ပါကစ္စတန်သည် လယ်ယာထွက်ကုန်တင်ပို့မှုမှတ်တိုင်သစ်အဖြစ် အမေရိကန်ဒေါ်လာ (၈)ဘီလီယံ ရရှိ

  • Wed, 11 September 2024

ပါကစ္စတန်သည် လယ်ယာထွက်ကုန်တင်ပို့မှုမှတ်တိုင်သစ်အဖြစ် အမေရိကန်ဒေါ်လာ (၈)ဘီလီယံ ရရှိ



ပါကစ္စတန်၏ စိုက်ပျိုးရေးကဏ္ဍအတွက် သိသာထင်ရှားစေသော ဖွံ့ဖြိုးတိုးတက်မှုတစ်ခု အဖြစ် နိုင်ငံ၏ လယ်ယာထွက်ကုန်တင်ပို့မှုသည် ပထမဆုံးအကြိမ် စံချိန်တင်အမေရိကန်ဒေါ်လာ (၈) ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း ဖက်ဒရယ်ကုန်သွယ်ရေးဝန်ကြီး Jam Kamal Khan က ပြောကြားခဲ့သည်။

ဤအောင်မြင်မှုသည် သမိုင်းတလျှောက်တွင် ပထမဆုံးအကြိမ်ဖြစ်ပါကြောင်းနှင့် ပါကစ္စတန်၏ လယ်ယာထွက်ကုန် တင်ပို့မှုသည် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိသွားနိုင်ခြင်းသည် အဆိုပါ ကဏ္ဍ၏ ကြီးထွားလာမှုနှင့် တိုးတက်မည့်အလားအလာကို ထင်ဟပ်ခဲ့ပါကြောင်းအား အင်္ဂါနေ့တွင် ပြုလုပ်ခဲ့သည့် ဆန်စပါး၊နို့နှင့်နို့ထွက်ပစ္စည်းကဏ္ဍ အွန်လိုင်း အစည်းအဝေးများတွင် ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးက နိုင်ငံတော်၏ စီးပွားရေးအတွက် ပါဝင်ပံ့ပိုးကူညီမှုများ၏ အရေးပါမှုကို အလေး ပေး၍ အဆိုပါကဏ္ဍများ၏ တိုးတက်မှုကို ချီးကျူးဂုဏ်ပြုပါသည်။ ပို့ကုန်ပိုမိုမြှင့်တင်ရန်နှင့် လက်တွေ့ကျသော လုပ်ငန်းအစီအစဉ်များ ချမှတ်နိုင်ရန်အတွက် ဝန်ကြီးချုပ် Shehbaz Sharif ဦးဆောင်သော အမျိုးသားပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့ (NEDB) တွင် ၎င်းတို့၏ အကြံ ပြုချက်များကို တင်ပြသွားမည်ဖြစ်ကြောင်း ကောင်စီအဖွဲ့ဝင်များအား ပြောကြားခဲ့ပါသည်၊၊ 

 “ဤကောင်စီများအား သင့်တော်သော တာဝန်များပေးအပ်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ပါကြောင်း၊ ဤပလပ်ဖောင်းသည်လယ်ယာ ကဏ္ဍအတွက်အမှန်တကယ် ကိုယ်စား ပြုကြောင်း ကိုယ်တိုင် သတိပြုမိပြီး ၎င်းကို ပိုမိုအားကောင်းစေရေးအတွက် ပြုပြင်မွမ်းမံရန်နှင့် ပြန်လည် ဖွဲ့စည်းရန် လိုအပ်ပါကြောင်း၊ ကျွန်ုပ်တို့၏ရည်မှန်းချက်မှာ ပို့ကုန်ပမာဏ တိုးမြှင့်ဖို့ဖြစ်ပြီး ပံ့ပိုး ပေးမှုများ တတ်နိုင်သမျှ လုပ်ဆောင်သွားမှာပါ”ဟု ဝန်ကြီးက အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဆန်စပါးကဏ္ဍသည် အမေရိကန်ဒေါ်လာ (၄)ဘီလီယံ တင်ပို့ရန် လျာထားချက်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ဝန်ကြီး၏ အထူး ချီးကျူးမှုကို ရရှိခဲ့သည်။ ဝန်ကြီးက လာမည့်နှစ် အတွက် ဒေါ်လာ(၅)ဘီလီယံ လျာထားချက်အပေါ် မျှော်မှန်းချက်ထားရှိရန် ကောင်စီအား တိုက်တွန်းခဲ့ပြီး ကဏ္ဍ၏ တိုးတက်မှုလမ်းကြောင်းကို ဆက်လက်လုပ်ဆောင်နိုင်မှုအပေါ် အစိုးရ၏ ယုံကြည်မှုကို ပြသခဲ့သည်။ ဆန်စပါးကောင်စီဥက္ကဋ္ဌ Shahzad Malik က ရာသီဥတုအခြေအနေမျာဆက်လက် ကောင်းမွန်၍ လက်ရှိအရှိန်အဟုန်ဖြင့် ပို့ကုန်လုပ်ငန်းများ ဆက်လက်တိုးတက် နေပါက ပါကစ္စတန်သည် (၂၀၃၀)တွင် ဆန်တင်ပို့မှု ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိနိုင်ပြီး အမေရိကန် ဒေါ်လာ (၁၀)ဘီလီယံအထိ ရရှိနိုင်ပါကြောင်း ဆန်စပါးကောင်စီဥက္ကဋ္ဌ Shahzad Malik က ပြောကြားခဲ့သည်။

ဝန်ကြီးက ဆန်စပါးကဏ္ဍတွင် ဥရောပနှင့် ပင်လယ်ကွေ့ဈေးကွက်များတွင် ပါကစ္စတန်၏ ဈေးကွက်ဦးတည်မှုကို စောင့်ကြည့်ခဲ့ပြီး ဈေးကွက်ကို ထိန်းသိမ်းရန်အတွက် ပိုးသတ်ဆေး ကင်းစင်သော ထုတ်ကုန်များ ထုတ်လုပ်ရေးအပေါ် အာရုံစိုက်ရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းထားရန် အရေးကြီးသော အကောက်ခွန်နှင့် စွမ်းအင်နှုန်းထားများနှင့် ပတ်သက်၍ တင်ပို့သူများ၏ စိုးရိမ်ပူပန်မှုများ ကို ၎င်းက အသိအမှတ်ပြုခဲ့သည်။ "တင်ပို့သူများ၏ စိုးရိမ်ပူပန်မှုတွေကို စစ်မှန်စွာ ဖြေရှင်းနိုင်မှာဖြစ်ပြီး ဒီ ပြဿနာတွေက တင်ပြသူများ၏ တိုးတက်မှုကို အဟန့်အတားမဖြစ်စေဖို့အတွက် လက်တွေ့ကျတဲ့ ခြေလှမ်းတွေကို လုပ်ဆောင်သွားမှာပါ" ဟု အာမခံခဲ့ပါကြောင်းအား (၆.၉.၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Business သတင်းဆောင်းပါးအရ သိရှိရပါသည်၊၊


Source https://www.nation.com.pk/04-Sep-2024/pakistan-achieves-historic-dollar-8-billion-agri-exports-milestone-jam-kamal

တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ  (၁၁) ရက်

တည်းဖြတ်သူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ