မြန်မာ့တိုင်းရင်းဆေးများကို ဆန်းသစ်သောနည်းပညာများဖြင့်ရှာဖွေဖော်ထုတ်ရန်စတင်
- Wed, 26 June 2024
မြန်မာနိုင်ငံတွင် တိုင်းရင်းဆေးများကို ထုတ်လုပ်နေပြီး ပြည်ပနိုင်ငံများနှင့်ဒေသတွင်းနိုင်ငံ များသို့ တင်ပို့ ရောင်းချနေကြောင်း မြန်မာနိုင်ငံတိုင်းရင်းဆေးသမားတော်များအသင်းမှ သိရသည်။
မြန်မာ့တိုင်းရင်းဆေးကို ရှေးဘုရင်များလက်ထက်မှစ၍ ယနေ့ခေတ်အထိသုံးစွဲလာကြပြီး မျိုးဆက်သစ်များအနေဖြင့် တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးပြုသောရှေးတိုင်းရင်းဆေး ဆရာကြီးများ၏ ဂုဏ်ကျေးဇူးကို ဂုဏ်ပြုသောအားဖြင့်တိုင်းရင်းဆေးများကို ထိန်းသိမ်းထားသင့် ပါသည်။မြန်မာနိုင်ငံသည် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အမျိုးသားဥယျာဉ်နှင့်ရေခဲဖုံးလွှမ်းထားသော တောင်များတွင် ဆေးဖက်ဝင် အပင်များနှင့် ဆေးမြစ်များပေါကြွယ်ဝပြီး တိုင်းရင်းဆေးများ ထုတ်လုပ်တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရရှိနိုင်ပါသည်။ထို့ပြင် ပရဆေးစိုက် တောင်သူများနှင့် ထုတ်လုပ်သူများလည်း ဝင်ငွေရရှိနိုင်ပြီးနိုင်ငံခြားမှ ဆေးဝါးများတင်သွင်းခြင်းအတွက် အသုံးစရိတ်များကို လျှော့ချနိုင်သည်။
အိမ်နီးချင်းနိုင်ငံများသည် သစ်ပင်ပန်းမန်များ၊ ဇီဝဆေးပညာ၊တိုင်းရင်းဆေးပညာနှင့် ဖြန့်ဖြူးရေးလုပ်ငန်းစဉ်များအပေါ် သုတေသနနှင့်ဆန်းသစ်တီထွင်မှုများကို အာရုံစိုက်ဆောင်ရွက် လာကြသည်။ တစ်ချိန်တည်းတွင်ကုန်ကြမ်းများ ပေါကြွယ်ဝသောကြောင့် မြန်မာ့တိုင်းရင်းဆေးများ ထုတ်လုပ်ခြင်းဖြင့် မြန်မာနိုင်ငံသည် သင့်လျော်သော စီးပွားရေး အခွင့်အလမ်းများကို ပိုင်ဆိုင်ထားပါသည်။“မြန်မာတိုင်းရင်းဆေးသည် အလွန်ထိရောက်မှုရှိ၍ ရှေးဘုရင်များလက်ထက်ကတည်းက အသုံးပြုခဲ့ပါကြောင်း၊ “အစာသည် သင်၏ဆေးဖြစ်ပါစေ၊ဆေးသည် သင်၏အစာဖြစ်ပါစေ’’ဟု ဆိုရိုး ရှိခဲ့ပါကြောင်း၊ ပရဆေးအပင်များသည် ဆေးဖက်ဝင်အပင်များဖြစ်သောကြောင့် တိုင်းရင်းဆေး များသည်စွမ်းအားကြီးမားကြောင်း၊ ဥပမာ- ရန်ကုန်တွင် နေရာအနှံ့တွေ့မြင်နိုင်သော အိန္ဒိယ ဗာဒံကိုဒဏ်ရာပေါ်တွင် ခြောက်နာရီကြာအောင် အုပ်ထားခြင်းဖြင့် အရိုးအက်ကွဲခြင်းနှင့်ရောင်ရမ်းနေသော ဒဏ်ရာများကို ပျောက်ကင်းစေနိုင်ပါကြောင်း၊ အဏ္ဏဝါနှင့်ရေခဲဖုံးလွှမ်းသော ဒေသများမှ အပင်များ၊ အမြစ်များနှင့်သစ်ဥများသည်ဆေးဖက်ဝင်အပင်များဖြစ်၍ တိုင်းရင်းဆေးနှင့် နိုင်ငံခြားဆေးဝါးများထုတ်လုပ်ရာတွင်လည်း ရှားပါးပြီး အသုံးဝင်ပါကြောင်း မြန်မာနိုင်ငံတိုင်းရင်းဆေးသမားတော်များအသင်းမှ အသက် (၈၃)နှစ်အရွယ် ဦးစိုးပိုင်က ပြောသည်။ဆီးနှင်းများဖုံးလွှမ်းနေသည့် တောင်တန်းများနှင့်သစ်တောများထူထပ်စွာတည်ရှိသည့် မြန်မာနိုင်ငံ မြောက်ဘက်စွန်းတွင် တွေ့ရှိရသည့်ဆေးဖက်ဝင်အပင် (၂၄)မျိုးကို မြန်မာနိုင်ငံက သုတေသနပြုနေပါသည်။ ကင်ဆာ၊ နှလုံး၊အဆုတ်၊ ကျောက်ကပ်၊ အသည်းနှင့် ဆီးချို ရောဂါအတွက် ဆေးဝါးများတွင် အသုံးပြုသည့်ရှီးပဒီး၊ ပိန်းဥအမြစ်၊ ရူရှားနှင့် ဆီးနှင်း ကြာပွင့်များသည်ဆီးနှင်းများဖုံးလွှမ်းနေသောတောင်များပေါ်တွင် ပေါက်ရောက်ပြီး တိုင်းရင်းဆေး အတွက်ပေါကြွယ်များပြားလှသည့် ကုန်ကြမ်းများသည် မြန်မာ့တိုင်းရင်းဆေးနယ်ပယ်ကိုမြှင့်တင်ပေးနိုင်ပါကြောင်းကို (၂၀.၆.၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global New Light Of Myanmar သတင်းဆောင်းပါး အရ သိရှိရပါသည်၊၊
Source https://cdn.myanmarseo.com/file/client-cdn/gnlm/wp-content/uploads/2024/06/20_June_24_gnlm.pdf
တင်ပြသူ ဒေါ်ဥမ္မာထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်
စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန