အပူလှိုင်းသည် အိန္ဒိယ၏ အာလူးထုတ်လုပ်မှုနှင့် ဈေးနှုန်းများကို သက်ရောက်မူရှိ

  • Wed, 10 July 2024

အပူလှိုင်းသည် အိန္ဒိယ၏ အာလူးထုတ်လုပ်မှုနှင့် ဈေးနှုန်းများကို သက်ရောက်မူရှိ


အိန္ဒိယနိုင်ငံတွင် နွေရာသီအပူလှိုင်းကြောင့် နွေသီးနှံနှင့် ဟင်းသီးဟင်းရွက်များထုတ်လုပ်မူ ကျဆင်းလာကာ အာလူးအပါအဝင် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခဲ့ပါသည်။ နွေရာသီတွင် ဟင်းသီးဟင်းရွက်များ ရှားပါးလာမှုကြောင့် စားသုံးသူများကြိုက်နှစ်သက်ကြသည့် အာလူးကိုအဝယ်လိုက်ကာ ဝယ်လိုအားတိုးလာခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ ယခုနှစ် အာလူးထုတ် လုပ်မှုသည် တန်ချိန်(၅၈ ဒသမ၉၉) သန်းရှိပြီး ယခင်နှစ်က တန်ချိန် (၆၀ ဒသမ ၁၄ သန်း) အောက် ကျဆင်းခဲ့သည်။ ပြင်းထန်သောအပူရှိန်ကြောင့် အာလူးသယ်ယူပို့ဆောင်မှုလုပ်ငန်းများဆိုးရွားစွာ ထိခိုက်ခဲ့ပြီး ရိတ်သိမ်းပြီးနောက် မတ်လတွင် ဈေးနှုန်းများ မြင့်မားလာခဲ့ပါသည်။ အာလူးအထွက်အများဆုံး ထိပ်တန်းပြည်နယ်များဖြစ်သည့် Uttar Pradesh နှင့် West Bengal တို့သည် အိန္ဒိယနိုင်ငံတစ်ဝန်း အာလူးထွက်ရှိမှု၏ ထက်ဝက်နီးပါးထုတ်လုပ်လျက်ရှိပါသည်။ မုတ်သုံမိုး အဆက်မပြတ်ရွာသွန်းလျက်ရှိသော်လည်း အိန္ဒိယနိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသများတွင် အပူလှိုင်းဆက်လက်ဖြစ်ပေါ်လျက်ရှိပါသည်။ ယင်းအခြေအနေကြောင့် အာလူးစျေး နှုန်းများ မြင့်တက်လာခဲ့ပြီး ဧပြီလတွင် နိုင်ငံ၏ စားနပ်ရိက္ခာဖောင်းပွမှုနှုန်းသည် (၈ ဒသမ ၇) ရာခိုင်နှုန်းအထိ သက်ရောက်ခဲ့ပြီး ကျေးလက်ဒေသများတွင် (၈ ဒသမ ၇၅) ရာခိုင်နှုန်းအထိ အနည်းငယ် မြင့်တက်လျက်ရှိနေပါသည်။ အာလူးလက်ကားစျေးနှုန်းများသည် (၁၀၀) ကီလိုဂရမ် လျှင် ရူပီး (၁၈၀၀) မှ ရူပီး (၅၅၀၀) နှုန်းဖြင့် နိုင်ငံတစ်ဝှမ်းတွင် ဈေးနှုန်းအမျိုးမျိုးကွဲပြားလျက် ရှိပါသည်။ အိန္ဒိယအရန်ရံဘဏ်အုပ်ချုပ်ရေးမှူး Shaktikanta Das သည် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများအပါအဝင် နွေသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတွင် အလွန်ပူပြင်းသော နွေရာသီနှင့် ရေလှောင်ကန်အဆင့်နိမ့်ခြင်းကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို မီးမောင်းထိုးပြခဲ့ပါသည်။ နွေ/မုတ်သုံအာလူးများကို ဇူလိုင်လကုန်ခန့်တွင် တူးဖော်နိုင်မည်ဟု ခန့်မှန်းထားပြီး ဈေးနှုန်း ဖိအားများလျော့နည်းစေရန် မျှော်လင့်ထားကြပါသည်။ အာလူးလက်လီစျေးနှုန်းများသည်တစ်ကီလို လျှင် ပျမ်းမျှ ရူပီး (၄၀) ဝန်းကျင်ရှိပြီး အဆင့်မြင့်မျိုးကွဲများသည် စျေးနှုန်းပိုမိုမြင့်မားပါသည်။

အွန်လိုင်းပလက်ဖောင်းများနှင့် ကုန်စုံစတိုးဆိုင်များတွင် အာလူး တစ်ကီလိုလျှင် ရူပီး (၃၀)မှ (၅၅) ကြားဖြင့်ဈေးနှုန်းအမျိုးမျိုးသတ်မှတ် ရောင်းချလျက်ရှိပါသည်။အာလူးစျေးနှုန်းမြင့်တက်မှုသည် ဟင်းသီးဟင်းရွက်စျေးနှုန်းများမြင့်တက်မှုအပေါ်ထင်ဟပ်စေပြီး စားနပ်ရိက္ခာဖောင်းပွမှုနှုန်းကို သိသာထင်ရှားစေပါသည်။ အအေးခန်း သိုလှောင်ရုံများဖြင့် သိုလှောင်ထားရှိနိုင်မှုအခြေအနေများကြောင့် အာလူးဈေးနှုန်းများမြင့်တက်လာခြင်းနှင့်အတူ ပြည်တွင်းရွေးကောက်ပွဲနိုင်ငံရေး အခင်းအကျင်းကြောင့်လည်း အာလူးစျေးနှုန်းများ မြင့်တက် လာသည်ဟု မှတ်ယူနိုင်ပါသည်။ လက်ရှိ အခြေအနေသည် စိုက်ပျိုးထုတ်လုပ်မှုအပေါ် ရာသီဥတု အခြေအနေများ၏ အကျိုးသက်ရောက်မှုနှင့်ဈေးကွက်ပေါက်ဈေးအပေါ် နောက်ဆက်တွဲသက် ရောက်မှုများကို မီးမောင်းထိုးပြလျက်ရှိကြောင်း (၅.၇.၂၀၂၄) ရက် နေ့တွင် ထုတ်ဝေခဲ့သော   Fresh Plaza ကွန်ရက်ဆောင်းပါးအရ သိရှိရပါသည်။

Source     https://www.freshplaza.com/asia/article/9641429/heatwave-impacts-potato-production-and-prices-in-india/


တင်ပြသူ     ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ     ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်

စစ်ဆေးသူ     ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ     ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ