အင်ဒိုနီးရှားအစိုးရသည် စားအုန်းဆီတင်ပို့ခြင်းကိုကန့်သတ်ရန် အစီအစဉ်ရေးဆွဲနေခြင်း
- Wed, 26 January 2022
ဗုဒ္ဓဟူးနေ့၌ အင်ဒိုနီးရှားနိုင်ငံ အကြီးဆုံးစားအုန်းဆီအသင်းအဖွဲ့၏ တာဝန်ရှိသူတစ်ဦးမှ အစိုးရမှ ပြည်တွင်းစားသုံးဆီဈေးနှုန်းကို ထိန်းညှိရန်အတွက် စားအုန်းဆီတင်ပို့မှုကို ကန့်သတ်ရန် လတ်တလော အစီစဉ်ရေးဆွဲနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ငြင်းဆိုခဲ့ပါသည်။
“စားအုန်းဆီတင်ပို့မှုကို အများဆုံး (၂၀)ရာခိုင်နှုန်းထိကန့်သတ်ရန် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း၊ ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပို့ကုန်ကန့်သတ်ရေးအစီအစဉ်နှင့် စည်းမျဉ်း စည်းကမ်းများရေးဆွဲနေပြီဟု GAPKI ၏ ဒုတိယဥက္ကဠ Togar Sitanggang မှ ပြောကြားခဲ့ပါသည်။
ကမ္ဘာ့စားအုန်းဆီဈေးနှုန်း မြင့်တက်လာသည်နှင့်အညီ တစ်နှစ်ထက်တစ်နှစ် (၄၀) ရာခိုင်နှုန်းခန့် မြင့်တက်လာသော ပြည်တွင်း ဟင်းချက်ဆီဈေးနှုန်းမြင့်တက်မှုကို တားဆီးရန် ကမ္ဘာ့ထိပ်တန်း စားအုန်းဆီထုတ်လုပ်သူနှင့် တင်ပို့ရောင်းချသူများမှ ကြိုးပမ်းလျက်ရှိပါသည်။
အဓိကဝယ်လက်များဖြစ်သော အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံများထံမှ စားအုန်းဆီ ဝယ်လိုအား ပြန်လည်ဦးမော့လာချိန်တွင် အင်ဒိုနီးရှားနှင့် ပြိုင်ဘက်မလေးရှားနိုင်ငံတို့တွင် စားအုန်းဆီထုတ်လုပ်မှု လျော့နည်းလာသောကြောင့် ကမ္ဘာ့စားအုန်းဆီစျေးနှုန်းများ စံချိန်တင် ခဲ့ပါသည်။
GAPKI အရာရှိ၏ သဘောထားမှတ်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ Indrasari Wisnu Wardhanaမှ ယင်းကဲ့သို့ အစီအစဉ်မရှိကြောင်း Reuters သတင်းဌာနသို့ ငြင်းဆိုခဲ့ပါသည်။
ယခုအချိန်အထိ ကုန်သွယ်ရေးဝန်ကြီးမှ ကြေငြာထားသည်မှလွဲ၍ အခြားစည်းမျဉ်း အသစ်များမရှိသေးကြောင်း Wisnu မှ ပြောကြားခဲ့ပါသည်။
အင်္ဂါနေ့တွင်ထုတ်ပြန်ခဲ့သည့် စည်းမျဉ်းများအရ ပို့ကုန်လုပ်ငန်းရှင်များသည် စားအုန်းဆီကြမ်း၊ ဟင်းချက်ဆီနှင့် သန့်စင်ပြီး အရောင်ချွတ်ထားသော အနံ့ဆိုးထွက်သည့် စားအုန်းဆီ (RBD palm olein) တင်ပို့မှုအတွက် ဇန်နဝါရီ (၂၄)ရက်မှစ၍ တင်ပို့ရောင်းချရန်အတွက် ခွင့်ပြုချက်ရယူရန် လိုအပ်ပါသည်။ ဤစည်းမျဉ်းသည် (၆)လအတွင်း အကျုံးဝင်မည်ဖြစ်ပါသည်။
ပို့ကုန်သမားများသည် တင်ပို့မှုအတွက် လက်တလောတွင် အကောက်ခွန်ကြေငြာချက်များကိုသာ လုပ်ဆောင်ရန် လိုအပ်ပါသည်။
အင်ဒိုနီးရှားနိုင်ငံ၏ မူဝါဒကိုတုံ့ပြန်ပြီး မလေးရှားနိုင်ငံရှိ စားအုန်းဆီစျေးနှုန်းများသည် အစောပိုင်းကုန်သွယ်မှုတွင် (၃.၂)ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါသည်။
ပြည်တွင်းအခြေအနေ
ပြည်တွင်းစားအုန်းဆီရောင်းချမှုအတွက် အနည်းဆုံးလိုအပ်ချက် (သို့) လွှတ်တော်ကိုယ်စားလှယ်အချို့ တောင်းဆိုထားကြသော Domestic Market Obligation (DMO) မရှိကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနမှ အင်္ဂါနေ့တွင် ပြောကြားခဲ့ပါသည်။
အင်ဒိုနီးရှားလူမျိုးများအနေဖြင့် အင်ဒိုနီးရှားမြေတွင် ထုတ်လုပ်သော စားအုန်းဆီကြမ်းကို ဈေးနှုန်းသက်သာစွာ ခံစားခွင့်ရှိကြောင်း၊ ၎င်းသည် တရားမျှတကြောင်း လွှတ်တော် ကိုယ်စားလှယ် Andre Rosiade မှ ပြောကြားခဲ့ပါသည်။
GAPKI ဥက္ကဠ JokoSupriyono မှ ပါမစ်လိုအပ်ချက်များမှ ပို့ကုန်အနှောင့်အယှက် ဖြစ်လိမ့်မည်ဟု မမျှော်မှန်းထားကြောင်း လွှတ်တော်အစည်းအဝေးပွဲမတိုင်ခင် ပြောကြားခဲ့ပါသည်။
ပို့ကုန်ပါမစ်များ လုံခြုံစေရန်အတွက် စားအုန်းဆီကုမ္ပဏီများသည် ၎င်းတို့၏ အရောင်း စာချုပ်အထောက်အထားများအပြင် ပို့ကုန်နှင့် ပြည်တွင်းဖြန့်ဖြူးမှုအတွက် ၎င်းတို့၏ (၆)လ စီမံကိန်းများကို ပူးတွဲတင်ပြရမည်ဖြစ်ပါသည်။
လွှတ်တော်အစည်းအဝေးတွင် တင်ပြခဲ့သည့် GAPKI အချက်အလက်အရ စားအုန်းဆီကြမ်းထုတ်လုပ်မှုသည် (၂၀၂၀)ခုနှစ်တွင် တန်ချိန် (၄၇) သန်း ထွက်ရှိထားပြီး (၂၀၂၁)ခုနှစ်တွင် တန်ချိန် (၄၆.၈၉)သန်း ထွက်ရှိမည်ဟု ခန့်မှန်းထားသောကြောင့် အပြောင်းအလဲများစွာ မရှိကြောင်း လေ့လာသိရှိရပါသည်။
GAPKIသည် ယခင်နှစ်တွင် ပြည်တွင်းစားအုန်းဆီစားသုံးမှု တန်ချိန်(၈.၉၅)သန်းရှိမည် ဟု ခန့်မှန်းထားပါသည်။
တစ်ချိန်တည်းမှာပင် အစိုးရမှ အိမ်ထောင်စုစားသုံးရန်နှင့် အသေးစားလုပ်ငန်းရှင်များ အတွက် ဟင်းချက်ဆီ တစ်လီတာလျှင် (၁၄၀၀၀)ရူပီယာ (ဒေါ်လာ၀.၉၇၄၆)နှုန်း လက်ရှိ လက်လီဈေးထက် သုံးပုံတစ်ပုံခန့် နိမ့်ကျသောဈေးနှုန်းဖြင့် ဗုဒ္ဓဟူးနေ့မှ စတင်ကာ ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါသည်။
အစိုးရမှ တစ်လလျှင် ဟင်းချက်ဆီ လီတာသန်း(၂၅၀)အတွက် ထောက်ပံ့ငွေ ရူပီယာ (၇.၆)ထရီလီယံ ထောက်ပံ့ပေးခြင်းဖြင့် ယင်းကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း (၁၉.၁.၂၀၂၂)တွင် ထုတ်ပြန်ခဲ့သော Ruters ကွန်ယက်၏ သတင်းဆောင်းပါးအရ သိရှိရပါ သည်။
Source : https://www.reuters.com/article/indonesia-palmoil/update-1-indonesia-government-drafting-plan-to-limit-palm-oil-exports-gapki-idUSL1N2TZ0G4