ဗီယက်နမ်နိုင်ငံမှ စိုက်ပျိုးရေးဆိုင်ရာပို့ကုန်များကို တရုတ်နိုင်ငံသို့ ရထားလမ်းဖြင့် တိုးမြှင့်တင်ပို့ရန်ရည်ရွယ်ထား
- Wed, 5 June 2024
မြန်ဆန်ပြီး စျေးနှုန်းသက်သာ၍ ပိုမိုယုံကြည်စိတ်ချရသော သယ်ယူပို့ဆောင်ရေး ပုံစံကြောင့် ရထားလမ်းဖြင့် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်တင်ပို့မှု စီးပွားရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်လျက်ရှိကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံသို့ လယ်ယာတင်ပို့မှုအတွက် မိရိုးဖလာလမ်းကြောင်းဖြစ်သော ကုန်းလမ်း ကုန်စည်ပို့ဆောင်ရေးစနစ်မှကူးပြောင်းလာခြင်းမှာ အဓိကအားဖြင့် ဗီယက်နမ်၏ ရထားလမ်း စနစ်သည် ပိုမိုထိရောက်ပြီး တည်ငြိမ်မှုရှိသော နိုင်ငံတကာလမ်းကြောင်းများနှင့်အတူ တိုးတက် လာသောကြောင့် ဖြစ်ပါသည်။
ယင်းတို့အနက် Hai Duong ပြည်နယ် Cam Giang ခရိုင်ရှိ Cao Xa ဘူတာမှ တရုတ် နိုင်ငံသို့ ထွက်ခွာမည့် ရထားလိုင်းတစ်ခု ဖြစ်သည်။
တရုတ်နိုင်ငံသို့ ရထားလမ်းဖြင့် ကုန်စည်ပို့ဆောင်မှု အကျိုးကျေးဇူးများကို အံ့အား သင့်ခဲ့ရကြောင်း ပို့ကုန်လုပ်ငန်းရှင်များက ပြောပါသည်။
Long An ပြည်နယ် Dragon Fruit Association ဥက္ကဋ္ဌ Nguyen Quoc Trinh က ၎င်းတို့၏ အဖွဲ့ဝင်များသည် ပိုမိုသက်သာသော ကုန်ကျစရိတ်နှင့် သယ်ယူ ပို့ဆောင်ရေးတို့ကြောင့် နဂါးမောက်သီးကဲ့သို့သော သီးနှံများကို ရထားလမ်းဖြင့် ကူးသန်းရောင်းဝယ်မှု ပြုလုပ်စေရန် တရုတ်ဖောက်သည်များအား ဆွဲဆောင်နေကြောင်း plo.vn သို့ ပြောကြားခဲ့ပါသည်။
ရထားလမ်းတည်ငြိမ်မှုကြောင့် ပို့ကုန်ဈေးနှုန်းများ ပိုမိုတည်ငြိမ်လာပြီး အကောက်ခွန် ရှင်းလင်းရေးလုပ်ငန်းများ မြန်ဆန်လာခြင်းကြောင့်ဖြစ်ကြောင်း Trinh က ပြောပါသည်။
ရထားဖြင့်တင်ပို့ခြင်းသည် ကုန်းလမ်းတင်ပို့ခြင်းထက် တင်ပို့ခစရိတ် (၁၀%)မှ (၁၅%) သက်သာကြောင်း ၎င်းက ထပ်တလဲလဲ ပြောကြားခဲ့ပါသည်။
သို့သော်လည်း တရုတ်လုပ်ဖော်ကိုင်ဖက် အများအပြားသည် အဆိုပါ သယ်ယူ ပို့ဆောင်ရေးပုံစံနှင့် မရင်းနှီးသောကြောင့် အခက်အခဲဖြစ်နေလျက်ရှိပါသည်။ ထို့ကြောင့် ပြည်တွင်း ကုမ္ပဏီများမှ ၎င်းတို့ကို စည်းရုံးရန်အတွက် အချိန်ယူရဦးမည်ဖြစ်ပါသည်။
- ၇ -
ဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်း အထွေထွေအတွင်းရေးမှူး Dang Phuc Nguyen က အဆိုပါရထားလမ်းသည် နယ်စပ်ဂိတ်များ ပိတ်ဆို့မှုအကြားတွင် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများသို့ သယ်ယူပို့ဆောင်ရေး နည်းလမ်းမျိုးစုံကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။
ရထားလမ်းစနစ်အတွင်းတွင် အအေးခန်း ကွန်တိန်နာအရေအတွက် နည်းပါးသည့်အတွက် အကြိမ်ပေါင်းများစွာ တင်ဆောင်ခြင်း၊ သယ်ယူခြင်းနှင့် သယ်ယူရမည့် ကုန်စည်များ ပျက်စီးသွား နိုင်သည် ဟူသော စိုးရိမ်မှုများရှိနေကြောင်း Nguyen က အွန်လိုင်းသတင်းစာသို့ ပြောကြားခဲ့ ပါသည်။
ဥပမာအားဖြင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ တင်ဆောင်လာသော ထရပ်ကား တစ်စီးသည် လမ်းပေါ်တွင် လေအေးပေးစက် ပြဿနာရှိနေပါက ယာဉ်မောင်းသည် ချက်ချင်း ရပ်တန့်နိုင်ပြီး စနစ်ကိုပြုပြင်နိုင်သော်လည်း ရထားများတွင် ပြုပြင်ရန် အပိုပစ္စည်းများမရှိသဖြင့် ကုန်ပစ္စည်းများ ပျက်စီးသွားနိုင်ကြောင်း ငုယင်က ပြောကြားခဲ့ပါသည်။ အဆိုပါအကြောင်းအရာအား မီးရထားပို့ဆောင်ရေးနှင့် ကုန်သွယ်မှု JSC ဒါရိုက်တာ Nguyen Duy Toan က သဘောတူပါသည်။
သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်တွင် အအေးခန်းကွန်တိန်နာများ လိုအပ်ပြီး ယခု ကွန်တိန်နာ အမျိုးအစားမှာ အများအပြားမရှိသောကြောင့် လယ်ယာထွက်ကုန် တင်ပို့သူများမှာ ချီတုံချတုံ ဖြစ်နေကြောင်း ၎င်းက ပြောပါသည်။
2023 ခုနှစ်တွင် ဗီယက်နမ်မှ တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန် တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ (၁၁.၅)ဘီလီယံရှိပြီး ဒူးရင်းသီးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၂) ဘီလီယံကျော် ရရှိကြောင်း သိရှိရပါသည်။
ထို့အပြင် ငှက်သိုက်၊ လောင်ဂန်သီး၊ ကြက်မောက်သီး၊ ပိန္နဲသီး၊ ဖရဲသီး၊ ငှက်ပျောသီး၊ သရက်သီး၊ မင်းဂွတ်သီး၊ လိုင်ချီးသီး၊ ပင်မှည့်သီးနှင့် ကျောက်ကျော အပါအဝင် အခြားသော ဗီယက်နမ် လယ်ယာထွက်ကုန် (၁၃)မျိုးကိုလည်း တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း(၂၉. ၅. ၂၀၂၃) ရက်နေ့တွင် ထုတ်ဝေခဲ့သော The Star ကွန်ရက်ဆောင်းပါးအရသိရှိရပါသည်။
Source https://www.thestar.com.my/business/business-news/2024/05/29/vietnam-firms-aim-to-boost-agricultural-exports-to-china-by-rail
တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ခုနှစ်၊ ဇွန်လ ( ၅ ) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန