မြန်မာနိုင်ငံသည် ယခုကော်ဖီရာသီတွင် ကော်ဖီတန်ချိန် (၄၅၀) မှ (၅၀၀) တင်ပို့မည်ဖြစ်ကြောင်း
- Wed, 26 January 2022
ယခုကော်ဖီရာသီတွင် မြန်မာနိုင်ငံမှ ကော်ဖီတန်ချိန် (၄၅၀)သို့မဟုတ် (၅၀၀)ခန့် တင်ပို့မည်ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ် ကော်ဖီသုတေသနနှင့် နည်းပညာဖြန့်ဖြူးရေးဗဟိုဌာနမှ သိရှိရပါသည်။ လက်ရှိတွင် ကော်ဖီများမှာ အထွက်နှုန်းကောင်းနေပြီး အရည် အသွေးမြင့်ကော်ဖီများကို ဒီဇင်ဘာလနှင့် မတ်လတို့တွင် အများဆုံးရရှိပါသည်။ ယခုနှစ် အတွင်းထွက်ရှိသည့် ကော်ဖီတန်ချိန် (၄၅၀)မှ (၅၀၀)ခန့်ကို အမေရိကား၊ နယ်သာလန်၊ သြစတြေးလျ၊ ဂျပန်၊ ကိုရီးယား၊ ပြင်သစ်၊ ဂျာမနီ၊ ထိုင်းနှင့် တရုတ်နိုင်ငံများသို့ တင်ပို့မည် ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ် ကော်ဖီသုတေသနနှင့် နည်းပညာဖြန့်ဖြူးရေးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မီးမီးမြင့်၏ ပြောကြားချက်အရသိရှိရပါသည်။
လက်ရှိတွင် အရည်အသွေးမြင့်မားသောကြောင့် ကော်ဖီကို အပြိုင်အဆိုင် ၀ယ်လိုအား များနေပါကြောင်း၊ ကော်ဖီအမျိုးအစား အမျိုးမျိုးရှိပါကြောင်း၊ ကော်ဖီဈေးနှုန်းသည် မက်ထရစ် တစ်တန်လျှင် ကျပ်သိန်း (၄၀)မှ ကျပ်သိန်း (၅၀)ကြားရှိပါကြောင်း၊ နိုင်ငံတကာဈေးကွက်တွင် ကော်ဖီဈေးနှုန်းသည် ကျပ်သိန်း (၅၀)အထက်ရှိပါကြောင်း၊ ယခင်နှစ်တွင် မြန်မာနိုင်ငံသည် ပြင်ပဈေးကွက်သို့ ကော်ဖီတန်ချိန် (၄၅၀)မှ(၅၀၀)ခန့် တင်ပို့ခဲ့ပါကြောင်း၊ ယခုနှစ်တွင် ကော်ဖီတင်ပို့မှု မရှိသေးသော်လည်း ယခင်နှစ်တွင် တင်ပို့ခဲ့သည့်ပမာဏအတိုင်း တင်ပို့ရန် စီစဉ်နေပါကြောင်း၊ ကော်ဖီသည် ဈေးကွက်အားကောင်းပြီး ပို့ကုန်ဈေးကွက်ရှိသောကြောင့် စိုက်ပျိုးလျက်ရှိပါကြောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီးမီးမြင့်၏ ပြောကြားချက်အရသိရှိရပါသည်။
မြန်မာနိုင်ငံသည် ကော်ဖီကို ပြင်ပဈေးကွက်သို့ နှစ်စဉ်တင်ပို့လျက်ရှိပါကြောင်း၊ ယခုနှစ် ကော်ဖီရာသီကုန်တွင် ကော်ဖီ၏ အရည်အသွေးကို ဝယ်ယူသူများမှ လာရောက်စမ်းသပ်မည် ဖြစ်ပါကြောင်း၊ တရုတ်နှင့် ဘရာဇီးတွင် မုန်တိုင်းကြောင့် ကော်ဖီ စိုက်ခင်းများ ပျက်စီးသွားပါကြောင်း၊ မြန်မာကော်ဖီဈေးနှုန်းသည် (၃)နှစ်နီးပါးခန့် အတက်အကျရှိမည်ဟု ခန့်မှန်းထားပါကြောင်း (၁၆.၁.၂၀၂၂)တွင် ထုတ်ပြန်ခဲ့သော The Global New Light of Myanmar ကွန်ယက်၏ သတင်းစောင်းပါးအရ သိရှိရပါသည်။
Source : https://www.gnlm.com.mm/myanmar-to-export-450-500-tonnes-of-coffee-this-coffee-season/