ဗီယက်နမ်စိုက်ပျိုးရေးထုတ်ကုန်များကို တောင်ကိုရီးယားက ပိုမိုလက်ခံလာသည်နှင့်အမျှ တင်ပို့မှုများ တိုးတက်လာ

  • Wed, 24 July 2024

ဗီယက်နမ်စိုက်ပျိုးရေးထုတ်ကုန်များကို တောင်ကိုရီးယားက ပိုမိုလက်ခံလာသည်နှင့်အမျှ တင်ပို့မှုများ တိုးတက်လာ


စားသုံးသူများထံမှ ဝယ်လိုအား တိုးမြင့်လာမှုကြောင့် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ဗီယက်နမ်နိုင်ငံမှ တောင်ကိုရီးယားနိုင်ငံသို့ တစ်နှစ်ထက်တစ်နှစ် လယ်ယာထွက်ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာအားဖြင့် (၁၆၄)သန်းအထိရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၅၅%)မြင့်တက် လာခဲ့သည်။ HCMCရှိ ကိုရီးယားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Jeong Joon Kyu က “ဗီယက်နမ်လယ်ယာထွက်ကုန် အများအပြားသည် ၎င်းတို့၏ အရည်အသွေးနှင့် ယှဉ်ပြိုင်နိုင်သည့် စျေးနှုန်းများကြောင့် တောင်ကိုရီးယား စားသုံးသူ များက နှစ်သက်သဘောကျကြောင်း” အင်္ဂါနေ့တွင် ဖွင့်လှစ်ခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဗီယက်နမ် -ကိုရီးယားပူးပေါင်းမှုမိတ်ဖက်ရက်သတ္တပတ်ပွဲတွင် ပြောကြားခဲ့ပါသည်။

အသိသာဆုံးမှာ ကော်ဖီတင်ပို့မှုသည် အမေရိကန်ဒေါ်လာ (၇၅.၆)သန်းဖြင့် (၃၉%) တိုးလာပြီး ငရုတ်ကောင်း တင်ပို့မှုမှာ (၁၉.၈)သန်းဖြင့် (၁၄၇%)အထိ မြင့်တက်သွားခဲ့သည်။ ဗီယက်နမ် သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်အသင်း အထွေထွေအတွင်းရေးမှူး Dang Phuc Nguyen က တောင်ကိုရီးယားနိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ ဒုတိယအကြီးဆုံး သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့သည့်ဈေးကွက်ဖြစ်လာကြောင်း ပြောကြားခဲ့သည်။ထိုအထဲတွင် သရက်သီး၊ လောင်ဂန်သီး၊ နဂါးမောက်သီး၊ ငှက်ပျောသီး၊ နာနတ်သီးနှင့် ဒူးရင်းသီးတို့ကို ဈေးကွက်သို့ အများဆုံးတင်ပို့နေကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ အခြားတင်ပို့မှုများအနေဖြင့်အီလက်ထရွန်နစ်အစိတ်အပိုင်းများ၊ ကွန်ပျူတာများ၊ ဖုန်းများ၊ စက် ယန္တရားများနှင့် အထည်အလိပ်များကဲ့သို့သော အခြားသောပို့ကုန်များသည် (၂-၁၄)%တိုးတက်ခဲ့သည်။

ပို့ကုန်စုစုပေါင်းသည် အမေရိကန်ဒေါ်လာ (၁၂)ဘီလီယံရှိပြီး (၁၁%)နီးပါးမြင့်တက်လာခဲ့သည်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအေဂျင်စီညွှန်ကြားရေးမှူး Do Nhat Hoangက အခမ်းအနားတွင် တောင်ကိုရီးယား လုပ်ငန်းရှင်များအနေဖြင့် ဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်သင့်ပါကြောင်း ပြောကြားခဲ့သည်။ ယခုအချိန်အထိ ကုန်ထုတ်လုပ်မှုတွင် အမေရိကန်ဒေါ်လာ(၈၇.၅) ဘီလီယံနီးပါးခန့် (၇၅%)ကို ရင်းနှီးမြှုပ်နှံထားသည်။ မကြာမီကာလအတွင်းတွင် အဆိုပါ ကုန်ပစ္စည်းသည် ဒေါ်လာ(၁၀) ဘီလီယံအထိ မြင့်တက်လာမည်ဟု သူက မျှော်လင့်ထားသည်။

ဇွန်လနှောင်းပိုင်းတွင် ဝန်ကြီးချုပ် Pham Minh Chinh သည် တောင်ကိုရီးယားနိုင်ငံသို့ လာရောက်လည်ပတ်စဉ် ဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားသည့်စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။၎င်းတို့ထဲတွင် လာမည့်သုံးနှစ်အတွင်း နိုင်ငံတွင်း၌ အကြီးအကျယ် ရင်းနှီးမြုပ်နှံမည်ဟု ကြေညာထားသည့် နည်းပညာကုမ္ပဏီကြီး Samsung လည်းပါဝင်ကြောင်းကို (၁၇. ၇. ၂၀၂၄) ရက်နေ့က ဖတ်ရှုခဲ့ရသည့် e.vnexpress.net သတင်းဆောင်းပါးမှတဆင့် သိရှိခဲ့ရပါသည်။


Source https://e.vnexpress.net/news/business/economy/exports-grow-as-south-koreans-take-increasingly-to-vietnamese-agri-products-4771187.html


တင်ပြသူ     ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ         ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်

တည်းဖြတ်သူ     ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

စစ်ဆေးသူ         ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ