အီဂျစ်နိုင်ငံသည် ပုဂ္ဂလိက စိုက်ပျိုးရေးပို့ကုန်ကင်းလွတ်ဇုန်အသစ်အတွက် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိ
- Wed, 5 June 2024
အီဂျစ်အစိုးရအဖွဲ့သည် Menoufia ပြည်နယ်၊ Sadat မြို့တွင် ပုဂ္ဂလိက ကင်းလွတ် ဇုန်အသစ်တစ်ခု ထူထောင်ရန် ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို အတည်ပြုပြီးဖြစ်ပါသည်။ အီဂျစ် နိုင်ငံ၏ joint-stock ကုမ္ပဏီတစ်ခုဖြစ်သည့် MAFI ကုမ္ပဏီသည် စိုက်ပျိုး ရေးဆိုင်ရာ သီးနှံများ ထုတ်လုပ်ခြင်းအတွက် အဆိုပါ ကင်းလွတ်ဇုန်အား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အဆိုပါကင်းလွတ်ဇုန်သည် Sadat မြို့ရှိ ဖွံ့ဖြိုးရေးဇုန်၏ စက်မှုဇုန်အတွင်းရှိ (၁၅၄၇၀၀) စတုရန်းမီတာ ကျယ်ဝန်းသောမြေကွက်တစ်ခုပေါ်တွင် တည်ရှိမည်ဖြစ်ပါသည်။ အဆိုပါစီမံကိန်း သည် နှစ်စဉ် ထုတ်လုပ်မှုပမာဏ၏ (၁၀၀%)အား ပြည်ပသို့ တင်ပို့ရန် ရည်မှန်းချက်ဖြင့် စိုက်ပျိုးရေး ထွက်ကုန်များနှင့် စားသောက်ကုန်မျိုးစုံအား ကုန်ချောထုတ်လုပ်ခြင်း၊ အသီးဖျော်ရည်အနှစ် ပြုလုပ်ခြင်း၊ အခြောက်ခံခြင်း၊ ထုတ်ပိုးခြင်းနှင့် အေးခဲခြင်း လုပ်ငန်းစဉ်မျာအပေါ်တွင် အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အဆိုပါစီမံကိန်း၏ ပထမအဆင့်တွင် ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ (၂၀၀)သန်းခန့် ခန့်မှန်းထားပြီး ဒုတိယအဆင့်ပြီးပါက နှစ်ဆခန့်တိုးမြှင့်ရန် မျှော်မှန်းထားပါသည်။ အထူးသဖြင့် အဆိုပါစီမံကိန်းတွင် ဒေသခံပါဝင်မှု အနည်းဆုံး (၈၀%)ပါဝင်မည်ဖြစ်ပြီး ၎င်းသည် အလုပ်သမားများ အဓိကအားဖြင့် အီဂျစ်နိုင်ငံသားများအတွက် လုပ်သားဦးရေ (၇၂၀)ဝန်းကျင်အား တိုက်ရိုက် အလုပ်ရရှိရန် ရည်ရွယ်သကဲ့သို့ သွယ်ဝိုက်နည်းအားဖြင့် သုံးဆခန့် ထပ်မံခန့်ထားရန် ရည်ရွယ်ပါသည်။
စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ် အမေရိကန်ဒေါ်လာ (၁၈၀)သန်းဖြင့် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုနှင့်အတူ အဆိုပါ ကင်းလွတ်ဇုန်အသစ်သည် ပို့ကုန်တင်ပို့မှုမှ နိုင်ငံ၏ နိုင်ငံခြား ငွေရရှိမှုအား တိုးမြှင့်ရန်ဖြစ်ပါသည်။ ပြည်ပဈေးကွက်များအား ဦးတည်ပြီး တန်ဖိုးမြှင့် စိုက်ပျိုးရေး ထွက်ကုန် ပြုပြင်ထုတ်လုပ်ခြင်းကို အဓိကထား ဆောင်ရွက်ခြင်းဖြင့် အဆိုပါ စီမံကိန်းသည် အီဂျစ်နိုင်ငံ၏ လက်ရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် အသင့်ရှိနေ ပါကြောင်း (၂၉-၅-၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.Egypt today.com ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။
Source https://www.egypttoday.com/Article/3/132633/Egypt-gets-cabinet-approval-for-new-private-agricultural-exports-free
တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၅) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန