ဗီယက်နမ် နဂါးမောက်သီး တန်ချိန် (၃၀၀,၀၀၀)အား ဝယ်သူမရှိခြင်း
- Thu, 20 January 2022
ဗီယက်နမ် နဂါးမောက်သီး တန်ချိန် (၃၀၀,၀၀၀)ခန့်သည် မကြာမီအချိန်တွင် ခူးဆွတ်ရန်မှည့်တော့မည် ဖြစ်သော်လည်း နယ်စပ်ကုန်သွယ်မှုကို တရုတ်နိုင်ငံမှ ထိန်းချုပ်ထားသောကြောင့် ဝယ်သူမရှိ ဖြစ်နေပါသည်။ QuangNinh နှင့် Lang Son မြောက်ပိုင်းပြည်နယ်များတွင် ကွန်တိန်နာများ များပြားနေပြီး တရုတ်နယ်စပ်တွင် ကုန်သွယ်မှု ကန့်သတ်ထားသောကြောင့် တရုတ်ဝယ်လက် အများအပြားသည် ဗီယက်နမ်နဂါးမောက်သီးကို ဝယ်ယူမှု ရပ်တန့်သွားကြပါသည်။
တရုတ်နိုင်ငံ၏ Covid-19 ကန့်သတ်ချက်များ တင်းကျပ်ထားခြင်းကြောင့် နယ်စပ်တွင် ထောင်ချီသော ကွန်တိန်နာထရပ်ကားများ ပိတ်မိနေခဲ့ပြီး လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်အတွင်း နဂါးမောက်သီးဈေး ကျဆင်းသွားခဲ့ကြောင်း၊ အချို့သော ပို့ကုန်လုပ်ငန်းရှင်များသည် ပင်လယ်ရေကြောင်းမှ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန် ကြိုးပမ်းခဲ့ကြသော်လည်း ကုန်စည်ပို့ဆောင်ခမှာ ယခင်ကထက် သုံးဆခန့် ပိုမိုများလာကြောင်း သိရှိရပါသည်။
E.vnexpress.net ၏ အဆိုအရ တရုတ်နိုင်ငံသည် ဗီယက်နမ်၏ စိုက်ပျိုးရေးထွက်ကုန်များနှင့် နဂါးမောက်သီးကို နှစ်ပေါင်းများစွာ ဝယ်ယူသည့် နိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ နဂါးမောက်သီး တင်ပို့မှုသည် အခြားဈေးကွက် (၅၀)ထက် ကျော်လွန်နေကြောင်း Long An ပြည်နယ်ရှိ Hoang Phat Fruit ၏ CEO Nguyen KhacHuy ၏ ပြောကြားချက်အရ သိရှိရပါသည်။
ဗီယက်နမ်အစိုးရသည် လူမှုစီးပွားဘဝ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဗီယက်နမ်ငွေကြေး (၃၅၀)ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၅.၄၃ ဘီလီယံ) ထောက်ပံ့ရေး အစီအစဉ်ကို အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။ ဤအချက်သည် စီးပွားရေးတစ်ခုလုံး ကပ်ရောဂါဆိုးကြီးကို ကျော်လွှားနိုင်မည်ဟု မျှော်လင့်ကာ သမိုင်းတစ်လျှောက် အကြီးမားဆုံး လှုံ့ဆော်မှု အစီအစဉ် ဖြစ်ပါသည်။
အမျိုးသားလွှတ်တော်တွင် ထောက်ပံ့ရေးအစီအစဉ်များ ဆွေးနွေးနေစဉ်မှာပင် သစ်သီးတင်ဆောင်သည့် ကွန်တိန်နာကား ထောင်ပေါင်းများစွာသည် မြောက်ပိုင်းနယ်စပ်ဂိတ်များတွင် (၂၀၂၁)ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ ယခုအချိန်အထိ ပိတ်မိနေခဲ့ပါကြောင်း (၁၀.၁.၂၀၂၂) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော sggpnews.org.vn ကွန်ယက်၏ သတင်းဆောင်းပါးအရ သိရှိရပါသည်။
Source : https://www.freshplaza.com/article/9388898/vietnam-300-000-tons-of-dragon-fruit-no-buyers/