တစ်လအတွင်း သာမန်ဆန်တစ်အိတ်လျှင် (၁၁,၀၀၀)ကျပ် ဈေးတက်ခဲ့
- Fri, 12 January 2024
ပြည်တွင်းဆန်ဈေးကွက်တွင် အဆင့်မြင့်ဆန် မဟုတ်သော ဆန်များ ဈေးနှုန်းမြင့်တက် လာပြီး တစ်လအတွင်း တစ်အိတ်လျှင် ငွေကျပ် (၁၁,၀၀၀)အထိ သိသိသာသာ မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်ကုန်သည်များအသင်း (ဝါးတန်း ဆန်ဒိုင်) မှ သိရှိရပါသည်။
၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် (ငစိန်၊ ဧည့်မထနှင့် အခြားစပါးမျိုးများပေါ် မူတည်၍) တစ်အိတ်လျှင် ငွေကျပ် (၆၈,၀၀၀-၇၇,၀၀၀)အထိ ဈေးတက်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်တွင် တစ်အိတ်လျှင် ကျပ်(၆၀,၅၀၀-၆၉,၀၀၀)အထိ ရောက်ရှိခဲ့ပါသည်။ တစ် အိတ်လျှင် ကျပ်(၂,၀၀၀-၁၁,၀၀၀)အထိ မြင့်တက်လာသည်ဟု ကိန်းဂဏန်းများက ဖော်ပြထား ပါသည်။
ထို့အပြင် အရည်အသွေးမြင့် ပေါ်ဆန်း ဆန်သစ်များကို ရန်ကုန်လက်ကားဈေးတွင် ဒီဇင်ဘာလ (၄)ရက်နေ့က ကျပ် (၈၀,၀၀၀)ဖြင့် ရောင်းချခဲ့ပါသည်။ ဇန်နဝါရီလ (၄)ရက်နေ့တွင် တစ်အိတ်လျှင် ငွေကျပ် (၉၅,၀၀၀)အထိ ဈေးနှုန်း သိသိသာသာ မြင့်တက်လာပြီး ကျပ် (၁၅၀၀၀) တိုးမြင့်လာပါသည်။ ဖျာပုံ၊ မြောင်းမြ၊ ပုသိမ်နှင့် ရွှေဘိုမှ အရည်အသွေးမြင့် ပေါ်ဆန်း(ဟောင်း) လက်ကားဈေးသည် တစ်အိတ်လျှင် ကျပ်(၁၀၀,၀၀၀-၁၂၅,၀၀၀)ရှိနေပြီး ပေါ်ကျွဲမှာ (၈၀,၀၀၀)ကျပ် နှင့် ရက်(၉၀)ဆန်မှာ (၇၂,၀၀၀)ကျပ်ရှိကြောင်း ဝါးတန်းဆန်ဒိုင်မှ သိရှိရပါသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)သည် တောင်သူများ၊ ဆန်စက်များနှင့် ဖြန့်ဖြူးသူ များအတွက် မျှတသောအမြတ်အစွန်းများ၊ စားသုံးသူများအတွက် သင့်တော်သော စျေးနှုန်းများ၊ ယခင်နှစ်၏ ဈေးကွက်ပေါက်ဈေး၊ ကမ္ဘာ့ဈေးကွက်ပေါက်ဈေးနှင့် အခြားကုန်စည်စျေးနှုန်းများ စသည့် အချက်များအား ထည့်သွင်းစဉ်းစား၍ သင့်လျော်သော ဈေးကွက်ပေါက်ဈေးကို သတ်မှတ်ပေးပါသည်။ ထို့ကြောင့် MRF သည် ဆက်စပ်အသင်းများ၊ ကုန်စည်ဒိုင်များ၊ ပို့ကုန်လုပ်ငန်းရှင်များ နှင့် ဆန် ကုမ္ပဏီများအား သင့်လျော်သော ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချရန် တွန်းအားပေးခဲ့ပါသည်။
မည်သို့ပင်ဆိုစေကာမူ လက်လီနှင့်လက်ကားဈေးကွက်ကြားတွင် စျေးနှုန်းကွာခြားချက်မှာ (၅-၁၀)% ဖြစ်ပြီး Mini mart ရှိ စားသုံးသူများအတွက် ထုပ်ပိုးမှုနှင့် ခေတ်မီကုန်သွယ်မှုအတွက် (၁၀-၂၀)% ရှိကြောင်း MRF မှ သိရှိရပါသည်။ သင့်တော်သော ဈေးကွက်ပေါက်ဈေးများသည် ယခု နှစ်တွင်ထွက်ရှိသော မိုးစပါးသစ်အပေါ်တွင်သာ သက်ရောက်မှုရှိကြောင်း MRF က ပြောပါသည်။
(၂၀၂၃)ခုနှစ် မိုးစပါးရည်ညွှန်းဈေးနှုန်းကို စက်တင်ဘာလ (၂၁)ရက်နေ့တွင် အဖွဲ့ချုပ်က
အသိပေးခဲ့ပြီး ဆက်စပ်ကုမ္ပဏီများ၊ ဆန်စက်များနှင့် ကုန်သည်များအား မိုးစပါးရိတ်သိမ်းရာသီတွင် သင့်လျော်သော ကာလပေါက်ဈေးဖြင့် ဝယ်ယူကြရန် နှိုးဆော်ထားပါကြောင်း (၅.၁.၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိ ရပါသည်။
Source https://www.gnlm.com.mm/ordinary-rice-prices-soar-by-k11000-per-sack-in-one-month-surge/
တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန