မြန်မာနိုင်ငံသည် ဧပြီလမှ ဒီဇင်ဘာလအတွင်း ပြောင်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ(၂၇၉)သန်းရရှိ
- Wed, 17 January 2024
မြန်မာနိုင်ငံသည် လက်ရှိ(၂၀၂၃-၂၄)ဘဏ္ဍာရေးနှစ်အတွင်း ဧပြီလ(၁)ရက်နေ့မှ ဒီဇင်ဘာလ (၂၉)ရက်နေ့အထိ ပြည်ပကုန်သွယ်ဖက်နိုင်ငံများသို့ အမေရိကန်ဒေါ်လာ (၂၇၉)သန်းတန်ဖိုးရှိသော ပြောင်းတန်ချိန် (၉၃၄,၈၈၂)ခန့် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အရ သိရှိရပါသည်။
မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းမှ (၂၀၂၃)ခုနှစ်၊ ပြောင်းရာသီအတွင်းတွင် ပြောင်း တင်ပို့မှုသည် တန်ချိန်(၂)သန်းအထက်သို့ ရောက်ရှိမည်ဟုခန့်မှန်းကြောင်း အသင်းဥက္ကဌဦးမင်းခိုင်က ပြောကြားခဲ့ပါသည်။
ပြည်တွင်းဈေးကွက်တွင် လက်ရှိပြောင်းဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၁,၁၈၀)ကျပ်မှ (၁,၂၀၀)ကျပ်အထိရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်)အရ သိရှိရပါသည်။
မြန်မာနိုင်ငံသည် နယ်စပ်မှတဆင့် တရုတ်နှင့် ထိုင်းနိုင်ငံများသို့ ပြောင်းများ တင်ပို့ပါသည်။ ထို့ပြင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတဆင့် တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံ များသို့လည်း ပြောင်းများကို တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းမှ သိရှိရပါသည်။
ထိုင်းနိုင်ငံသည် ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ဩဂုတ်လ (၃၁)ရက်နေ့အထိ အကောက်ခွန်မဲ့ (Form-D)ဖြင့် ပြောင်းများကို တင်သွင်းခွင့်ပြုခဲ့ပါသည်။ သို့ရာတွင် ထိုင်းနိုင်ငံသည် ၎င်းတို့၏ ပြောင်းရာသီချိန်အတွင်း ပြောင်းများကို တင်သွင်းပါက ၎င်းတို့၏ ပြောင်းစိုက်တောင်သူများ၏ အခွင့်အရေးကို ကာကွယ်ရန် ပြောင်းတင်သွင်းမှုအပေါ် အမြင့်ဆုံးအခွန်နှုန်းထား၏ (၇၃%)ခန့်ကို ချမှတ်ထားပါသည်။
တရုတ်နိုင်ငံသည် ဘိန်းအစားထိုးအစီအစဉ်ဖြင့် မြန်မာ့ပြောင်းများကို နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုမှတဆင့် ဝယ်ယူလျက်ရှိပါသည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြားရှိ တရားဝင် ပြောင်းကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် စတင်ခဲ့ပါသည်။ မြန်မာနိုင်ငံမှ ကုမ္ပဏီ စုစုပေါင်း (၁၁၂)ခုအား ပြောင်းတင်ပို့မှုအတွက် ခွင့်ပြုခဲ့ပါသည်။
၂၀၂၂ ခုနှစ်၊ ပြောင်းရာသီအတွင်း မြန်မာနိုင်ငံသည် ပြည်ပကုန်သွယ်ဖက်နိုင်ငံများသို့ ပြောင်း
တန်ချိန် (၂)သန်းအထက် တင်ပို့ခဲ့ပါသည်။ ၎င်းတို့ထဲမှ အများစုအား ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပြီး တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံများသို့လည်း တင်ပို့ခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ပြောင်းကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုး ခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင် ပြောင်းကို ဆောင်းရာသီ၊ နွေရာသီနှင့် မိုးရာသီဟူ၍ ရာသီ(၃)မျိုး လုံးတွင် စိုက်ပျိုးကြပါသည်။ မြန်မာနိုင်ငံသည် နှစ်စဉ် ပြောင်းတန်ချိန် (၂.၅)သန်းမှ (၃)သန်းအထိ ထုတ်လုပ်လျက်ရှိကြောင်း (၁၁. ၁. ၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.gnlm.com. mm ၏ သတင်းအချက်အလက်များအရသိရှိရပါသည်။