ပြည်တွင်းရော်ဘာဈေးကွက်၌ ဈေးနှုန်းလျော့ကျလျက်ရှိ
- Fri, 12 January 2024
ပြည်တွင်းရော်ဘာဈေးကွက်၌ ဈေးနှုန်းလျော့ကျလျက်ရှိ
မွန်ပြည်နယ် ရော်ဘာဈေးကွက်တွင် ရော်ဘာဈေးသည် တစ်ပေါင်လျှင် ကျပ်(၁,၆၀၀) ဝန်းကျင်သို့ ကျဆင်းခဲ့ပါသည်။ အောက်တိုဘာလ (၁၈) ရက်နေ့တွင် မှိုင်းခံအဆင့်-၃ တစ်ပေါင်လျှင် (၁,၇၉၀)ကျပ်နှင့် နေလှန်းရော်ဘာ (၁,၇၇၀)ကျပ်အထိ အမြင့်ဆုံးစျေးနှုန်း ရောက်ရှိခဲ့ပါသည်။ လက်ရှိ နေလှန်းရော်ဘာ တစ်ပေါင်လျှင် (၁,၆၁၀)ကျပ် နှင့် မှိုင်းခံအဆင့်-၃ တစ်ပေါင်လျှင် (၁,၆၃၀)ကျပ်သို့ ကျဆင်းသွားခဲ့ပါသည်။
ကမ္ဘာ့ရော်ဘာဝယ်လိုအား၊ အရှေ့တောင်အာရှနိုင်ငံများရှိ ရော်ဘာထုတ်လုပ်မှု နှင့် ဈေးကွက် ရောင်းလိုအားတို့သည် မြန်မာ့ရော်ဘာဈေးနှုန်းကို သက်ရောက်မှုဖြစ်စေပါသည်။ မြန်မာနိုင်ငံ၏ ရာဘာ အများဆုံးထွက်ရှိရာ မွန်ပြည်နယ်တွင် ရော်ဘာပေါက်ဈေးသည် အဆိုပါအချက်များအပေါ် များစွာ မူတည်လျက်ရှိကြောင်း ကုန်သည်များက ပြောပါသည်။
မြန်မာ့ရော်ဘာထုတ်လုပ်မှုမှာ တစ်နှစ်လျှင် တန်ချိန်(၃၀၀,၀၀၀)ခန့် ရှိပါသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသော ရော်ဘာ (၇၀%)ကို တရုတ်နိုင်ငံသို့ တင်ပို့ပြီး စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ကိုရီးယားသမ္မတနိုင်ငံ၊ အိန္ဒိယ၊ ဂျပန်နှင့် အခြားနိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက် ရှိပါသည်။
မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းအနေဖြင့် လက်ရှိ(၂၀၂၃-၂၄) ဘဏ္ဍာနှစ်၊ ဧပြီလ (၁)ရက်နေ့မှစ၍ တန်ချိန် (၃၀၀,၀၀၀) တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း သိရှိရပါသည်။ ဧပြီလ (၁)ရက်နေ့မှစတင်၍ လက်ရှိဘဏ္ဍာရေးနှစ်၂၀၂၃-၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့အထိ အမေရိကန်ဒေါ်လာ (၁၂၃.၆၉၁)သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန်ပေါင်း (၉၉,၆၆၀)တန် တင်ပို့နိုင်ခဲ့ ပါသည်။
ပြီးခဲ့သည့်(၂၀၂၂-၂၃)ဘဏ္ဍာနှစ်တွင် ရော်ဘာထုတ်လုပ်မှုသည် တန်ချိန်ပေါင်း (၃၆၀,၀၀၀) ကျော်ရှိခဲ့ပြီး ရော်ဘာတန်ချိန် (၂၀၀,၀၀၀)ကျော်ကို ပြည်ပကုန်သွယ်မှု မိတ်ဖက်များသို့ တင်ပို့နိုင်ခဲ့ ပါသည်။ ရော်ဘာကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အများအားဖြင့် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ (၂၀၁၈-၁၉) ခုနှစ်၊ ရော်ဘာရာသီစာရင်းအရ မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ဧက (၁.၆၂၈)သန်းကျော်ရှိပြီး မွန် ပြည်နယ်တွင် (၄၉၇,၁၅၃)ဧက၊ တနင်္သာရီတိုင်းဒေသကြီးတွင် (၃၄၈,၃၄၄)ဧကနှင့် ကရင်ပြည်နယ်တွင် (၂၇၀,၇၆၀)ဧက ရှိကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံသည် (၂၀၂၀-၂၁) ဘဏ္ဍာနှစ်တွင် ရော်ဘာတင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ
(၄၄၉)သန်းကျော် ရရှိခဲ့ပါကြောင်း (၅.၁.၂၀၂၃)ရက်နေ့တွင် ထုတ်ဝေခဲ့သော The Global New Light of Myanmar ကွန်ရက်ဆောင်းပါးအရသိရှိရပါသည်။
Source https://www.gnlm.com.mm/rubber-prices-stay-low-in-domestic-market/
တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုရေးဦးစီးဌာန