွေ့ခဲ့ရပြီး တိုင်ဖွန်း အမှတ် (၃) နှင့် နောက်ဆက်တွဲရေကြီးမှုကြောင့် ဗီယက်နမ်ဒေါင်ငွေ (၃၀.၈)ထရီလျံကျော် ပျက်စီးခဲ့ကြောင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။ မွေးမြူရေးနှင့် ရေလုပ်ငန်းတို့သည်  အဆိုးရွားဆုံးထိခိုက်ခဲ့သည့် ကဏ္ဍများ ဖြစ်သည်။

သို့သော်လည်း ဒုတိယ၀န်ကြီး Tien က စက်တင်ဘာလကုန်တွင် အသားထုတ်လုပ်မှု တန်ချိန် (၆.၁၃)သန်းထိရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၄.၈%)တိုးလာကြောင်း အတည်ပြု ခဲ့သည်။ တိရစ္ဆာန်အစာဈေးနှုန်းများ ကျဆင်းလာသည်နှင့်အမျှ မွေးမြူရေးသမားများသည် ပြန်လည် မွေးမြူနေကြပြီး တိုးတက်မှုနှုန်းသည်လည်း တည်ငြိမ်လာပါသည်။ မွေးမြူခြင်းနှင့် ငါးဖမ်းခြင်း အပါအဝင် ရေလုပ်ငန်းထုတ်လုပ်မှုသည် တန်ချိန် (၇.၀၂)သန်း အထိရောက်ရှိခဲ့ပြီး စက်တင်ဘာ လကုန်တွင်   ယင်းကဏ္ဍအတွက်   ပို့ကုန်တန်ဖိုးသည်  အမေရိကန် ဒေါ်လာ (၇.၂၃)ဘီလီယံရှိပြီး  စက်တင်ဘာလတစ်လတည်းတွင် အမေရိကန်ဒေါ်လာ သန်း(၉၀၀) ကျော်ရှိသည်။

ဒုတိယ၀န်ကြီး Tien က ရေလုပ်ငန်းတင်ပို့မှုသည် ယခုနှစ်အတွက် သတ်မှတ်ထားသည့် အမေရိကန်ဒေါ်လာ (၁၀)ဘီလီယံရရှိရန် မျှော်လင့်ထားသည်။ အထူးသဖြင့် Hai Phong နှင့် Quang Ninh ကဲ့သို့သော ပြည်နယ်များတွင် မကြာသေးမီက ပျက်စီးဆုံးရှုံးမှုများကို ကုစားသည့်အနေဖြင့် 

ငါးလုပ်ငန်းညွှန်ကြားမှုဦးစီးဌာန (စိုက်ပျိုးရေးနှင့်  ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန အောက်)မှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပံ့ပိုးကူညီ ရန်အတွက် ပစ္စည်းများ၊ မျိုးစေ့နှင့် အစာများကို ချက်ချင်းဖြန့်ဝေခဲ့သည်။ တစ်ချိန်တည်းမှာပင် ရေဘေးသင့်ဒေသများ၌ သစ်ပင်များကို စိုက်ပျိုးရန် နှစ်စဉ် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

 မြောက်ပိုင်းပြည်နယ်များတွင်  ဆန်တန်ချိန် (၃၀၀,၀၀၀-၄၀၀,၀၀၀)ခန့် ဆုံးရှုံးခဲ့သော်လည်း ပထမ(၉)လအတွင်း တစ်နိုင်ငံလုံး ဆန်ထုတ်လုပ်မှု တန်ချိန် (၃၄.၀၁)သန်းအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် (၁.၅%) တိုးမြင့်လာခဲ့သည်။

ဟင်းသီးဟင်းရွက်များနှင့် ပတ်သက်၍ ၎င်းတို့၏ ခူးဆွတ်ရန် သက်တမ်းတိုတောင်း ခြင်းသည် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို အနည်းငယ်သာခံနိုင်ရည်ရှိစေကြောင်း သူက မှတ်ချက်ပြု ခဲ့သည်။

လယ်ယာကဏ္ဍ၏ ပို့ကုန်တန်ဖိုးသည် ၂၀၂၄ ခုနှစ်၊ ပထမ (၉)လတွင် အမေရိကန်ဒေါ်လာ (၄၆.၂၈) ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် (၂၁%) မြင့်တက်လာကာ စက်တင်ဘာ တစ်လတည်းတွင် အမေရိကန်ဒေါ်လာ (၅.၈၅)ဘီလီယံ ရရှိခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြား ခဲ့ သည်။ လက်ရှိတိုးတက်မှုနှုန်းအရ လယ်ယာထွက်ကုန်တင်ပို့မှုသည် ယခုနှစ်အတွင်း အမေရိကန် ဒေါ်လာ (၆၀-၆၁)ဘီလီယံအထိ ရောက်ရှိနိုင်ပြီး ကျော်လွန်၍လည်း သွားနိုင်ပါသည်။  “စိုက်ပျိုးရေး ကဏ္ဍမှာ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူသင့်ပါတယ်” ဟု ဒုတိယဝန်ကြီး Phung Duc Tien က ပြောကြားခဲ့ကြောင်းကို (၂၇.၁၀.၂၀၂၄)ရက်နေ့က ဖတ်ရှုခဲ့ရသည့် vietnamnet.vn သတင်း ကွန်ယက်၏ ဆောင်းပါးမှတစ်ဆင့် သိရှိခဲ့ရသည်။


Source https://vietnamnet.vn/en/vietnam-s-agricultural-exports-soar-projected-to-reach-61-billion-this-year-2335980.html

တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၆) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ