တူရကီနိုင်ငံမှ ပစ္စတာချိုအခွံမာသီး(pistachio)များကို (၂၀၂၃)ခုနှစ်အတွင်း နိုင်ငံပေါင်း (၉၆)နိုင်ငံသို့ ရောင်းချပေးခဲ့

  • Wed, 24 January 2024

တူရကီနိုင်ငံမှ ပစ္စတာချိုအခွံမာသီး(pistachio)များကို (၂၀၂၃)ခုနှစ်အတွင်း နိုင်ငံပေါင်း (၉၆)နိုင်ငံသို့ ရောင်းချပေးခဲ့


(၂၀၂၃)ခုနှစ်တွင် တူရကီမှ ပစ္စတာချိုအခွံမာသီးများကို နိုင်ငံပေါင်း (၉၆)နိုင်ငံသို့ တင်ပို့ခဲ့ ပါသည်။ ပစ္စတာချိုအခွံမာသီးတင်ပို့မှုမှ ၀င်ငွေဒေါ်လာ (၁၅၁.၅၆၈)သန်းရရှိခဲ့ပြီး ဝယ်ယူမှုအများဆုံး နိုင်ငံမှာ ဂျာမနီနိုင်ငံ ဖြစ်ပါသည်။ ပစ္စတာချိုအခွံမာသီးများကို တူရကီနိုင်ငံ Sanliurfa နှင့် Gaziantep ဒေသတို့တွင် အများဆုံး စိုက်ပျိုးကြပါသည်။

South-Eastern Anatolia Exporters' Association ၏ အချက်အလက်များအရ (2022) ခုနှစ်တွင် တူရကီနိုင်ငံမှ အမေရိကန်ဒေါ်လာ (179.695)သန်းတန်ဖိုးရှိ ပစ္စတာချိုအခွံမာသီးများ တင်ပို့ ခဲ့ပါသည်။

ယမန်နှစ်က ဝင်ငွေ ဒေါ်လာ(၁၅၁.၅၆၈)သန်းရှိ ပစ္စတာချိုအခွံမာသီးများကို ဂျာမနီ၊ အီတလီ၊ အီရတ်၊ ကာဂျစ္စတန်၊ တရုတ်၊ တာဂျစ်ကစ္စတန်၊ အင်္ဂလန်၊ အယ်လ်ဘေးနီးယား၊ ကာတာ၊ အိန္ဒိယ၊ တာ့ခ်မင်နစ္စတန်၊ ဆွစ်ဇာလန်၊ စပိန်၊ ပိုလန်၊ မော်လတာ၊ ဂါနာ၊ ဂျပန်၊ ကျူးဘား နှင့် ရိုမေးနီးယား နိုင်ငံအပါအဝင် (၉၆)နိုင်ငံသို့ တင်ပို့ခဲ့ပါသည်။

တူရကီနိုင်ငံမှ ပစ္စတာချိုအခွံမာသီးအများဆုံး ဝယ်ယူသည့် ဂျာမနီနိုင်ငံသို့ ယခင်နှစ်၏ တင်ပို့မှုတန်ဘိုးမှာ အမေရိကန်ဒေါ်လာ(၃၆.၉)သန်းဖြစ်ပြီး ဂျာမနီပြီးလျှင် တင်ပို့မှုအများဆုံးဖြစ်သော အီတလီသို့ တင်ပို့မှုတန်ဘိုးမှာ အမေရိကန်ဒေါ်လာ(၂၂.၄၆၀)သန်း နှင့် အီရတ်သို့တင်ပို့မှုတန်ဘိုးမှာ အမေရိကန်ဒေါ်လာ(၁၂.၆၂၈)သန်း ဖြစ်ပါသည်။

Sanliurfa Commodity Exchange Assembly အဖွဲ့အစည်း၏ ဥက္ကဌဖြစ်သူ Isa Kizildemir က ပစ္စတာချိုအခွံမာသီးများသည် ဗျူဟာမြောက်ထုတ်ကုန်တစ်ခုဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။ အထူးသဖြင့် Sanliurfa နှင့် Gaziantep ဒေသတို့သည် အရှေ့တောင်ပိုင်းရှိ တောင်သူများ အတွက် အရေးကြီးသော စိုက်ပျိုးရေးထွက်ကုန်ဖြစ်သည့် ပစ္စတာချိုအခွံမာသီးစိုက်ပျိုးမှုလုပ်ငန်းများ ကောင်းမွန်လာမှုကြောင့် ထုတ်လုပ်သူများ၊ စက်မှုလုပ်ငန်းရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် ဝင်ငွေအရင်းမြစ်ကောင်းသောဒေသများဖြစ်ကြောင်း Kizildemir က ပြောကြားခဲ့ပါသည်။

ပစ္စတာချိုအခွံမာသီးသည် အမြတ်အစွန်းများသော စိုက်ပျိုးရေးထွက်ကုန်ဖြစ်သောကြောင့် ထုတ်လုပ်သူများသည် မကြာသေးမီနှစ်များအတွင်း ပစ္စတာချိုအခွံမာသီးလုပ်ငန်းများကို ပိုမို အာရုံစိုက် လာကြကြောင်း၊ စိုက်ပျိုးရေးသမားအများစုသည် ၎င်းတို့၏ ပစ္စတာချိုအခွံမာသီးစိုက်ခြံများတွင် ရေသွင်းရေထုတ်စနစ်များ တပ်ဆင်ထားပြီး သိပ္ပံနည်းကျလေ့လာမှုများဖြင့် စိုက်ပျိုးထုတ်လုပ်လျက် ရှိပါကြောင်း၊   အကျိုးအမြတ် အများအပြားရရှိလာမှုကြောင့် Sanliurfa ဒေသရှိ ပစ္စတာချိုအခွံမာသီးပင် အရေအတွက်သည် နှစ်စဉ် တိုးတက်လာလျက်ရှိပါကြောင်း၊  ရာသီအလိုက်အခြေအနေ ကောင်းမွန် လာသောအခါ တောင်သူများမှ ထုတ်လုပ်မှု ပမာဏတိုးတက်လာခဲ့ပါကြောင်း၊ (၂၀၂၄)ခုနှစ်သည် ပစ္စတာချိုအခွံမာသီးကြောင့် အကျိုးအမြတ် အများအပြားရသောနှစ်တစ်နှစ် ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ ပစ္စတာချိုအခွံမာသီးအထွက်နှုန်းမြင့်မားမှုသည် ပို့ကုန်ကိန်းဂဏန်းများအား ယခင်ထက်မက တိုးမြင့် လာစေမည်ဟု ယုံကြည်ပါကြောင်း (၁၉.၁.၂၀၂၃)ရက်နေ့တွင် ထုတ်ဝေခဲ့သော  Fresh Plaza ကွန်ရက်ဆောင်းပါးအရ သိရှိရပါသည်။


Source https://www.freshplaza.com/north-america/article/9592998/turkish-pistachios-were-supplied-to-96-countries-in-2023/

တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန




ဆက်စပ် သတင်းများ