မန္တလေးဈေးကွက်သို့ ဝင်ရောက်လာသော မြန်မာပဲစဉ်းငုံအသစ်များ ဈေးနှုန်းမြင့်တက်လျက်ရှိခြင်း

  • Wed, 26 January 2022

မန္တလေးဈေးကွက်သို့ ဝင်ရောက်လာသော မြန်မာပဲစဉ်းငုံအသစ်များ ဈေးနှုန်းမြင့်တက်လျက်ရှိခြင်း


ရိတ်သိမ်းပြီးခါစ မြန်မာပဲစဉ်းငုံအသစ်များကို ဇန်နဝါရီလတွင် ဈေးနှုန်းများ မြင့်တက်လာမှုနှင်အတူ မန္တလေးဈေးကွက်သို့ အမြောက်အမြား ဝင်ရောက်လာကြောင်း မန္တလေး ပဲမျိုးစုံကုန်သည်များ၏ ပြောကြားချက်များအရ သိရှိရပါသည်။


ပဲစဉ်းငုံအသစ်များကို မန္တလေးဈေးကွက်မှတစ်ဆင့် ကျောက်ဆည်၊ စစ်ကိုင်း၊ မုံရွာ၊ မြင်းမူနှင့် မြောင်မြို့များသို့ တင်ပို့လျက်ရှိကြောင်း၊ ယခုနှစ်ရာသီဥတု ကောင်းမွန်သောကြောင့် ပဲစဉ်းငုံအရည်အသွေး ကောင်းမွန်ပါကြောင်း၊ ယခင်ဘဏ္ဍာနှစ်တွင် ပဲစဉ်းငုံသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် (၇၀,၀၀၀) ရှိပြီး ယခုနှစ်တွင် (၁၂၄,၀၀၀) ကျပ် အထိ သိသိသာသာ မြင့်တက်လာကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်မှ ပြောကြားခဲ့ပါသည်။


ပဲစဉ်းငုံကို မြန်မာလူမျိုးအနည်းစုသာ စားသုံးကြကြောင်း၊ ထူးခြားသောအရသာရှိပြီး ဓာတုကင်းလွတ်သော မြန်မာပဲစင်းငုံကို အိန္ဒိယလူမျိုးများမှ ကြိုက်နှစ်သက်ကြကြောင်း၊ မြန်မာပဲစဉ်းငုံသည် အာဖရိကပဲစဉ်းငုံထက် ပိုမိုဈေးကွက်ဝင်ကြောင်း၊ မြန်မာပဲမျိုးစုံကို အိန္ဒိယမှ အဆက်မပြတ် ဝယ်ယူနေသောကြောင့် ဈေးနှုန်းကျဆင်းရန် မဖြစ်နိုင်ကြောင်း၊ မြန်မာပဲစဉ်းငုံကို အိန္ဒိယသို့ အဓိကတင်ပို့ပြီး နီပေါ၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံများသို့လည်း တင်ပို့ကြောင်း၊ ယခုအခါတွင် မန္တလေးဈေးကွက်သို့ ပဲစဉ်းငုံအိတ်ပေါင်း (၁၀,၀၀၀) ခန့် နေ့စဉ် တင်ပို့ကြောင်း၊ မကြာမီတွင် ရွှေဘိုနှင့် ခင်ဦးမြို့မှလည်း ပဲစဉ်းငုံများ ထွက်ရှိတော့မည်ဖြစ်ကြောင်း သိရှိရပါသည်။


မြန်မာပဲစဉ်းငုံသည် အနီရောင်၊ အဖြူရောင်နှင့် အဖြူအနီ ရောနှောအရောင်ဟူ၍ အမျိုးမျိုးရှိပါသည်။ ပဲစဉ်းငုံကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးကြပါသည်။ ယခုအခါတွင် ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် တိုးချဲ့စိုက်ပျိုးလျက်ရှိကြပါသည်။


နားလည်မှုစာချွန်လွှာအရ အိန္ဒိယနိုင်ငံသည် (၂၀၂၁-၂၂) ဘဏ္ဍာနှစ်မှ (၂၀၂၅-၂၆) ဘဏ္ဍာနှစ်အထိ (၅) နှစ် ဆက်တိုက် ပဲစဉ်းငုံတန်ချိန်တစ်သိန်းခန့်ကို ဝယ်ယူမည်ဖြစ်ပါသည်။ ထို့ကြောင့် ပဲစဉ်းငုံ စိုက်ပျိုးထုတ်လုပ်မှုကို တိုးချဲ့သင့်ကြောင်း (၁၈.၁.၂၀၂၂) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော The Global New Light of Myanmar ကွန်ယက်၏ သတင်းဆောင်းပါးအရ သိရှိရပါသည်။


Source : https://www.gnlm.com.mm/newly-myanmar-pigeon-pea-enters-mandalay-market-with-upward-price/






ဆက်စပ် သတင်းများ