အိန္ဒိယနိုင်ငံတွင် ဓာတ်မြေသြဇာပြတ်လပ်နေသော်လည်း အခက်အခဲမရှိသော တိရိစ္ဆာန်အစာ စိုက်ပျိုးသည့်တောင်သူများ
- Thu, 20 January 2022
အိန္ဒိယနိုင်ငံ Sindh ပြည်နယ်တစ်ဝှမ်းလုံးရှိ တောင်သူများသည် ၎င်းတို့၏ သီးနှံများ အဓိကအားဖြင့် ဂျုံ၊ မုန်ညင်းနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန်အတွက် ဓာတ်မြေသြဇာ များရရှိရန် ကြိုးပမ်းနေကြရပြီး Berseemနှင့် AlfaAlfa တို့ကဲ့သို့ သာမာန်မြက်များ စိုက်ပျိုးသူများသည် သီးနှံများကြီးထွားရန်အတွက် ဓာတ်မြေသြဇာမလိုအပ်သောကြောင့် သီးနှံထုတ်လုပ်မှုအတွက် စိတ်ချလုံလောက်မှုရှိနေပါသည်။
ထို့အပြင် အဆိုပါမြက်များသည် မြေဆီလွှာအာဟာရဓါတ်ကို ထိန်းသိမ်းရန် အထောက်အကူပြုပါသည်။ အခြားသောကောက်ရိုးနှင့် အခြားမြက်ခြောက်များ၏ ဈေးနှုန်းများသည် ချို့တဲ့သောတောင်သူများနှင့် နွားမွေးမြူသူများ လက်လှမ်းမမီသောကြောင့် အေးသောရာသီဥတုတွင် အဆိုပါမြက်ပင်ဝယ်လိုအား မြင့်မားလာပါသည်။
အသေးစားမွေးမြူရေး တောင်သူများသည် ၎င်းတို့၏တိရစ္ဆာန်များအတွက် အာဟာရပြည့်ဝသော အဆိုပါမြက်များကို ဝယ်ယူလိုကြသောကြောင့် နယ်ပယ်အသီးသီးရှိ တောင်သူများသည် အဆိုပါမြက်ကို အများအပြားစိုက်ပျိုးရန် စိတ်အားထက်သန်ကြပါသည်။ တောင်သူများ၏အဆိုအရ လက်ရှိ Berseem သီးနှံပေါက်ဈေးမှာ တစ်ဧကလျှင် ရူပီး (၈၀,၀၀၀)မှ (၁၀၀,၀၀၀) ရှိပါသည်။
ဤဆောင်းရာသီ တိရိစ္ဆာန်အစာသီးနှံကို စက်တင်ဘာလနှောင်းပိုင်း၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ဂျုံနှင့် မုန်ညင်းများနှင့်အတူ စိုက်ပျိုးလေ့ရှိပါသည်။ ၎င်းသည် လျင်မြန်စွာ ကြီးထွားသည့် သီးနှံဖြစ်ပြီး စိုက်ပျိုးပြီးရက်(၆၀)တွင် ဈေးကွက်သို့ရောက်ရှိပြီး အများစုမှာ ဒီဇင်ဘာလလယ်တွင် စတင်ရောင်းချကာ မတ်လမှ ဧပြီလအထိ ဆက်လက်ရရှိကြောင်း တောင်သူများထံမှ စုဆောင်းရရှိသည့် အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
တောင်သူများသည် Berseem သီးနှံကို (၅-၆) ကြိမ်ခန့် ရိတ်သိမ်းကြပြီး တိရစ္ဆာန်များအတွက်သာမက ဈေးကွက်သို့လည်း ရောင်းချကြပါသည်။ နာမည်ကျော် Hatri ဧရိယာရှိ gulab နှင်းဆီ အပါအဝင် ပန်းမျိုးစုံကို အဓိကထုတ်လုပ်သည့် Hyderabad ပြည်နယ်တွင် Berseem ကို gulab နှင်းဆီပန်းဥယျာဉ်များတွင် ရောနှောစိုက်ပျိုးကြပါသည်။
ပန်းစိုက်ပျိုးထုတ်လုပ်သူ MajeedMallah မှ ဤအစိမ်းရောင်မြက်၏ အရေးပါမှုကို မျှဝေရာတွင် Berseem သည် ၎င်း၏အာဟာရဓာတ်များမှ တစ်ဆင့် ပန်းပင်များကို အကျိုးပြုပြီး မြေဆီဩဇာ ထိန်းသိမ်းပေးပါကြောင်း၊ ပန်းဥယျာဉ်များသာမက သစ်သီးစိုက်ပျိုးထုတ်လုပ်သူများသည်လည်း သရက်ခြံများ၊ ဇီးပင်နှင့် အခြားဥယျာဉ်ခြံများတွင် အသီးအနှံများကောင်းမွန်စေရန် အတွက် ထိုမြက်များကို စိုက်ပျိုးကြပါကြောင်း ပြောကြားခဲ့ပါသည်။
တောင်သူများသည် ၎င်းတို့ကိုယ်ပိုင် မျိုးစေ့များကို သမရိုးကျ ထိန်းသိမ်းထားသော်လည်း ပြည်တွင်းဈေးကွက်တွင် တစ်ကီလိုလျင် ရူပီး (၂၅၀-၃၀၀) ဖြင့် အလွယ်တကူ ရရှိနိုင်ပါသည်။ အစေ့သည် အခြားတိရစ္ဆာန်စာ မြက်များနှင့်ယှဉ်လျှင် စျေးပေါကြောင်း သိရှိရပါသည်။
Berseem သီးနှံအနီးနားရှိ အခြားသီးနှံများအားလုံး အထွက်နှုန်း မြင့်မားနိုင်ကြောင်း၊ “နို့ထွက်တိရစ္ဆာန်များအတွက် အလွန်အာဟာရပြည့်ဝပြီး ၎င်းတို့ထုတ်လုပ်မှုကို မြှင့်တင်ပေးကြောင်း၊ Berseem ကို ပြည်နယ်အနှံ့ စိုက်ပျိုးကြကြောင်း၊ မွေးမြူရေးသမားအများစုသည် ခုတ်ထစ်ထားသော Berseem မြက်စိမ်းများနှင့် ကောက်ရိုးများကို ရောနှော၍ တိရစ္ဆာန်များကိုကျွေးပြီး ၎င်းတို့၏ထုတ်လုပ်မှုကို မြှင့်တင်ကြကြောင်း သိရှိရပါသည်။
တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းများကို အဆိုပါသီးနှံများစိုက်ပျိုးရာတွင် အသုံးပြုခဲ့ကြောင်း၊ ယူရီးယားနှင့် အခြားဓါတ်မြေသြဇာများကို မြက်များစိုက်ပျိုးရာတွင် အသုံးမပြုကြောင်း၊ ယေဘူယျအားဖြင့် ဤမြက်များသည် မြေဆီလွှာကို အကျိုးပြုသည့် သဘာဝလက္ခဏာများကြောင့် ဓာတ်မြေသြဇာမလိုအပ်ကြောင်း သိရှိရပါသည်။
မြို့ပြကျွဲနွားစျေးကွက်များတွင် ဤအာဟာရပြည့်ဝသောမြက်ပင် ဝယ်လိုအားမြင့်မားလျက်ရှိပါသည်။ Berseem သည် အခြားသောသီးနှံများ ရှင်သန်ကြီးထွားနိုင်ခြင်းမရှိသော ဆားငန်မြေပေါ်တွင်လည်း ပေါက်နိုင်သောကြောင့် ကမ်းရိုးတန်းတစ်လျှောက်ရှိ တောင်သူများမှလည်း နှစ်သက်ကြသည်။ ဤသီးနှံသည် ဆားငန်မြေကို ပြန်လည်ကောင်းမွန်စေပြီး မြေဆီလွှာအာဟာရဓါတ်ကို မြှင့်တင်ပေးနိုင်စွမ်းရှိပါသည်။
အစာတန်ဖိုးနှင့် စိုက်ပျိုးရာသီချိန်တူညီသောကြောင့် Lusan(Alfalfa) နှင့် Berseem သည် ဆင်တူသည်ဟု အချို့က ထင်မြင်ကြပါသည်။ သို့သော် တောင်သူများကမူ Berseem သည် လျင်မြန်စွာကြီးထွားပြီး မြေဆီလွှာအတွက် ပိုမိုအကျိုးရှိသည်ဟု ယူဆကြပါသည်။Berseemကို သစ်ရွက်စိမ်းမြေဩဇာသီးနှံအဖြစ်လည်း အသုံးပြုနိုင်ပါသည်။
Lusan(Alfalfa) မြက်ပင်ကို ကြိုက်သော မြင်း၊ မြည်း နှင့် လား အရေအတွက် နည်းလာသောအခါတွင် ၎င်းမြက်ပင်စိုက်ပျိုးမှုသည်လည်း သိသိသာသာကျဆင်းလာပါသည်။
ယခုနှစ်တွင် ယူရီးယားပြတ်လပ်မှုသည် ပြည်နယ်၏ ထိပ်တန်းတောင်သူများအကြား မရေရာမှုများစွာကို ဖြစ်စေခဲ့ပါသည်။ Sindh Abadgar Board (SAB) အဖွဲ့မှ ယနေ့ခေတ် ဓာတ်မြေသြဇာရောင်းချသည့် နည်းလမ်းများသည် အနာဂတ်တွင် စားနပ်ရိက္ခာဖူလုံရေး စိန်ခေါ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု သတိပေးထားပါသည်။
ယူရီးယားပြတ်လပ်မှု မရှိဟုဆိုသော်လည်း ဓာတ်မြေသြဇာတစ်အိတ်လျှင် သတ်မှတ်ဈေး ရူပီး(၁,၇၆၀)အစား ရူပီး (၂၈၀၀)မှ (၃,၀၀၀)ထိ ရောင်းချနေကြပါသည်။ DAP ၏စျေးနှုန်းသည် တစ်အိတ်လျင် ရူပီး (၅,၀၀၀)မှ (၈,၃၀၀)အထိ မြင့်တက်သွားပြီး စိုက်ပျိုးသူများအတွက် ရူပီး (၉,၀၀၀)နှင့်အထက် ပေါက်ဈေးရှိပါကြောင်း (၆.၁.၂၀၂၂) တွင် ထုတ်ပြန်ခဲ့သော The News International ကွန်ယက်၏ သတင်းဆောင်းပါးအရ သိရှိရပါသည်။
Source : https://www.thenews.com.pk/print/922783-fodder-farmers-secure-in-spite-of-fertiliser-shortage