နိုင်ဂျီးရီးယား၏ ကိုကိုးတင်ပို့မှုသည် ( ၂၀၂၃) ခုနှစ်တွင် စုစုပေါင်း စိုက်ပျိုးရေးထွက်ကုန် တင်ပို့မှု၏ (၂၉ %)ရှိကြောင်း မှတ်တမ်းဝင်
- Wed, 29 May 2024
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး၊ အထက်လွှတ်တော်အမတ် Abubakar Kyari က နိုင်ဂျီးရီးယား၏ ကိုကိုးတင်ပို့မှုသည် (၂၀၂၃)ခုနှစ်တွင် နိုက်ဂျီးရီးယားငွေ (၁.၂၄)ထရီလီယံ တန်ဖိုးရှိပြီး စုစုပေါင်းလယ်ယာတင်ပို့မှု၏ (၂၉%)ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကိုကိုးသည် (၂၀၂၃)ခုနှစ် မှတ်တမ်းများအရ ဆီမဟုတ်သည့် ပစ္စည်းများတင်ပို့မှု၏ (၅.၆%)ကိုလည်း ကိုယ်စားပြုကြောင်း Abuja ရှိ National Cocoa Management Committee (NCMC) ၏ ခရီးစဉ်တွင် Kyari မှ ပြောကြားခဲ့ပါသည်။
(၂၀၂၄)ခုနှစ် ဇန်နဝါရီလက ကိုကိုးစေ့တစ်တန်လျှင် နိုက်ဂျီးရီးယားငွေ (၁.၈)သန်း တန်ဖိုး ရှိခဲ့ပြီး လက်ရှိနိုင်ဂျီးရီးယားဈေးကွက်တွင် တစ်တန်လျှင် နိုက်ဂျီးရီးယားငွေ (၁၁.၂)သန်း တန်ကြေး ရှိကြောင်း ၎င်းကပြောကြားခဲ့ပါသည်။
နိုင်ဂျီးရီးယားရှိ ကိုကိုးဖွံ့ဖြိုးတိုးတက်မှုသည် ပြည်တွင်း၌သာမက နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုအတွက် စီးပွားရေးအရ အလားအလာကောင်းနေကြောင်း ၎င်းက ဆိုပါသည်။
သို့သော် NCMC သည် ကိုကိုးတန်ဖိုးကွင်းဆက်တွင် အရည်အသွေး၊ ပွင့်လင်းမြင်သာမှုနှင့် ရေရှည်တည်တံ့မှုအတွက် အာမခံကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
နိုင်ဂျီးရီးယားသည် နိုက်ဂျီးရီးယားငွေ (၃၅၆.၁၆)ဘီလီယံတန်ဖိုးရှိ ကိုကိုးစေ့များနှင့် ၎င်း၏ ထုတ်ကုန်များကို (၂၀၂၃)ခုနှစ်တွင် ထုတ်လုပ်နိုင်ခဲ့ပြီး GDP အတွက် အမြင့်ဆုံး ပံ့ပိုးပေးသည့် စိုက်ပျိုးရေးကဏ္ဍ ဖြစ်လာခဲ့ကြောင်း အလေးပေး ပြောကြားခဲ့ပါသည်။
NCMC သည် လယ်ယာစိုက်ပျိုးရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် စက်မှုဝန်ကြီးဌာန၊ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုနှစ်ဖက်စလုံးမှ ဦးစီးချုပ်ကိုင်ထားသည့် အမျိုးသားကိုကိုးစီမံကိန်းကို အကောင် အထည်ဖော်ရန် ကောင်းမွန်သော အနေအထားတွင် ရှိနေပြီး ၎င်းသည် Cocoa ထုတ်လုပ်မှုကို မြှင့်တင်ရန်နှင့် နိုင်ဂျီးရီးယားအနေဖြင့် ကမ္ဘာ့ကိုကိုးထုတ်လုပ်သည့် နိုင်ငံများတွင် မှန်ကန်သည့် နေရာယူနိုင်ရန် ရည်ရွယ်ချက်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့ပါသည်။
NCMC ဥက္ကဋ္ဌမှဖော်ပြခဲ့သည့်အတိုင်း နိုင်ဂျီးရီးယားရှိ ကိုကိုးဖွံ့ဖြိုးတိုးတက်ရေးကိုပံ့ပိုးရန် အာဖရိက ဖွံ့ဖြိုးရေးရန်ပုံငွေ (AFDB) တွင် ရန်ပုံငွေများပါရှိကြောင်း၊ ထို့ကြောင့် ကိုကိုးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် အမျိုးသားကိုကိုးစီမံကိန်း (2023-2032) ကို အကောင်အထည် ဖော်ရန် အတွက် ဤရန်ပုံငွေကို NCMC မှတစ်ဆင့် ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက အာမခံ ခဲ့ပါသည်။
ထို့ကြောင့် NCMC ၏ ချမှတ်ထားသော ရည်မှန်းချက်များအားလုံး အောင်မြင်ပြီးမြောက် နိုင်စေရန်အတွက် နိုင်ဂျီးရီးယားကိုကိုး၏ ရှေ့ခရီးလမ်းကို ချောမွေ့စေရန် ကော်မတီအား တိုက်တွန်း ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။
NCMC မှ ၁၀ နှစ် အမျိုးသားကိုကိုးစီမံကိန်း (2023-2032) ကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း (၂၁.၅.၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော This Day Live website ၏ သတင်းဆောင်းပါးအရ သိရှိရပါသည်။
Source https://www.thisdaylive.com/index.php/2024/05/21/kyari-nigerias-cocoa-export-accounted-for-29-of-total-agric-export-in-2023/
တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ မေလ (၂၉) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန