Zespri ကုမ္ပဏီသည် တရုတ်နိုင်ငံတွင် စျေးကွက်တိုးချဲ့ရန် ရည်ရွယ်

  • Wed, 26 June 2024

Zespri ကုမ္ပဏီသည် တရုတ်နိုင်ငံတွင် စျေးကွက်တိုးချဲ့ရန် ရည်ရွယ်


Zespri ကုမ္ပဏီသည် (၅)နှစ်တာ ကာလအတွင်း တရုတ်တွင် ၎င်း၏ရောင်းအားကိုနှစ်ဆတိုးမြှင့်ရန်နှင့် လက်ရှိရာသီအတွက် ဒေသတွင်းသို့ ကီဝီသီး တင်ပို့နိုင်မှုကိုအရှိန်အဟုန်ဖြင့် မြှင့်တင်ဆောင်ရွက်နိုင်ရေး ကုမ္ပဏီအမှုဆောင်တစ်ဦးမှမီးမောင်းထိုးပြခဲ့ပါသည်။ ကုမ္ပဏီသည် ယခုနှစ်ရာသီတွင် ကမ္ဘာ့ဈေးကွက်သို့ ကီဝီသီးမက်ထရစ်တန် (၇၀၀,၀၀၀)ခန့် တင်ပို့နိုင်မည်ဟု ခန့်မှန်းထားပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက(၄၅%) တိုးမြင့်လာခဲ့ပါသည်။ (၂၀၂၃) ရာသီကို မတ်လတွင် စတင်ခဲ့ပါသည်။

ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်တို့ကို လွှမ်းခြုံထားသည့်တရုတ်ဈေးကွက်အတွက် မျှော်မှန်းထားသည့် တင်ပို့မှုသည် တန်ချိန် (၁၉၃,၀၀၀)ဝန်းကျင်ရှိပြီး ယခင်နှစ်ထက် (၄၀%) တိုးလာကြောင်း ပြသနေသည်။ Zespri ကုမ္ပဏီ၏စျေးကွက်ရှာဖွေရေး၊ ဆန်းသစ်တီထွင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအရာရှိချုပ် Jiunn Shih က တရုတ်သည် ကုမ္ပဏီ၏ အဓိက စျေးကွက်ကို ကိုယ်စားပြုနေပြီး Zespri ကုမ္ပဏီ၏ကမ္ဘာလုံးဆိုင်ရာ တင်ပို့မှု၏ (၂၇%)ရှိသည်ဟု ပြောကြားခဲ့ပါသည်။ ရာသီစတင်ချိန်မှရက်သတ္တပတ် အနည်းငယ်အတွင်း သိသာထင်ရှားသော တိုးတက်မှုကို တွေ့ရှိနေရပြီးယခုရာသီတွင် တရုတ်ပြည်မကြီးသို့ တင်ပို့မှု (၄၂%) တိုးလာကြောင်း ၎င်းကမှတ်ချက်ပြုခဲ့ပါသည်။ တရုတ်ပြည်မကြီးသည် (၂၀၂၂)ခုနှစ်ကတည်းက Zespriကုမ္ပဏီ၏ အကြီးဆုံးစျေးကွက်အဖြစ် ပေါ်ပေါက်လာခဲ့ကြောင်း Shih ကပြောကြားခဲ့ပါသည်။

Shih က တင်ပို့မှုအနည်းငယ် တိုးလာခြင်းသည် သင့်တော်သော ရာသီဥတု အခြေအနေ များနှင့် Zespri ကုမ္ပဏီ၏ ထုတ်လုပ်မှုဧရိယာများချဲ့ထွင်ခြင်းများကြောင့်ဟုယူဆကြောင်း၊ ထို့အပြင် အရည်အသွေးမြင့် လတ်ဆတ်သောသစ်သီးဝလံများဆီသို့ တရုတ်စားသုံးသူများ၏ နှစ်သက်မှု အပြောင်းအလဲနှင့်ကျန်းမာရေးအပေါ် ပိုမိုအလေးထားမှုတို့က အရေးပါသော အခန်း ကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊Zespri ကုမ္ပဏီ၏ ပြည့်စုံသော စနစ်သည် ကီဝီသီး၏ အမြင့်ဆုံး အရည်အသွေးကိုအာမခံပြီး သန့်ရှင်းခြောက်သွေ့မှု၊ သကြားပမာဏပါဝင်မှုနှင့် သစ်သီး၏ သွင်ပြင်လက္ခဏာများ ကိုလည်း ဘက်ပေါင်းစုံမှ ဂရုစိုက်ဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။မကြာသေးမီက ထုတ်ပြန်ချက်တစ်ခုတွင် နယူးဇီလန်ဝန်ကြီးချုပ် Christopher Luxon က နယူးဇီလန်နိုင်ငံ၏ သာယာဝပြောရေးအတွက် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုနှင့်စီးပွားရေး ဆက်ဆံရေး၏ အရေးကြီးပုံကို အလေးပေးပြောကြားခဲ့ပါသည်။(၂၀၀၈)ခုနှစ်တွင် စတင်ခဲ့သော“နယူးဇီလန်-တရုတ်လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီမှု” နောက်ပိုင်း(၂၀၂၃)ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏသည် ဒေါ်လာ (၂၃.၂၄)ဘီလီယံအထိသိသိသာသာ တိုးတက် လာပါ သည်။ နယူးဇီလန် နှင့် တရုတ်အကြားအပြန်အလှန်ကုန်သွယ်မှုတွင် Zespri ကုမ္ပဏီ၏ ပံ့ပိုးကူညီ မှုကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်အားကောင်းလာဖွယ်ရှိသည်ဟု Shihမှ ရှုမြင် သုံးသပ်မိကြောင်း ဖော်ပြခဲ့ပါသည်။Zespri ကုမ္ပဏီသည် လက်ရှိမြို့ (၇၂) မြို့နှင့် လက်လီဆိုင်ခွဲပေါင်း(၅၇၀၀၀)ထက် ပို၍ မြို့ပေါင်း (၈၈)မြို့ကို လွှမ်းခြုံနိုင်ရန်ရည်ရွယ်ပြီး တရုတ်နိုင်ငံတွင်၎င်း၏ လုပ်ငန်းပမာဏကို တိုးချဲ့ သွားရန်စီစဉ် နေပါသည်။ ကုမ္ပဏီသည် China Nutrition Society ကဲ့သို့သော အဖွဲ့အစည်းများနှင့် ပူးပေါင်း ခြင်းဖြင့် ၎င်း၏အမှတ်တံဆိပ်တည်ရှိမှုကိုမြှင့်တင်ရန်နှင့် တရုတ်နိုင်ငံတွင် ကျန်းမာသော လူနေမှုဘဝကို မြှင့်တင်ရန်လည်းကြိုးပမ်းလျက်ရှိသည်။ ပထမ လေးလအတွင်း ရှန်ဟိုင်း ဆိပ်ကမ်းသို့ တင်သွင်းလာသောသစ်သီးဝလံနှင့် အခွံမာသီးများ၏ တန်ဖိုးသည် ယွမ် (၁၁.၀၅) ဘီလီယံရှိပြီးတရုတ်နိုင်ငံအတွင်း တင်သွင်းသော သစ်သီးဝလံဈေးကွက် ကြီးထွားလာမှုကို ညွှန်ပြနေပါကြောင်းကို (၁၇-၆-၂၀၂၄)ရက်နေ့ထုတ် freshplaza သတင်းအရ သိရှိရပါသည်။

Source https://www.freshplaza.com/asia/article/9636161/zespri-aims-for-increased-market-growth-in-china/

တင်ပြသူ     ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ     ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်

စစ်ဆေးသူ     ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ     ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ